ခွန်အာကာ(ကျောက်တလုံး)
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စုမှ သမိုင်းဝင်မွေတော်ကက္ကူဘုရား ပရဝဏ်အတွင်းရှိ သက်တမ်းရင့် ညောင်ပင်အိုသည် အမြစ်များ ဆွေးမြေ့နေသဖြင့် မိုးရေကြောင့် အပင်၏ အလေးချိန်အား ခံနိုင်ဝန် မရှိတော့၍ ဩဂုတ်လ ၅ ရက်၊ နံနက် ၃ နာရီခန့်တွင် အမြစ်မှ လန်၍ လဲကျခဲ့ကြောင်း သိရသည်။
.
အဆိုပါ ညောင်ပင်အို အမြစ်မှ လန်၍ လဲကျရာ နေရာသို့ ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သွားရောက်၍ လဲကျ သစ်ကိုင်းများအား ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ယင်း ညောင်ပင်သည် မွေတော်ကက္ကူဘုရား၏ အနောက်တောင်ဘက် ဘုရားဖူးဧည့်သည်များ နားနေရာ ဖြစ်ပြီး၊ သက်တမ်းအားဖြင့် နှစ် ၁၀၀ ကျော်ခန့် ရှိပြီ ဖြစ်ကာ လုံးပတ် ၁၈ ပေ၊ အရှည် ၁၅၀ ပေကျော်ခန့် ရှိကြောင်းနှင့် ညောင်ပင် လဲကျမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှု မရှိကြောင်း သိရသည်။
