စိုင်းသိင်္ခသူ
.
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု
ပင်လုံကို လာမည့် ဩဂုတ်လ ၁၉ ရက်တွင် စတင်၍ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ဩဂုတ်လ ၁ ရက်က ပြုလုပ်သည့် အစိုးရနှင့် NCA သဘောတူ လက်မှတ်ရေးထိုးထားသည့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ညှိနှိုင်းရေးအဖွဲ့တို့၏ အစည်းအဝေး
အပြီး ညနေပိုင်းတွင် အစိုးရကိုယ်စားလှယ် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးက မီဒီယာများအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
.
![]() |
Photo - NCA-S EAO |
“ တစ်ဖက်မှာလည်း နိုင်ငံရေးပါတီတွေ အနေနဲ့
ရွေးကောက်ပွဲ ကာလရှိတဲ့အတွက် ဒီထက်တော့ ကျွန်တော်တို့ နောက်ဆုတ်လို့ မရဘူးပေါ့နော်။
နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းရုံး လှုပ်ရှားမှုတွေ ဆောင်ရွက်ရတဲ့
အနေအထား ဖြစ်တော့ ၁၉၊ ၂၀၊ ၂၁ မှာ ကျင်းပဖို့ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
.
အဆိုပါ အစည်းအဝေးတွင် NCA-S EAO ညှိနှိုင်းရေးအဖွဲ့
ခေါင်းဆောင် RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြည်ထောင်စု
အကျိုး၊ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအကျိုးနှင့် အားလုံးအကျိုးအတွက် နှစ်ဖက်
လက်ခံ ကျေနပ်၍ မျှမျှတတဖြစ်သည့် ထိုက်သင့်သော အပေးအယူ၊ အလျှော့အတင်းများကို လိုအပ်သလို
ဆောင်ရွက်ပေးရေး ဝန်မလေးကြရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း
သိရသည်။
.
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ကျင်းပနိုင်ရေးအတွက် (၈) ကြိမ်မြောက် JICM အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်
ပထမ ၄ လတာ ကာလ အတွင်း ကျင်းပရန် ဆုံးဖြတ်ထားသော်လည်း COVID-19 ကာလဖြစ်သည့်အတွက် နောက်သို့
ရွှေ့ဆိုင်းခဲ့ပြီး သြဂုတ်လ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် ကျင်းပရန် လျာထားခဲ့ပြီးနောက် ဇူလိုင်လ
နောက်ဆုံးပတ်က ရန်ကုန်၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် သြဂုတ်လ ၁၉၊ ၂၀ ၊၂၁ ရက်တို့တွင်
ကျင်းပ ပြုလုပ်ရန် သတ်မှတ် လျာထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။