သမာအာဇီဝတွေ အပြည့်နဲ့ ပန်းသည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သမာအာဇီဝတွေ အပြည့်နဲ့ ပန်းသည်


ဇေယျာ
.
ဝဿန်မိုး ဖွဲဖွဲလေးနဲ့ အတူ ပင်လယ်ရေ မျက်နှာပြင်အထက် ၄၇၀၀ ကျော် ရှိတဲ့ ရှမ်းကုန်းမြေမြင့်က လမ်းမကြီးပေါ်မှာ ဖြည်းဖြည်းချင်း လျှောက်လှမ်းလို့ သွားနေသူရယ်က အသက် ၇၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဖွား ဒေါ်ငွေကြည်ပါ။
.
တောင်ကြီး မြို့တော်သူ မြို့တော်သား အားလုံးက အဖွားကို တွေ့မြင်တာနဲ့ ကြင်နာမှု အပြည့်နဲ့ ကြည့်လေ့ ရှိကြသလို အဖွား ရဲ့ အရွယ်နဲ့ မမျှ အောင်မြင်ကြည်လင်လှတဲ့ အသံကို နှစ်သက် ခုံမင်စွာ နားဆင်ကြပါတယ်။ အဖွားကို ချစ်ခင်သူတွေ ရှိသလို ကရုနာသက်မိသူတွေကလည်း များလွန်း လှပါတယ်။
.

ပန်းဆိုတာ မြတ်ဗုဒ္ဓကို ပူဇော်ရာ၊ လူ့ခန္ဓာကို အလှဆင်ရာ၊ မိမိ တို့ရဲ့ စီးတော်ယာဉ် မော်တော်ယာဉ်တွေမှာ အလှလို တစ်မျိုး၊ ယုံကြည်မှု တစ်ခုလိုသဖွယ် ချိတ်ဆွဲကြတာက လူ့ဘောင်အလယ် လောကကြီးမှာတော့ ထူးခြားဖွယ်ရာတော့ မဟုတ်၊ ထူးခြားနေတာက အဖွား ဒေါ်ငွေကြည်အတွက်ကတော့ ဝမ်းစာ တစ်ဖြစ်လည်း ရောင်းကုန် တစ်ခုမျှသာ။
.
အဲဒီ အဖွားလား သိတာပေါ့။ တစ်မြို့လုံး နေရာအနှံ့မှာ ပန်းရောင်းနေတာ။ သနားဖို့လည်း ကောင်း၊ ချစ်ဖို့လည်း ကောင်း တယ်။ ကျွန်တော်ဆိုရင် အမြဲတမ်း ပန်းဝယ်နေကြပေါ့ဟု တောင်ကြီးသား ကိုစိုင်းအေးက အဖွားကို သိတဲ့အကြောင်း ပြောပါတယ်။
.
အဖွား ဒေါ်ငွေကြည်ဟာ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရှိ အမှတ်(၂၂၂)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရဲ့ တောင်ဘက်နားမှာ မိသားစုနဲ့အတူ နေထိုင်ပြီး တောင်ကြီးမြို့ပေါ်က နေရာ အနှံ့မှာ ရာသီပေါ် အလှပန်းတွေကို လမ်းလျှောက် ရောင်းချနေတာ ဖြစ်ပါတယ်။ အဖွား ဒေါ်ငွေကြည်အနေနဲ့ ဒီ ပန်းရောင်းတဲ့ အလုပ်ကို လုပ်ကိုင်လာတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၄ နှစ်ကတည်းက ရောင်းချလာတာ ဖြစ်လို့ အသက် ၂၅ နှစ် အရွယ် ကတည်းက ပန်းသည် အဖြစ်နဲ့ စတင် အသက်မွေးဝမ်းကြောင်း ပြုလာတာ ဖြစ်ပါတယ်။
.
 သားမိ ၃ ယောက်တည်း၊ သမီးက စူဠာမုနိမှာ ပန်းရောင်းတာ။ နောက်သမီး တစ်ယောက်က ကိုးမြို့ရှင် နတ်နန်းမှာ ရောင်းတယ်။ သား ၄ ယောက်၊ သမီး ၂ ယောက်။ ၆ ယောက်လုံးကို ပန်းရောင်းပြီး ကျွေးမွေးလာတာ။ သားဦးဇင်းက တာချီလိတ်မှာ သီတင်းသုံးတယ်။ သက်တော်က ၅၀၊ ဝါတော်က ၃၀ ရှိပြီလို့  ပုခက်လွှဲတဲ့ လက်တစ်စုံကို မြှောက်ကာပင့်ကာ ပြုပြီး မိသားစု အခြေအနေကို ပြောပါတယ်။
.
အရင် ငယ်ရွယ်စဉ်တုန်းက တစ်နေ့ကို ပန်းကုံး ၁၀၀၀ ကျော် လောက်ထိ ရောင်းချနိုင်ခဲ့ပေမယ့်လည်း လက်ရှိ အဖွားရဲ့ အရွယ် ကြောင့် ပန်းကုံး ၃၀၀ ကနေ ၄၀၀ လောက်သာ ပျဉ်းမျှ ရောင်းချ နိုင်ပါတော့တယ်။ ရွှေညောင်ကနေ တောင်ကြီးကို လိုင်းကားနဲ့ လိုက်လာပြီး မြို့ပတ်ဂိတ်မှာ ဆင်း၊ အဲဒီကနေ စဝ်စံထွန်းဈေး၊ ပြီးတော့ ညောင်ဖြူစခန်းရပ်ကွက်ကနေ အစ ချီပြီး မြို့အနှံ့ ရောင်းကုန် ပန်းတွေကို ဖြန့်ချိရောင်းချတော့တာ ဖြစ်ပါတယ်။
.
အဖွားက ပန်းရောင်းတဲ့ အလုပ်ကို ဝါသနာ ပါနေတာ၊ အ ကျိုးလည်း ပေးတယ်လေ။ တစ်မြို့လုံး နှံ့တယ်၊ မသိတဲ့သူလည်း မရှိဘူး။ ဒါပေမဲ့ နာမည်တော့ မသိဘူးပေါ့ဟု အဖွား ဒေါ်ငွေ ကြည်က သူ့ရဲ့ ဝါသနာနဲ့ ထပ်တူကြလို့ အောင်မြင်နေတဲ့ အခြေ အနေကို ကြွားလုံး ထုတ်ပါတယ်။
.
ပန်းကုံးတွေကို အပွင့် အရွယ်အစားအပေါ် မူတည်ပြီး ငွေ ကျပ် ၅၀၀ ကို ပန်းကုံး ၇ ကုံး၊ ၁၀၀၀ ကျပ်ကို ၁၅ ကုံး စသည် ဖြင့် ရောင်းချတာ ဖြစ်ပြီး ရွှေညောင်ကနေ လက်ကား ရယူပြီး တော့မှ အစိုးရဌာန ရုံးတွေက အစ၊ ဈေးဆိုင်တွေ မကျန်၊ လမ်း ပေါ်အနှံ့က ဖောက်သည်တွေဆီကို ပြန်လည် ရောင်းချတာဖြစ်ပါ တယ်။
.
မျက်စိလည်း ကောင်းတယ်၊ နားလည်း ကောင်းတယ်။ ကျန်းမာနေသမျှ ဒီလိုပဲ ပန်းရောင်းစားမယ်။ အိမ်မှာ နေရတာ ပျင်းလို့ဟု အသက်ကြီးပေမယ့် သူ့ရဲ့ စွမ်းဆောင်နိုင်ဖွယ်ရာတွေ ကို အားတက်သရော ပြောဆိုနေပါတယ်။
.
တစ်နေ့ကို ပန်းရောင်းရချလို့ ရရှိတဲ့ အမြတ်ငွေကတော့ ၈၀၀၀ ကျပ် ဝန်းကျင်လောက် ရရှိပေမဲ့ အမြတ်ငွေ ဘယ် လောက်ရလဲလို့ မေးတဲ့ မေးခွန်းကိုတော့တစ်နေ့ကို သိန်း ၁၀၀ လောက် မြတ်တယ်၊ ထားစရာ နေရာ မရှိလို့ ပိုးတွေ ထိုးကုန် ပြီလို့ နာမည်နဲ့လိုက်အောင် ငွေရွှင်ကြောင်းကို ဟာသနှောပြီး ပြောပါတယ်။
.

ဟာသနှောလို့ အပျော် သဘောမျိုး ပြောလိုက်ပေမဲ့ အဖွား ရဲ့ ငွေရှာရခြင်း ရည်ရွယ်ကတော့ ရှင်းပါတယ်။ သံသရာကိုပါ မယ့် အလုပ်ဖြစ်တဲ့ သားဦးဇင်းကို လှူဖို့ စုဆောင်းတာလို့ ရတိ ပြတ် တည်ငြိမ်စွာ ပြောဆိုခဲ့ပုံက ရင့်ကျက်မှုတွေနဲ့ အတူဘာသာ ရေးကို နက်နက်ရှိုင်းရှိုင်း ပြုလုပ်နေတဲ့ သက်တော်ရှည် အဖွား တစ်ယောက်ဆိုတာ ငြင်းဆိုဖွယ်ရာ နတ္ထိပင်။
.
အဖွား အကြောင်းကို လူတိုင်းက သိကြပါတယ်။ အသက် ၈၀ နီးပါး ရှိပြီ ဖြစ်တဲ့ အဖွား ဒေါ်ငွေကြည်ရဲ့ ပန်းသည်ဘဝက မပြည့်စုံလှပေမယ့် လှပပြီး ရိုးရှင်းလှတဲ့ သမာအာဇီဝအလုပ် က တော့ ဂုဏ်ယူစရာ အပြည့်ပါ။
.
အမေက ဆုတောင်းပေးပါတယ်။ ကျန်းမာ၊ ချမ်းသာ၊ ရွှေ ပြည့် ငွေလျှံပြီး ဘေးရန်ကင်း၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ သိန်းတစ်သောင်းခွဲ ဆုကြီလည်း ပေါက်ကြပါစေလို့ အဖွား ဒေါ် ငွေကြည်က သူ့ရဲ့ ဈေးဝယ်သူတွေကို မေတ္တာပို့ ဆုတောင်းပေး ရင်း နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ သူ့ရဲ့ ပန်းဝယ်သူများဆီသို့ ထွက်ခွာ သွားပါတယ်။
.
နှစ်ပေါင်း ၅၄ နှစ်တိုင်တိုင် သမာအာဇီဝအလုပ်နဲ့ ပန်းရောင်း လို့ အသက်မွေးရင်း ရှုပ်ထွေးလှတဲ့ လောကကြီးကို ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ သက်တော်ရှည် ပန်းသည်အဖွား ဒေါ်ငွေကြည် တစ်ယောက် နောက်နှစ်ပေါင်းများစွာ တိုင်အောင် သမာအာဇီဝ အပြည့်နဲ့ ကျန်းမာ၊ ချမ်းသာစွာ ရွှင်လန်းနိုင်ပါစေ။ ။

Journal Download

Photo of three cats