တောင်ကြီးမြို့တွင် ကျောက်တောင်နံရံ ပြိုကျရာမှ အမျိုးသား တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် ကျောက်တောင်နံရံ ပြိုကျရာမှ အမျိုးသား တစ်ဦး သေဆုံး


မင်းမင်း
.
တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ နယ်မြေ(၂)၊ ရှုခင်းသာလမ်းရှိ ကျောက်တောင်နံရံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၃ ရက်)၊ ညနေပိုင်းတွင် ပြိုကျခဲ့ရာမှ အမျိုးသား တစ်ဦးပေါ်သို့ ပိကျကာ သေဆုံးခဲ့ကြောင်း သိရသည်။
.
“ ညနေ ၄ နာရီလောက်မှာ ဝုန်းခနဲ အသံကြားလို့ ထွက်ကြည့်လိုက်တော့ အရှေ့ဘက်ကျောက်တောင်က ပြိုပြီး အိမ်မကြီးဘေး အဖီဆွဲထားတဲ့ အခန်းကို ပိသွားတယ်။ အဲ့အိမ်ကလူတွေ အသံပေးနေတာတော့ ကြားတယ်။ ပြိုတော့မယ်၊ ပြိုတော့မယ် အော်နေတာ။ အဲ့ကလူတွေကလည်း ပစ္စည်းတွေ ရွှေ့နေကြတာ။ အိမ်ငှါးလင်မယားထဲက မိန်းမနဲ့ ကလေးက လွတ်သွားတယ်။ ယောကျာ်းဖြစ်သူက ကျောက်တုံးတွေ ပိသွားတယ်။ ခုထိတော့ သေဆုံးတဲ့ ရုပ်အလောင်းကို တူးဖော်နေတုန်း ရှိသေးတယ်" ဟု ကျောက်တောင် ပြိုကျမှု ဖြစ်ပွားရာ ရှုခင်းသာလမ်းတွင် နေထိုင်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ကျောက်တောင် ပြိုကျ၍ ကျောက်တုံး/မြေ ပိ၍ သေဆုံးသူမှာ နေအိမ် ငှားရမ်း နေထိုင်၍ ပုလင်း၊ ဒန်၊ သတ္တုရောင်းဝယ်ရေး လုပ်ကိုင်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ယခု ည ၈ နာရီခွဲတွင် ကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်းအား တူးဖော်တွေ့ရှိခဲ့ပြီ ဖြစ်ကာ အလောင်းအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အပြင် ရပ်ကွက်အချို့တွင်လည်း မြေပြိုမှုများ ဖြစ်ပွားနေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats