သာသနာကို ဖျက်ဆီးနေကြသူများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, August 17, 2020

သာသနာကို ဖျက်ဆီးနေကြသူများ


ကျော်လင်းထွန်း (ချောင်းဦး)
.
ဤအကြောင်းကို ရေးချင်နေသော်ငြား ရေးလည်းရေးချင်၊ ရေးသင့် မရေးသင့်လည်း စဉ်းစားနေ၍ပင် အချိန်ကာလ ကြာခဲ့ သည်။ စတုတ္ထမဏ္ဍိုင်အနေနှင့် ထောက်ပြချင်သော်ငြား သာသ နာရေးဆို ကိုယ့်အရေးအလုပ်မှ ဟုတ်ပါလေစဆိုပြီး လက်ရွံ့ နေခဲ့သည်။ ကိုယ့်ပေါင်ကို လှန်ထောင်းသလို ဖြစ်နေမှဖြင့်ဆိုပြီး လက်ကတွန့်နေသော်ငြား ကိုယ့်ပေါင်ကို သူများထောင်းတာက အနေရ ခက်နေလိမ့်မည်။ ကိုယ့်ပေါင်ကိုယ် ထောင်းတာကမှ သူများထောင်းတာထက် လိုတိုးပိုလျော့ သက်သာလိမ့်မည်ဟု တွေးပြီးဒီတစ်ပတ်တော့ ဤဆောင်းပါး ရေးဖြစ်ခဲ့ပါသည်။
.
ကိုယ်ကဖြင့် ဆံပင်ရှည်၊ အဝတ်ကြောင်ကြားနှင့် ငါးပါးသီ လတောင် အနိုင်နိုင်လုံအောင် ထိန်းနေရသူက သာသနာ့နွယ် ဝင် ခေါင်းရိတ်ဆံပယ်၊ သင်္ကန်းဝတ်၊ ဝိနည်းပေါင်းများစွာ ထိန်း နေသူကို သွားပြီးဝေဖန်ရတာ အလွန်စဉ်းစားရကျပ်ပါသည်။ မိ မိကိုယ်ကို အန္ဓပုထုဇဉ်မှခွာ၍ သပ္ပုရိနွယ်ဝင် သူတော်စင်အနေ ဖြင့် သတ်မှတ်လိုက်ကာမှ သြော် ကိုယ့်သာသနာအတွက်ကိုယ် ဆောင်ရွက်တာပဲဟု ဆုံးဖြတ်ရေးသားရပါသည်။
.
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များမှ ထေရဝါရ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်စေလိုပါ၏။
.
ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရတို့လို သမိုင်းဝင် နယ်ချဲ့တော်လှန်ရေး မျိုးချစ်ဆရာတော်ကြီးများကဲ့သို့ မိမိနာ မည်ရရေး၊ ဘွဲ့တံဆိပ်ရရေးတို့ကို ရှေ့တန်းမတင်။ တိုင်းပြည် အတွက် တစ်ခုတည်းကိုသာ ပဓာနထားသော နယ်ချဲ့လက် အောက်မှ တိုင်းပြည်လွတ်မြောက်ရေးအတွက် တကယ့်ပရဟိ တဆရာတော်များကို အတုယူအားကျသော ပရဟိတ ဆရာ တော်များ ပေါ်ထွန်းစေလိုပါသည်။
.
မိမိအိမ်က ဘုရားကိုဖြင့် မနက်တိုင်း သောက်တော်ရေကပ်၊ ဆီမီးပူဇော် မပြုလုပ်ကြဘဲ လပြည့်လကွယ် အခါကြီး ရက်ကြီး တွင် လူစည်ကားရာ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးတွင် အ ဝတ်အစား လှပစွာ ဝတ်စားကာ ဓာတ်ပုံရိုက် Facebook တင် သူများ နည်းပါးစေချင်ပါသည်။ သားသမီးများကို မနက်တိုင်း ဘုရားရှိခိုး ဝတ်ပြုသော အလေ့အထ၊ ဆွမ်းတော်ကပ်၊ သောက် တော်ရေကပ်များကို မူလတန်းအရွယ်ကပင် လေ့ကျင့်ပေး သော မိဘများစွာ လိုအပ်နေပါသည်။
.


.
တိပိဋက ဆရာတော်ဘုရားကြီးဖြစ်သော မင်းကွန်းဆရာ တော် ဦးဝိစိတ္တသာရာဘိဝံသ သီတဂူချောင်ကို ရေရရန်နှင့် နေ့ စဉ်လှူဒါန်းရန် စွမ်းဆောင်တော် မူခဲ့သော သီတဂူဆရာတော် ဦးဉာဏိသရ၊ ကမ္ဘာ့အံ့ချီးဖွယ်ရာ ရပ်တော်မူ ရုပ်ပွားတော်ကြီး အပါအဝင် သာသနိက အဆောက်အဦ များစွာနှင့် အညာမြေ ရေရှားရာ ဒေသကိုပင် သာသနာ့နယ်မြေဖြစ်အောင် ဖန်တီး တော်မူခဲ့သော ဗောဓိတစ်ထောင် ဆရာတော်ကြီး ဦးနာရဒ၊ ရှမ်းပြည်တစ်ခွင်တွင် ဗုဒ္ဓဘာသာဝင်များ မေတ္တာရှေးရှုကြရန်၊ ဒေါသ မာန်မာန မထားကြရန် ကိုယ်တော်တိုင် စံနမူနာပြ ဂူ အောင်းခြိုးခြံ၊ တရားကျင့်ကြံရင်း လှည့်လည် တရားဟောတော် မူသော မိုင်းဖုန်းဆရာတော် စသောအတုယူဖွယ်ဆရာတော် ကြီးများကို အတုယူရန် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင် စွမ်းဆောင်နိုင်သော သိက္ခာတော်ရှိ ဆရာတော်များ များစွာ လို အပ်နေပါသည်။
.

မိတ်ဆွေသူငယ်ချင်း တစ်ယောက်၏ စာပေလက်ဆောင် `ပုဂံအလှ ဖျက်ဆီးသူများ `စာအုပ်ကို ဖတ်မိသောအခါ ဤ ဆောင်းပါး ရေးဖြစ်သွားသည်။ ပုဂံအလှ ဖျက်ဆီးသူများတွင် ဖျက်ဆီးသူများမှာ စီးပွားရေးသမားများ၊ ခရိုနီများ ဖြစ်သည်။ သူတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါလျက်နှင့်ပင် ဘယ်သူသေ သေ ငတေမာပြီးရော ဆိုကာ လောဘကိုရှေ့တန်းတင်ကြပြီး သာသနာ့မျက်နှာကို မျက်ကွယ်ပြုနေကြသည်။ အများသူငါနှင့် သဘာဝ ပတ်ဝန်းကျင်ထက် မိမိအတ္တကို ဦးစားပေးကြသဖြင့် အညာသဘာဝ အလှနှင့် ပုဂံ၏သာသနာအလှ ပျက်ဆီးခဲ့ရ သည်။ ထနောင်းနှင့် တမာတန်းများ၊ ရှေးခေတ်စေတီပုထိုးများ၊ ယာခင်းလယ်ခင်းနှင့် ယာဉ်သွားလမ်းများ စသည်တို့ဖြင့် သာ ယာလှပနေသော ပုဂံယဉ်ကျေးမှုနယ်မြေတွင် အာဏာရှင်တို့ ၏ လက်ဝေစားခရိုနီများ၏ အထပ်မြင့် ဟိုတယ်များကြောင့်၊ စားသောက်ဆိုင်များကြောင့် ပုဂံအလှပျက်ဆီးခဲ့ရသည်။
.
စာဖတ်နည်းသူ မိဘများကြောင့် ဘာသာရေးကို ခြေခြေ မြစ်မြစ်နားမလည်သော သား၊သမီးများကို ကြည့်ရင်း ရင်လေးမိ ပါသည်။ ထေရဝါရဗုဒ္ဓဘာသာ၏ ကံကံ၏အကျိုး၊ အတ္တညဟိ အတ္တာနောနာထောဆိုသော မိမိကိုသာကိုးကွယ်ရာ၊ ပရဟိတ စိတ်စစ်စစ်၊ မေတ္တာစိတ်များကို မိမိကိုယ်တိုင် သိနားလည် အောင် စာဖတ်ခြင်းဖြင့် လေ့လာရပေမည်။ ဘာသာရေးနှင့် ပတ်သက်၍ စာအုပ်စာပေများ၌ ရေးသားထားသည်များမှာ ဘုရားဟောနှင့် လွဲချော်ခဲ့သည်များ၊ မရှင်းလင်းသည်များကို ပညာရှိဆရာတော်ကြီးများထံ မေးမြန်းလျှောက်ထားကြရမည်။ ထိုသို့ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လျှောက် ထားမေးမြန်းသည့်အခါ မိမိတို့၏ ရင်သွေး သားသမီးများကို ခေါ်ဆောင်သွားသင့်သည်။ သို့မှသာ ငယ်သော်ကား သား ဆုံး မထားပြီး၊ ငယ်သော်ကား သမီးဆုံးမထားပြီး ဖြစ်မည်။
.
ယခုတော့ဖြင့် မိဘအုပ်ထိန်းသူအများစုမှာ ဘာသာရေး စာအုပ်ကို မလေ့လာကြတော့ပေ။ နံနက်မိုးလင်း သားသမီးတို့ နှင့် ဘာသာရေးအလုပ်လုပ်သော အကျင့် `စရဏ`အတွက် အသိတရား`ဝိဇ္ဇာ`အားနည်းနေကြသူကများသည်။ မိမိကိုယ် ကို စီးပွားရေးသမားလိုလို၊ နိုင်ငံရေးသမားလိုလိုနှင့် ငါသိငါ တတ်၊ ဒီသတင်း ငါအရင်သိသဘော အများသူငါရှေ့ တတ် ယောင်ကားလုပ်ရန် စိတ်ကူးကြံရင်းနှင့် သားသမီးများအနာဂတ် မလှ၊ ဘဝတန်ဖိုး နည်းပါးလာကြသည်။ ဘုရားကျောင်းကန်ကို ပြုပြင်မွမ်းမံဖို့ သွားတာထက် အခါကြီးရက်ကြီးတွင် ဝတ်ကောင်း စားလှနှင့် သူ့ထက်ငါပြင်ဆင် အပေါ်ယံအမြင်ကို ရှေ့တန်းတင် သူကများသည်။ အခါကြီးရက်ကြီးတွင် လူစုလူဝေးနှင့် စည် ကားခြင်းကိုပင် ဘုရားကတန်ခိုးကြီးသလိုလို၊ ဆရာတော်ကပဲ တန်ခိုးကြီးသလိုလိုနှင့် အထင်မှား အမြင်ကျဉ်းသူများကြောင့် သာသနာအလှ ပျက်စီးရသည်။ အချို့ကျောင်းတိုက်များက ဆ ရာတော်များကလည်း ပရိယတ္တိသာသနာ၊ ပရိပတ္တိသာသနာ၊ ပရိဝေဓ သာသနာ တည်းဟူသော သာသနာ ၃ ရပ်အရေးထက် မိမိဘွဲ့တံဆိပ်ရရှိရေး၊ အစိုးရအဖွဲ့နှင့် ရင်းနှီး၍ရာထူးရရှိရေးကို ရှေ့တန်းဆင်ပြီး ကိုရင်၊ ဦးဇင်းများနှင့် ကျောင်းတိုက်အတွက် အရေးမထား၊ လူစည်ကားရလေအောင် ပရဟိတလိုလို၊ ဗေဒင် နှင့် အင်းယတြာလိုလို၊ အများသူငါ ဓာတ်ပုံလာရိုက်ကောင်း အောင် မိမိကျောင်းကို အပေါ်ယံအမြင်ပကာသနနှင့် အလှဆင် ရင်း သာသနာကို ဖျက်ဆီးနေကြသည်။
.
မိမိကျောင်းလူစည်ကားအောင် ဧည့်ပရိသတ်များအောင် ဖန်တီးရင်းဖြင့် ဘုန်းတော်ကြီးကျောင်းမှာ ပန်းခြံလိုလို၊ အပန်း ဖြေဥယျာဉ်လိုလို၊ ဓာတ်ပုံအလှရိုက် စတူဒီယိုလိုလိုဖြစ်ပြီး ဆိတ်ငြိမ်အေးချမ်းစွာ ဖြစ်နေရမည့် ဘုန်းကြီးကျောင်းအလှကို ဖျက်ဆီးနေသော ဝိနည်းကြောင့်ခေတ်သစ်ဘုန်းကြီးအချို့ ကြောင့် သာသနာပျက်စီးနေရသည်။ ဤသို့သော ဘုန်းကြီးကို မှ ဘွဲ့တံဆိပ်တော် ရရှိစေရန် အမြင်ကျဉ်း၊ စာဖတ်နည်းသူများ က ဝန်းရံကြ၊ ထောက်ခံကြရင်းနှင့် သာသနာပျက်ဆီးနေသည်။ ထိုသို့သော ဆရာတော်များ၏ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံပြီး ပြန်ကြွအလာ၊ ကြိုဆိုသော ဒကာ ဒကာမများ၏ သဒ္ဓါကုသိုလ် အမှားကြောင့် ယာဉ်တန်းရှည်ကြီးနှင့် ဖြစ်လာသည်။ စည်ကား သိုက်မြိုက်စွာ ကြိုဆိုလာကြရုံနှင့် မပြီးသေးပေ။ တူရိယာဂီတ များပင် ပါတတ်ကြသေးသည်။ ကြိုဆိုသူတို့၏ ရည်ရွယ်ချက်မှာ နောက်နောင်ရဟန်း သံဃာများ ဘွဲ့တံဆိပ်တော်ရရန် ကြိုးစား စေလို၍ ဖြစ်ပါလိမ့်မည်။ သို့သော်စဉ်းစားရမည်မှာ ဆရာတော် ၏ ဘွဲ့တံဆိပ်တော်ရရန် သာသနာပြုပုံက အမှန်ရောဟုတ်ရဲ့ လားဆိုသည်ကို မေ့နေကြသည်။
.
ရှိပါသေးသည်။ ကျောင်းမှာက ကိုရင်က မရှိသလောက် ဦးဇင်းကအနည်းငယ်နှင့် ကျောင်းဆောင်များ၊ ဓမ္မာရုံများဟီးနေ အောင် တည်ဆောက်ထားသည်။ ရုပ်ဝတ္ထုပစ္စည်းများဖို့ထက် သာသနာပြုပြီး သာသနာဝန်ဆောင်မည့် ဦးဇင်း၊ ကိုရင် အရေ အတွက်များဖို့ အရေးကို အာရုံမစိုက်ဘဲ ဂုဏ်ပြိုင်၊ အဆောက် အဦးပြိုင်၊ သူဌေးဧည့်ပရိသတ်ခြင်းပြိုင်၊ ဘုန်းကြီးစီး ကားအမျိုး အစားနှင့် Model ခြင်းပြိုင်ရင်း သာသနာဖျက်ဆီးနေသည်ကို သတိပြုရပေမည်။
.
Main လမ်းဘေးရှိ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း ကို ဖျက်ပြီး ဈေးဆိုင်တိုက်တန်း ဆောက်လုပ်၍ မိမိဆွေမျိုးများ ကို ဆိုင်ဖွင့်လှစ်ခွင့် ရရှိရေး ကြိုးစာကြသော သာသနာဖျက်ဆီး နေသော ဂေါပကများ၊ ကျောင်းအကျိုးတော်ဆောင်များလည်း ရှိပါသည်။ ထိုဆိုင်ခန်းများတွင် စတိုးဆိုင်အမည်ခံပြီး အရက်၊ ဘီယာရောင်းကြသည်မှာ သာသနာ့မြေကို အသုံးချ၊ မိမိစီးပွား ရေး ရှေ့တန်းတင်နေကြ၊ သာသနာဖျက်ဆီးနေကြသည်။ တိုက်တန်းတွင် လာရောက်ဆိုင်ဖွင့်သည့် အမျိုးသမီးများ သန့် စင်ခန်းသည် သာသနာ့မြေတွင် ဖြစ်သည်။ အမျိုးသမီးများ အ ဝတ်လှန်းသော ဆိုင်နောက်ကျော၊ အဝတ်တန်းမှာ သာသနာ့ မြေတွင် ဖြစ်သည်။ ဤသည်ကို တက်လမ်းစတင်ခဲ့သူများမှာ စီးပွားရေး ဦးစားပေးသော အတ္တသမား၊ ဂေါပကအယောင် ဆောင် သာသနာဖျက်ဆီးသူများ ဖြစ်သည်။
.
ကုသိုလ်လိုချင်၍ဟု ခေါင်းစဉ်ကောင်းတပ်ပြီး ဒုလ္လဘဝတ် ကြသူများလည်း သာသနာကို မဖျက်ဆီးမိကြရန် လိုအပ်သည်။ အချို့သင်္ကန်းဝတ်၊ သာသနာအရေခြုံပြီး ဝိနည်းနှင့် မအပ်စပ် သည်များကို သုံးစွဲ၊ စားသောက်နေထိုင်ကြပြီး သာသနာကို ဖျက်ဆီးကြသည်။
.
ကျောင်းကန်ဘုရားတွင် လျှောက်လည်ကြရင်း သာသနာ့ အဆောက်အဦများကို ဟိုဟာရေးခြစ်၊ ဟိုအမှတ်တရရေးများကို ဆင်ခြင်သင့်သည်။ ဘုရားဖူးလျှောက်လည်ပြီး အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ကြသူများ အနေဖြင့် စဉ်းစားသင့်ပါသည်။
.
သာသနာကို ဖျက်ဆီးနေကြသူများမှာ အခြားဘာသာခြား မဟုတ်ဘဲ မိမိတို့ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေသည်ကို သတိပြု သင့်သည်။ သို့ပါ၍ သာသနာ ဖျက်ဆီးသူများ မဖြစ်ရလေအောင် ရဟန်းသံဃာများ၊ သီလရှင် ဆရာလေးများ၊ လူပုဂ္ဂိုလ်(တကာ၊ တကာမများ) စုပေါင်းပြီး ရှေ့ဆောင်လမ်းပြကောင်း သာသနာ့ နွယ်ဝင် သူတော်စင်များ ဖြစ်လာကြစေရန် ကြိုးစားကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About