နေနေ
.
ခေတ် အမျိုးမျိုးတို့အား ထိုတစ္ဆေသည် ဖြတ်သန်းဖူးသူ ဖြစ် ၏။ သူ၏
မျက်စိအောက်ဝယ် မျက်စိ နောက်စရာ ခေတ်အမျိုး မျိုးတို့ကို သူတပ်အပ်၊ မတ်ရပ် တွေးဖူးလေသည်။
သို့သော်ယခု ကို တစ္ဆေမြင်တွေ့ကြုံနေရသော ခေတ်ကိုကား မည်ကဲ့သို့ အမည်သညာ မှည့် အဓိပ္ပာယ်
ဖော်ဆောင်ရမည် မသိချေ။ ခက် နေပေသည်။ ဒိဋ္ဌိမြင်ကွင်းတွင်းဝယ် ရုပ်ပြအနှေးပြကွက်များ
ပွားပွား ထွက်ပေါ်လာသော ပုံရိပ်တို့က သူ့အား မကြုံဖူးသော ကိစ္စများ တိုးလာသည်ကို တွေ့မြင်နေပင်သည်တည်း။
ဤသို့၊ ဤဖုံ ဖြစ်ရခြင်းအကြောင်းကို စေ့ငုံချေအံ့။
.
ကိုတစ္ဆေသည် လူ့ပြည်၊ လူ့ရွာတွင် ဖြစ်ပျက်နေသော ပတ် ဝန်းကျင်ကြီးကို
လေ့လာမိသောအခါ အတော်ထူးဆန်းသော ဖြစ်ရပ်ခြင်းရာ များစွာကို တွေ့ရလေသည်။ အကယ်ပင် ထူး
ဆန်းပေစွ။ မကြုံဖူး၊ မတွေ့ဖူးသော ဖြစ်ရပ်များပေတည်း။ ကို တစ္ဆေသည် ခေတ်အလီလီ၊ ခေတ်အဆက်ဆက်တို့အား
ဖြတ် သန်းလာခဲ့ ဖူးသူပီပီ အတော်အတန်တော့ ရင့်ကျက်နေပေပြီ။ သို့သော် သူအခုရင့်ကျက်လာပုံက
သူများနှင့်မတူ အံ့သြရိပ်များ ယှက်သန်းခြင်းနဲ့ ရင့်ကျက်နေ၏။ ဤမြင်ကွင်းမျိုးကို ကြည့်ရင်း
တစ္ဆေတရားသံဝေဂ ရနေလေသည်။ ကြည့်ဦးငဲ့။ ဟိုး ဟိုးခေတ် တုန်းကနဲ့မတူ ပြောင်းပြန်မြင်ကွင်းများက
ပထမဆုံးသူ့အား ဖမ်းစားထားလေသည်။ ကိုတစ္ဆေသည် အရက်ပုန်းရောင်းသော ဆိုင်တွင် ခွက်ပုန်းခုတ်နေသော
ခေတ်ကိုကြုံဖူး၊ ဆုံဖူးသော် လည်း လက်ဘက်ရည်ခွက်ပုန်းခုတ်သော ခေတ်ကိုသူမကြုံဖူး၊ မဆုံဖူးချေ။
.
ထိုသို့ နဖူးတွေ့၊ ဒူးတွေ့ဆုံလိုက်ရသောအခါ တစ္ဆေ၏ မရှိ သောရင်ဘတ်က
ပက်လက်လန်သွားချေ၏။ သူပြန်လည် ဆန်း စစ်သောအခါ
သူသည် ခေတ်ဟောင်းတစ္ဆေ လက်ကျန်များလား၊ ယခုကဲ့သို့ ခေတ်သည် ခေတ်လွန်သို့ရောက်ရှိနေပြီလား။
ဆက် ၍လေ့လာကြည့် အထိုထို ဆိုင်တကာတို့၏ ရှေ့ချိတ်ဆွဲထား သော စာတန်းများတို့က တလူလူလွင့်လျက်ရှိ၏။
မည်သို့ပင်ဆို စေ သူတို့ဟာနှင့် သူတို့ကတော့ စည်းဝါးညီကြလေသည်။ ပါ ဆယ်လာဆွဲရင်း ခွက်ပုန်းခုတ်လို့ရသည်။
မိမိမျက်နှာတွင် တပ် ဆင်ထားသော တစ်ထွာသာသာ အဝတ်စကို ဆွဲဖယ်ချရင်း မိတ်ဟောင်းဆွေဟောင်းတို့နှင့်
စကားနှိုက်ချွတ်နိုင်သည်။
.
ဟော ဈေးဆိုသော လဟာပြင်ကို စပ်စုလေအံ့။ တစ်ခါ တုန်းက စည်စည်ကားကား
အနှီဈေးပင်လယ်တို့သည် ခြောက် သွေ့ငြိမ်ဆိတ်နေရ၏။ မကြာခင်မှာတော့ တစ်ကွက်ကျော်၊ တစ်ကွက်ကြားများ
ပြန်ဖြစ်လာ၏။ ထိုအခါ ထုံးစံအတိုင်း တစ် ထွာထွာသာသာ အဝတ်စကို တပ်ရင်း ရောင်းမှုဝယ်မှုတို့အား
လုပ်ကြရပြန်လေသည်။ တော်တော်ဆိုးသော ကံကြမ္မာခေတ် ကြီးပင်တည်း။ ကြောက်တတ်သူများက သူ့လည်းကိုယ်မယုံ၊
ကိုယ်လည်း သူ့မယုံနှင့် ဧည့်သည်များရောက်လာ
ရောက်ရှိလာ မည်ကိုပင် စိုးရွံ့ကြောက်နေရသော ခေတ်ပင်တည်း။ မည်သို့ ပင်ဆိုစေကာမူ
အချိန်သည် လူသားတို့၏ ဒဏ်ရာဒဏ်ချက် ဗလပွတို့အား ကုစားပေး၏။ အနှီအချိန်ကို အလွဲသုံးစားလုပ်၍
လူသတ္တဝါ အပေါင်းတို့လည်း အတင့်ရဲလာချေသည်တမုံ။ အရဲ ကိုးလာကြ၏။ ပြန်၍ ခပ်တိတ်တိတ်မှ
ခပ်စိပ်စိပ် ချဉ်းကပ်လာ ကြည့်ပြန်သည်။ သူတို့အားလည်း အပြစ်တင်ရန် မဖြစ်နိုင်ပေ။ အစာအိမ်သည်
ပြင်ကမ္ဘာလောကတွင် နေပူနေသည်။ မိုးပြင်း ထန်စွာ ကျရောက်နေသည်လား မသိ။ အချိန်တန်လျှင်
ဆာ လောင်မွတ်သိပ်မှု အာရုံပေးစွမ်းနိုင်လေကြောင့် ဖြစ်သည်။
.
ကိုတစ္ဆေသည် သူ၏စပ်စုခြင်း အလုပ်ကို ဤနေရာရပ်တန့်
မနေဘဲ ကလေးငယ်တို့၏ ကျောင်းကိစ္စကို စပ်စုခြင်း ပြုလေ၏။ သင်ပုန်းကြီး ဖတ်စာကို စာအံခဲ့သော
ကလေးသူငယ်တို့ကို တစ္ဆေ မြင်ဖူး တွေ့ဖူးပေါင်း များ၏။ ယခု စာအံနေသော ကလေးသူ ငယ်တို့သည်
ထူးဆန်းပေစွ။ ကိုတစ္ဆေကြည့်ခဲ့ဖူးသော ဓါတ်ရှင် နှင့် ဆင်ဆင်သော ခေတ်သစ်ဓာတ်ရှင် ကြည့်၍
စာအံခြင်း အ လုပ်ကို လေ့လာဆည်းပူးနေကြ၏။ ဤကပ်ဘေး ဆိုက်ရောက် ခြင်းသည် အရာရာကို ပြောင်းလဲသွားချေပြီ။
အနှီကပ်ဘေးကြီး ကား ကြီးစွာသောမာယာသာဌေယျ များလှသည်။ လူ့ပြည်၊ လူ့ ရွာကို အားလုံးစုံ
အလဲလဲအပြိုပြို ဖြစ်စိမ့်သောငှာ စိတ်ရှိလက် ရှိ ထုထောင်းနေလေ၏။ သို့သောကမ္ဘာရွာကြီးထဲမှ
တစ်ရွာဖြစ် သော ရွာကြီးကတော့ ရက်ရောစွာပေးကမ်း၊ လှူဒါန်းခြင်းဖြင့် ယင်းကပ်ဘေးဒဏ်ကြီးဒဏ်ကို
အံတုရင်ဆိုင်ဖြေရှင်းနေချေ သည်။ ဤသည်လည်း ကောင်းစွာလှသော လက္ခဏာတစ်ရပ် ပင်တည်း။ ။