အောင်ဆန်းဝင်း
.
အသုံးလိုလာတော့ ဆွဲရတာပေါ့။ လိုအပ်လွန်းလို့သာ ဆွဲရ တာ အတိုးက
မသေးဘူးရယ်။ သားရေး သမီးရေး ဖြစ်ဖြစ်၊ ကျန်း မာရေး ကိစ္စဖြစ်ဖြစ် အရေးပေါ် လိုလာရင်
ပိုက်ဆံက ရှာရတာ မလွယ်ဘူး။ ကိုယ့်လက်ထဲ ပိုက်ဆံ မရှိတော့ အတိုးပေးတဲ့ လူ တွေဆီက ပိုက်ဆံချေးရတယ်။
အပေါင်အနှံ ပစ္စည်း ပါရင်တစ် မျိုး။ လက်ဗလာနဲ့ သွားချေးရင် အတိုးက တစ်မျိုးပေးရတယ်။
ကိုယ်ပိုင်အိမ်လေး ဖြစ်ဖြစ်၊ လက်ဝတ် လက်စားလေးဖြစ်ဖြစ် ပေးထားရင် အတိုးကတစ်မျိုးပေါ့။
တစ်ခုခု ပေးထားရင် အတိုး ပေးရတာ နည်းနည်းသက်သာတယ်။ ဒီအတိုင်း လက်ဗလာနဲ့ သွားချေးရင်
အတိုးက ခေါင်ခိုက်နေရော။ ပစ္စည်း ပေးထားရင် အတိုးနှုန်းက ၁၀ ပတ်လည်လောက် ပေးရတယ်။ ဒါတောင်
အ ပေါင် ပေးတဲ့ပစ္စည်းက ခိုင်မာဦးမှ။ အရေးပေါ် ပိုက်ဆံလေး တစ် သိန်း၊ နှစ်သိန်း လိုအပ်လို့
ပလိန်းတော့ သွားမဆွဲနဲ့။ အတိုးနှုန်း က အနည်းဆုံး ၄၀ တဲ့။
.
အရပ်ထဲက မိန်းမတွေ (မိန်းမတွေလို့ အတည့် မဖတ်ပါနှင့် မိန်းမဒွေလို့
ဖတ်ပါရန်) ပြောတဲ့ စကားသံ တချို့။ အတင်းတုပ် တာလား သတင်းလုပ်တာလားတော့ မပြောတတ်ဘူး။
၂ ခုလုံး ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ နဂိုတည်းက သူ့အလိုလို နှစ်ပက်စာ လောက် မူးနေတဲ့
လူမျိုးစုဆိုတော့ ပလိန်းကြီး စကား ဝင်ကောက် လို့လည်း မရပြန်ဘူး။ (ကိုယ့်ဟာကိုယ် တိုင်ပတ်နေတာလည်းပါ
တာပေါ့လေ)။ အခန့် မသင့်ရင် သူတို့ အတင်းသတင်းတွေကြား ကိုယ်ပါ ပဲလှော်ကြား ဆားညှပ် ဖြစ်သွားနိုင်တယ်။
အဲဒီတော့ ရောက်တဲ့ နေရာ အသာကျောက်ချပြီး ပြောစကားတွေ စိတ်ဝင် စားရင် ဆက်နားစွင့်ပေါ့။
လူစုံတော့ စကားအစုံ ကြားရတယ်။ တစ်ယောက် နှစ်ယောက်နဲ့တောင် ရေဒီယိုလို နိုင်ငံပတ်နိုင်တဲ့
လူမျိုးစုတွေ အခု ၄၊ ၅ ယောက် စုမိနေတော့ စုံလိုက်တဲ့ စကား ဆိုတာ ရေဒီယို ၅ လုံး တစ်ပြိုင်တည်း
နားထောင်မိနေသလား မှတ်ရတယ်။
.
ပြီးခဲ့တဲ့ တစ်ပတ်က ထုတ်ဝေတဲ့ ကမ္ဘောဇတိုင်း သတင်းဂျာ နယ်မှာ
'စကားမာရသွန်' ဆိုတဲ့ ခေါင်းစဉ်တဲ့ ဆရာကြီး ဒေါက် တာအောင်ကျော် (သွား/ဆရာဝန်)က ဆောင်းပါး
တစ်ပုဒ် ရေး သားပါတယ်။ ဆောင်းပါး ပထမဆုံး စာပိုဒ်မှာ ပူပူညံညံ လူသား အသံတွေနဲ့ ပတ်သက်ပြီး
ရေးသားဖော်ပြထားပါတယ်။ ကျောက် ခေတ်ဦးမှာ စကား မမည်သေးတဲ့ ဝူးဝါးအသံနဲ့ ခြေဟန်လက် ဟန်
Body Language ကို သုံးကြတယ်။ ကျောက်ခေတ် အလယ် လောက်မှာ စကားလို့ ဆိုနိုင်တဲ့မည်ကာမတ္တ
အသံတွေ အသုံးပြု လာနိုင်ကြတယ်။ ကျောက်ခေတ် နှောင်းပိုင်းလောက် ရောက်လာ တော့ ခပ်တိုတို
ခပ်ပြတ်ပြတ် ဝေါဟာရတွေနဲ့ရသလောက် တော် ကီပစ်ကြတယ်။ လူသား ယဉ်ကျေးမှုတွေ တိုးတက်ပြီး
အသံထွက် တွေလည်း ကောင်းလာရော လူစုလူဝေးနဲ့ မြိန်ရည်ယှက်ရည် အတင်း တုပ်နိုင်တဲ့ အဆင့်
ရောက်သွားတယ်ဆိုပါတော့။
.
.
တစ်ခါတစ်ခါ စဉ်းစားကြည့်တယ်။ အလိုလို နှစ်ပက် မူး လူ မျိုးစုကြီးက
အသံထွက် ကောင်းတဲ့ ကာလကစပြီး ရေဒီယို ဖြစ် ခဲ့သလားပေါ့။ ကိုယ်လို ချောက်တီးချောက်ချက်
စာပေ သား ပေါက်အနေနဲ့တော့ အဲဒီလောက်ထိ ဉာဏ်ရည် မမီပါဘူး။ ဆရာ ကြီး ဦးသိန်းသန်းထွန်းတို့လို
သမိုင်းပညာရှင်ကြီးတွေ၊ သမိုင်းသု တေသီကြီးတွေ ရှာရှာဖွေဖွေ လုပ်ရင်တော့ မှတ်တမ်းကြီး
တစ် စောင်တိုးရင် တိုးလာမှာပေါ့လေ။ (စာကဗျာတွေကြား အေးချမ်း နေတဲ့ ဆရာကြီးကို ဒုက္ခပေးသလို
ဖြစ်နေလားတော့ မပြောတတ် ပါဘူး)။ ပြောမယ့်သာ ပြောရတာပါ။ သူတို့လိုမိန်းမဒွေ ရှိနေလို့
အရပ်ထဲ အပ်ကျတာကာ အစ သိနေရတာ မဟုတ်လား။ တစ်ဦး နဲ့ တစ်ယောက် သူတို့ အချင်းချင်း စက်ပေါက်ပြီးသာ
မပြောရင် အရပ်ထဲ ဘာဖြစ်တယ်ဆိုတာ ချက်ချင်း သိဖို့ မလွယ်လောက် ဘူး။ မြန်ပါတယ်ဆိုတဲ့
အွန်လိုင်းဆိုတာလည်း လူတင်မှ ရောက် တဲ့နေရာကိုး။
.
အခုလည်း ၄၊ ၅ ယောက် စုပြီး သူတစ်ခွန်း ငါတစ်ပေါက်နဲ့ စကားလုံး
ပေါက်ပေါက် ဖောက်ကြတာ ဘေးကအ တိုင်းသား ကြား ရတဲ့ လူတောင် အားရစရာ ကောင်းတယ် ပြောရမလားပါဘဲ။
ပြောဆိုနေလိုက် ကြတာလည်း အတိုင်အဖောက်ကို ညီလို့။ တစ် ဦးက အကြောင်းအရာ တစ်ခုကို စလိုက်တာနဲ့
နောက်လူတွေက ဘေးတီးဖို့ အဆင်သင့်။ အရပ်ထဲဆိုတော့ အရပ်လူကြီးရဲ့ကောင်း ကွက်ဆိုးကွက်တွေ
ပြောတာ ကြားရတယ်။ မလိုတဲ့ နေရာတွေ ထောက်ပြီး လိုတဲ့ နေရာတွေ အောက်ထားတယ်လို့ ပြောတယ်။
ပြောတာကြားရတာပါ။ ဘယ်လို မလိုတဲ့ နေရာ ထောက်ပြီး တ ကယ်လိုတဲ့ နေရာဘယ်လို အောက်ထားတယ်ဆိုတာတော့
မ ပြောတတ်ပါဘူး။ ရေဒီယို ၅ လုံး တစ်ပြိုင်တည်း ဖွင့်ထားတာဆို တော့ အမှန်တွေ ဖြစ်ချင်ဖြစ်လိမ့်မယ်။
သောက်မြင်ကပ်လို့ အရွဲ့ တိုက် ချောက်တွန်းတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။
.
သူတို့ ပြောစကားတွေထဲမှာ ကျန်တာတွေက သိပ် စိတ်ဝင် စားစရာ မရှိပါဘူး။
အရပ်ထဲက ငွေတိုးချတဲ့ လူတွေအကြောင်း တော့ နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ခိုင်မာတဲ့
အိမ်လို ရွှေလို အပေါင်ပစ္စည်းပါရင်တောင် ၁၀ တိုးလို့ ဆိုကြတယ်။ သိပ် ရင်းနှီးရင်တော့လည်း
အတိုးနှုန်း နည်းနည်းသက်သာချင် သက် သာမှာပေါ့။ သူလိုကိုယ်လိုကတော့ ၁၀ တိုးက ဒဲ့ဆိုပဲ။
အပေါင် ပစ္စည်း မပါဘဲ ငွေတိုး ချပေးတဲ့ ငွေရှင်လည်း ရှားတယ်လို့ ပြော ကြသည်။ ငွေကြေး
ရှားပါးတော့ ယုံကြည်မှု တည်ဆောက်ရခက် တဲ့ သဘောလားပေါ့။ ငွေရှင်နဲ့ တော်တော်ကြီး ရင်းနှီးမှု
ရှိရင် တော့ လက်ဗလာ ပလိန်းဆွဲလို့ ရတဲ့နေရာတချို့တော့ ရှိတယ် လို့ ဆိုတယ်။ အဲဒီနေရာတွေမှာ
ပေးဆပ်ရတဲ့ အတိုးနှုန်းကတော့ ခေါင်ခိုက်နေတယ်။ မြန်မာငွေ တစ်ရာကျပ် ချေးရင် ပြန်ပေးရတဲ့
အတိုးနှုန်းက ၄၀ ကျပ်တဲ့။ သေပြီဆရာပေါ့။
.
အမှန်တော့ ရပ်ကွက်တွေထဲမှာ လုပ်နေတဲ့ ငွေတိုးလုပ်ငန်း တွေက အတော်များများ
တရားဝင် မဟုတ်ကြဘူး။ သူလို ကိုယ် လို နားလည်မှုနဲ့ လုပ်ကြတာပေါ့။ ငွေကြေး တတ်နိုင်တဲ့
လူက သူ့ လက်ထဲ ရှိသလောက် အတိုင်းအထွာနဲ့ ငွေချေးတဲ့ အလုပ် လုပ် တယ်။ ငွေကြေး လိုအပ်ချက်ရှိတဲ့
လူတွေကလည်း ငွေရှင်တွေဆီ မှာ ပိုက်ဆံချေးကြတယ်။ အတိုးနှုန်းကလည်း ငွေရှင်စိတ်ကြိုက်
ထင်သလို သတ်မှတ်ချက်တွေနဲ့ လုပ်နေကြတာ။ အပေါင်ပစ္စည်း ပါရင် အတိုးနှုန်းက တစ်မျိုး၊
မပါရင် အတိုးနှုန်း တစ်မျိုး ပေးကြ ရတယ်။ ရပ်ကွက်တွေထဲမှာ လုပ်နေတဲ့ ငွေတိုး လုပ်ငန်းတွေက
ပစ္စည်းပါရင်တောင် အတိုးနှုန်း ၁၀ လောက် ယူကြတယ်လို့ ပြော တယ်။ အပေါင်ပစ္စည်း မပါဘဲ
ဒီအတိုင်း အလွတ်ဆွဲလို့ ရတဲ့နေ ရာကတော့ ၃၀/၄၀ တိုးလောက်အထိကို ယူကြတယ်လို့ကျောင်း ကြီးစုရပ်ကွက်
အတွင်း နေထိုင်သူတစ်ယောက်က ပြောပါတယ်။
.
လူချင်းလူကြား ဒီငွေတိုးချတဲ့ လုပ်ငန်းက ယဉ်ကျေးမှုတွေ ထွန်းကားလာတဲ့
အချိန်တည်းက ပေါ်နေလားတော့ မပြောတတ် ပါဘူး။ အချိန် နောက်ပြန်လှည့်ကြည့်ရင်တော့ ကိုလိုနီခေတ်ကို
သွားမြင်မိတယ်။ ဘာလို့ ကိုလိုနီခေတ် သွားမြင်လည်းဆိုတော့ ငယ်ငယ်တုန်းက ဗီဒီယိုရုံမှာ
ဖိုက်တင်ဇာတ်ကားတွေ ကြည့်တိုင်း ငွေတိုးချတဲ့ ချစ်တီးတွေက အမြဲလို တွဲပါနေတတ်တယ်။ ဗမာ
တောင်သူတွေက ငွေကြေး လိုအပ်ချက် ရှိလာရင်နယ်ကျော်စီး ပွား လာရှာတဲ့ ချစ်တီးတွေဆီက ပိုက်ဆံချေး။
ဘာရေးထားမှန်း မသိတဲ့ စာရွက်ပေါ် လက်ဗွေနှိပ်လိုနှိပ်။ အချိန်တန် ပိုက်ဆံပြန် ဆပ်ရကာနီးကျတော့
သီးနှံပျက်တာနဲ့ ရာသီဥတုဖျက်တာနဲ့ မ ဆပ်နိုင်ကြတော့ဘူး။ အဲဒီတော့ ချစ်တီးများ ဗီဇပြတော့တာပေါ့။
လယ်သိမ်းတယ်။ နွားသိမ်းတယ်။ အထားအသို မဟုတ်ရင် အိမ် က သမီးကညာပါ အဆစ်ပါသွားတယ်။
.
ဒါတောင် ဗီဒီယိုထိမို့လို့။ ကိုလိုနီခေတ်တုန်းက လက်တွေ့ ကြုံခဲ့ရတဲ့
တောင်သူတွေ ဘယ်လောက်များ ဇာတ်နာခဲ့မယ်ဆို တာ မပြောတတ်ဘူး။ တလောကလည်း အရပ်ထဲ ဖြစ်သွားသေး
တယ်။ တစ်ဦးနဲ့ တစ်ယောက် ယုံကြည်မှုနဲ့ လုပ်ကြတယ်ဆိုလား။ ယုံကြည်မှုဆိုတဲ့ နေရာမှာလည်း
လုပ်ငန်းထုံးစံ အတိုင်းအပေါင် အနှံပစ္စည်းပါတာပေါ့။ ငွေကြေး လိုအပ်ချက် ရှိသူက ငွေရှင်ဆီ
အိမ်အပေါင်ထားပြီး ငွေချေးပါတယ်။ လူချင်း ရင်းနှီးမှုရှိတော့ အိမ်အပ်သော့အပ် မဟုတ်ဘူး။
အချိန်တချို့ ကြာလာတော့ ငွေ ရင်းပေးနိုင်ဖို့ထက် အတိုးတောင် မပေးနိုင်တဲ့ အနေအထားမျိုး
ရောက်သွားတယ်။ ညီအစ်ကိုက ညီအစ်ကို စပါးကတော့ ပေါက် ဈေးဆိုတာ အဲဒီမှာ စတွေ့တာ။ အတိုးအရင်း
ပေါင်းပြီး ငွေရှင် က အိမ်သိမ်းလိုက်တာ ဒုက္ခတွေ ရောက်ပါလေရော။ မနက်ပိုင်း ကျောင်းသွားတဲ့
ကလေးက ကျောင်းဆင်းတော့ နေစရာမရှိ တော့ဘူး။
.
တရားမဝင်ဘူးဆိုပေမယ့် ငွေတိုးချတဲ့ လုပ်ငန်းတွေကတော့
အရပ်ထဲ ပေါချင်းသောချင်း တွေ့နေရတယ်။ အပေါင်ပစ္စည်း ပါ ရင် တစ်မျိုး၊ မပါရင်တစ်မျိုး
အတိုးနှုန်း ၁၀ နဲ့ ၄၀ ကြား လုပ်ကိုင် နေကြတယ်။ ငွေရှင်ရှိလို့ ချေးငှားနေကြတာလား၊
ချေးငှားတဲ့လူ ရှိလို့ ငွေရှင်တွေ ပေါနေတာလားတော့ စဉ်းစားစရာတစ်ခု။ သေ ချာတာတော့ မြန်မာပြည်သူတွေ
စားဝတ်နေရေး ကြပ်တည်းနေ ကြတယ်။ စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်းသလောက် ဖြစ်နေ တယ်။
အစိုးရ အဆက်ဆက်နဲ့ လက်ရှိ အစိုးရ လက်ထက်အထိ မပြင်နိုင်သေးဘူး။ (စာရွက်ပေါ် ပြင်နေတာတော့
တစ်ကဏ္ဍပေါ့)။ အောက်ခြေ ပြည်သူတွေရဲ့ စီးပွားရေး လုပ်ငန်းတွေ အဆင်မပြေ သရွေ့ တရားမဝင်
ပေါင်နှံချေးငှားခြင်း လုပ်ငန်းတွေ တရားမဝင် လည်ပတ်နေဦးမှာ ဖြစ်ပါတယ်။ တိုင်းပြည် စီးပွားရေးသောက်
မြင်ကပ်အောင် တိုးတက်ပါစေ။ မြန်မာပြည်သူများ ပေါင်နှံချေး ငှားမှ လွတ်ကင်းနိုင်ပါစေကြောင်း။