ကိုစိုး (ကမ္ဘောဇတိုင်း) တွေ့ဆုံမေးမြန်းသည်။
.
လာမည့် ဩဂုတ်လ ၈ ရက်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ကြီးသည် ၃၂
နှစ်တင်းတင်း ပြည့်မြောက်တော့မည် ဖြစ်သည်။ တစ်ပါတီအာဏာရှင်စနစ်၊
စစ်အာဏာရှင်စနစ်ကို ပြည်သူ လူထုတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
အံတုတုံ့ပြန်ခဲ့သည့် လူထုအရေးတော်ပုံကြီးသည် ယနေ့နှစ် ပေါင်း ၃၀
ကျော်လွန်လာခဲ့ပြီဖြစ်ရာ ယင်း ၈၈၈၈ လူထုအရေး တော်ပုံကြီး၏ ရည်ရွယ်ချက်ပန်းတိုင်
မည်မျှအထိ ခရီးပေါက်ပြီ ဆိုသည်ကို အရေးတော်ပုံအတွင်း ပါဝင်ခဲ့သူများအား တွေ့ဆုံ
မေးမြန်းခဲ့ပါသည်။
.
.
ကမ္ဘောဇတိုင်း။ ဆရာမရဲ့
အမည်နဲ့ လက်ရှိ ဘယ် အဖွဲ့အ စည်းမှာ တာဝန်ယူ ဆောင်ရွက်နေတယ် ဆိုတာ သိပါရစေ။
ဒေါ်ခင်မိုးမိုး။ မင်္ဂလာပါရှင့်။ ကျွန်မနာမည်
ဒေါ်ခင်မိုးမိုးပါ။ ကျွန်မ အခုဆိုလို့ရှိရင် တရားဥပဒေ စိုးမိုးရေးအတွက် လုပ်
ဆောင်နေတဲ့အဖွဲ့ရဲ့ နိုင်ငံလုံးဆိုင်ရာ အကြီးတန်းဥပဒေအ ကြံပေး ဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့မှာ ကျွန်မက NGO အဖြစ်နဲ့ တာ ဝန်ထမ်းဆောင်လျက် ရှိပါတယ်။
ကမ္ဘောဇတိုင်း။ ၈၈၈၈
အသုံးအနှုန်းနဲ့ ပတ်သက်လို့ လူထုအ ရေးတော်ပုံလား၊ လူထုအုံကြွမှုလား ဆိုတဲ့ အသုံးအနှုန်းနဲ့
ပတ် သက်လို့ ဆရာမရဲ့ သဘောထားအမြင်လေးကို ပြောပေးပါဦး။
ဒေါ်ခင်မိုးမိုး။ ၈၈၈၈ ကို ကျွန်မတို့က ပြည်သူ့အရေးတော်
ပုံလို့ သတ်မှတ်ပါတယ်။ ဒီမိုကရေစီ
တိုက်ပွဲအတွက် တစ်နိုင်ငံ လုံးမှာရှိတဲ့ လူထုတွေ ပါဝင်ပူးပေါင်းကြတဲ့
အရေးတော်ပုံလေး တစ်ခု ဖြစ်ပါတယ်။ ဒါဟာ လူထုအုံကြွမှု မဟုတ်ပါဘူး။
.
ကမ္ဘောဇတိုင်း။ ဆရာမက
၈၈၈၈ လူထုအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့သူတစ်ဦးဆိုတော့ ၈၈၈၈ အရေးတော်ပုံ မတိုင်မီ ကာ
လက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း အခြေအနေ ဘယ် လိုတွေရှိတယ်ဆိုတာ
ပြောပြပေးပါဦး။
ဒေါ်ခင်မိုးမိုး။ ၈၈၈၈ အရေးတော်ပုံ မတိုင်ခင်ကာလက ကျွန်မတို့
ဦးနေဝင်း အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ နေခဲ့ရ တယ်။ အဲဒီတုန်းက ဒီမိုကရေစီဆိုတာ
အရမ်းကြီးကို အလှမ်း ဝေးခဲ့တယ်။ ပြောဆိုရေးသားတဲ့နေရာ အားလုံး ဘာပဲလုပ်လုပ်
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လုံးဝမရခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒါကြောင့်
ကျွန်မတို့ တစ်နိုင်ငံလုံး၊ ပြည်သူလူထု တစ်ရပ်လုံးက တစ်ပါတီအာဏာရှင်စနစ်ကို
တိုက်ပွဲဝင်ခဲ့ကြ တာဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။ အဲဒီကာလက
မြို့တော်တောင်ကြီးမှာကော ဘယ်လိုရှိခဲ့ပါသလဲ။
ဒေါ်ခင်မိုးမိုး။ တောင်ကြီးမှာ ၈ ရက်၊ ၈ လ မတိုင်ခင်က တည်းက
နိုင်ငံရေးလှုံ့ဆော်စာတွေ ဖြန့်တာရှိတယ်။ ကျွန်မ တို့ စွန့်စားပြီး သယ်လာကြတယ်။
အဲဒီ သယ်ဆောင်လာတဲ့ Message တွေအရ ဩဂုတ်လ ၈ ရက်မှာ ၈၈၈၈ အရေးအ
ခင်းကို ကျောင်းသားတွေကနေ စတင်ပြီး ဆောင်ရွက်ခဲ့ကြ တာ ဖြစ်ပါတယ်။ ကျောင်းသား ၂၄
ယောက်ကနေပြီး စတင် ဖော်ဆောင်တာကို ကျွန်မအပါအဝင် မြို့လူထုတွေက ပါဝင်ပူး ပေါင်းပြီး
လိုက်ပါခဲ့ကြတာဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။ အရေးတော်ပုံကာလမှာ
ဆရာမအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို ရှင်းပြပေးပါဦး။
ဒေါ်ခင်မိုးမိုး။ ကျွန်မက အဲဒီအချိန်မှာ တရားလွှတ်တော်
ရှေ့နေဖြစ်ပါတယ်။ တရားရေးအကြံပေး အဖြစ်နဲ့တောင် ကြီးမြို့နယ်ရဲ့ တရားရေး
ဦးစီးမှူးအဖြစ် ကျွန်မတာဝန်ထမ်း ဆောင်နေဆဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကျွန်မတရားရေး
ဘဝကနေပြီး နုတ်ထွက်ခဲ့တယ်။ ဘာလို့နုတ်ထွက်ခဲ့သလဲ ဆိုတော့ ပြည်သူလူထုအပေါ်မှာ
အာဏာရှိတဲ့သူ တွေကမြေ တွေသိမ်းတယ်၊ သူတို့နာမည်တွေနဲ့ မြေကွက်တွေဖောက် တယ်။
တကယ်တမ်း ဓားမဦးချနေခဲ့ရတဲ့ ပြည်သူလူထုတွေ က ဘာစာရွက်စာတမ်း အထောက်အထားမှ
မရှိတော့အမှု တွေရှုံးတယ်။ တရားစွဲခံရတယ်။ အဲဒီမှာ ကျွန်မကတရား
ရေးဦးစီးမှူးအနေနဲ့၊ ဝန်ထမ်းတစ်ယောက်အနေနဲ့ အစိုးရက နေ အမိန့်ချခိုင်းတဲ့အတိုင်း
ချပေးခဲ့ရတယ်။ ဒါကြောင့် တရား ရေးဝန်ထမ်း အလုပ်ကနေ ကိုယ့်ဆန္ဒအလျောက် နုတ်ထွက်ခဲ့
တာ ဖြစ်ပါတယ်။ ၈၈၈၈ လူထု တော်လှန်ရေး ပေါ်ပေါက်လာ တဲ့အခါမှာ ကျွန်မနဲ့ နီးစပ်ရာ
မိတ်ဆွေတွေ၊ ဒီမိုကရေစီလို လားတဲ့ မိတ်ဆွေတွေနဲ့ အတူပဲ ခု သံတွဲထောင်မှာ ကွယ်လွန်
တဲ့ ဆရာဦးမြင့်သန်းတို့နောက် ဦးအောင်ထူးတို့နဲ့ ပူးပေါင်းပြီး တော့ ၈၈၈၈
သပိတ်စခန်းကို ကျွန်မတို့ စတင်ဖော်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။ စက်တင်ဘာလ
၁၈ ရက် စစ်အာဏာသိမ်းတဲ့ နောက်ပိုင်းမှာကော
ဆရာမအနေနဲ့ ဘာတွေဆက်လုပ် ဖြစ်ပါ သလဲ။
ဒေါ်ခင်မိုးမိုး။ စစ်အာဏာသိမ်းပြီးတော့ သပိတ်စခန်းတွေ ကို
စစ်တပ်က ဝိုင်းထားတယ်။ စစ်တပ်ကနေ ဖမ်းတာတွေခံ ခဲ့ရတယ်။ ကျွန်မ ကိုယ်တိုင်လည်း
အိမ်အထိ လာပြီး ဖမ်းတာ ခံခဲ့ရတယ်။ အဲဒီမှာ ဖမ်းဆီးပြီး တရားရုံးမှာ စစ်ဆေးခံခဲ့ရ
တယ်။ ကျွန်မနဲ့ ကွယ်လွန်သွားတဲ့ ကိုတင်မောင်တိုး အပါ အဝင် ၈ ဦး
အမှုရင်ဆိုင်ခဲ့ရတယ်။ စက်တင်ဘာမှာ အမှုရင် ဆိုင်ပြီး ဒီဇင်ဘာမှာ အမှုပြီးသွားတယ်။
အဲဒီမှာ ကျွန်မကနေ အလုပ်လွှဲပေးခဲ့တဲ့ တရားသူကြီး ဒေါ်မီမီညိုက ကျွန်မတို့ ၈
ယောက်ကို ကျူးလွန်တဲ့သူ မဟုတ်ဘူးဆိုပြီး လွှတ်ပေးခဲ့တယ်။ ဒါဟာ
တိုင်းပြည်ကိုချစ်တဲ့ တရားသူကြီး တစ်ယောက်ရဲ့ ဆုံး ဖြတ်ချက်ပေါ့။ အင်မတန်
လေးစားစရာ ကောင်းပါတယ်။ ကျွန်မ အချုပ်က လွတ်လွတ်ချင်းပဲ ကွယ်လွန်သွားပြီဖြစ်တဲ့
ဦးခွန်ဖေထူးချစ်ရဲ့အိမ်မှာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်
ဆိုင်းဘုတ်တင်နိုင်ခဲ့တယ်။ နောက်ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ၁၉၈၉ ပင်လုံအဓိဋ္ဌာန်နဲ့
ခရီးစဉ်တွေ အတွက်ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။
.
ကမ္ဘောဇတိုင်း။ အဲဒီနောက်ပိုင်းမှာရော
၂၀၁၀ မတိုင်ခင် စစ်အစိုးရ လက်ထက်အတွင်း ဖိနှိပ်တာတွေ၊ ဖမ်းဆီးတာတွေ ရှိသေးလား။
ဒေါ်ခင်မိုးမိုး။ ရှိခဲ့ပါတယ်။
.
ကမ္ဘောဇတိုင်း။ ၈၈၈၈
လူထုအရေးတော်ပုံကြီးက အောင်မြင်မှုရှိတယ်လို့ ပြောနိုင်သလား။
ဒေါ်ခင်မိုးမိုး။ ၈၈၈၈ အရေးတော်ပုံကြီးက အဲဒီအချိန်မှာ
အောင်မြင်သလားဆိုရင် လူထုတွေ အကုန်လုံး၊ တစ်ပြည် လုံးက လူထုတွေ ကျောင်းသားပြည်သူ၊
ရဟန်းရှင်လူတွေ စု စည်းနိုင်တာတော့ မှန်တယ်။ ဒါပေမဲ့ ကျွန်မတို့ လိုချင်တဲ့ ဒီမို
ကရေစီ မရသေးဘူး။ ဒီမိုကရေစီဆိုတာကို ကျွန်မတို့က အ ရိပ်တောင် မြင်လိုက်ရတာပဲ
ရှိသေးတယ်။ တကယ်မရသေး ဘူး။ အဲဒီတော့ ကျွန်မတို့ အားလုံးက အမျိုးသားဒီမိုကရေစီ အ
ဖွဲ့ချုပ်နဲ့ အတူတူ ဒီမိုကရေစီရအောင် ဆက်ပြီးဖော်ဆောင်ခဲ့ ကြပါတယ်။
.
ကမ္ဘောဇတိုင်း။ စက်တင်ဘာ
၁၈ အာဏာသိမ်းတဲ့ နောက် ပိုင်းမှာ တောင်ကြီးမြို့ကို စစ်တပ်ကဝင်တော့ ပစ်ခတ်မှုတွေ
ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒါလေးကို ပြောပြပေးပါဦး။
ဒေါ်ခင်မိုးမိုး။ ဟုတ်ပါတယ်။ ကျွန်မတို့ ၈၈၈၈ ဆရာတော်
ဦးခေမာနန္ဒ ဆိုရင်လည်း အဖမ်းခံရတယ်။ ဘုန်းကြီးတွေ ဖမ်း တယ်။ ဈေးနားတစ်ဝိုက်မှာ
သေတဲ့လူတွေ ရှိခဲ့တယ် နောက် အခု ဒီ ၈၈၈၈ အထိမ်းအမှတ် ကျောက်တိုင်ရဲ့ မျက်စောင်း
ထိုးမှာရှိတဲ့ ဒေါ်သန္တာခိုင်ရဲ့ သမီးလေးဆိုရင် စစ်တပ်ဝင်တဲ့ ၁၈ ရက်၊ ညမှာ
သေနတ်မှန်ပြီး ဆုံးပါးခဲ့တယ်။ မင်းကျောင်းသ ပိတ် စခန်းအနီးက ကျောင်း ပြန်လာတဲ့
တစ်ယောက် အဲဒီမှာ ပစ်သတ်ခံရတယ်။ နောက်ဈေးနားမှာ ဈေးသည်တွေရော အုပ်စုလိုက်
သေဆုံးခဲ့တာ ရှိတယ်။ ကျွန်မအထင် အားလုံး ၃၀ ကျော်လောက်တော့ ရှိမယ် ထင်တယ်။
.
ကမ္ဘောဇတိုင်း။ ဒီမိုကရေစီ
ရရှိရေးအတွက် ဆရာမတို့ အ နေနဲ့ အသက်သွေးချွေးနဲ့ စတေးခဲ့တာကနေ အခုဆိုရင် ဒီမိုက
ရေစီ ရွေးကောက်ပွဲတွေလည်း ကျင်းပနိုင်နေပြီ ဆိုတော့ ၈၈၈၈ ရဲ့ ပန်းတိုင်ကို ရောက်ပြီလို့
ဆိုနိုင်မလား။
ဒေါ်ခင်မိုးမိုး။ မရောက်သေးဘူးရှင့်။ ဘာလို့လဲဆိုတော့
ကျွန်မကတော့ ကျွန်မတို့ ၆၆(ဃ)နဲ့ ရင်ဆိုင်နေရတယ်၊ ၅၀၅ (က)(ခ)တွေ ရင်ဆိုင်နေရတယ်။
မတရားတဲ့ ဥပဒေတွေနဲ့ ရင် ဆိုင်နေရတယ်။ ဒါတွေဟာ ပယ်ဖျက်သင့်တဲ့ ဥပဒေတွေ ဖြစ် တယ်။
မပယ်ဖျက်တဲ့အပြင် နောက်ထပ် နိုင်လွတ်လုံဆိုတဲ့ နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့
လုံခြုံမှုကာကွယ်တဲ့ ဥပဒေ တွေ ထပ်တိုးလာတယ်။ အဲဒီနိုင်လွတ်လုံကလည်း ကျွန်မတို့
ပြည်သူလူထုတွေ အခွင့်အရေး မဟုတ်ဘူး။ အာဏာရှိတဲ့ သူ တွေရဲ့အခွင့်အရေး ဖြစ်ပြီးတော့
အဲဒီဥပဒေနဲ့ ဖမ်းဆီးခံရ၊ အ ရေးယူခံရ၊ ထောင်ကျတဲ့ သူတွေ အများကြီးပါပဲ။
.
ကမ္ဘောဇတိုင်း။ ဆရာမအနေနဲ့
တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမို ကရေစီ အရေးအတွက်ပေါ့ ရှေ့လျှောက် ဘာတွေလုပ်သွားဖို့
ရှိလဲ။
ဒေါ်ခင်မိုးမိုး။ ကျွန်မကတော့ ဆင်းရဲချို့တဲ့သူတွေကို ကျွန်
မတို့က အခမဲ့ရှေ့နေ လိုက်ပေးတယ်။ လက်ဖက်ရည် တစ်ခွက် ကျွန်မတို့ မသောက်ရဘူး။
ကျွန်မတို့ရဲ့ ရှေ့နေတွေလည်း လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ပြီးတော့ လုပ်နေတယ်။ ကျွန်
မရုံးက တောင်ကြီးတရားမျှတမှု စင်တာပါ။ အဲဒီတော့ တရား မျှတမှု လူတိုင်းရှိမှ
တရားဥပဒေ စိုးမိုးရေးရမယ်။ တရားဥပဒေ စိုးမိုးရေး ရတော့မှ ကျွန်မတို့
ငြိမ်းချမ်းရေးမှာ ဖြစ်ပါတယ်။ ဒါ တွေဟာ ဆက်နွယ်နေတဲ့ဟာ ဖြစ်ပါတယ်။
.
ကမ္ဘောဇတိုင်း။ ဖြည့်စွက်ပြောလိုတာရှိရင်
ပြောပေးပါဦး။
ဒေါ်ခင်မိုးမိုး။ သမိုင်းလို့ ပြောရရင် ၈၈၈၈ ဆိုတာ ကျွန် မတို့
ပြည်သူလူထု တစ်ရပ်လုံးက ဒီမိုကရေစီ အတွက်တိုက် ပွဲဝင်ခဲ့ကြတာဖြစ်တယ်။ အခု
ဒီအစိုးရလက်ထက်မှာ ရုံးပိတ် ရက် ရက်ကြီးရက်မြတ်တွေက စနေ၊ တနင်္ဂနွေနဲ့ ကြုံရင်
တောင် အစားထိုး ဖြည့်ပေးတာတွေရှိတယ်။ ကျွန်မတို့က လည်း ပြည်သူလူထု
တစ်ရပ်လုံးနဲ့ဆိုင်တဲ့ ၈၈၈၈ နေ့ကိုရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးစေချင်တယ်။
အခုလက်ရှိရွေး ကောက်ပွဲ အနိုင်ရတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း အမျိုးကို ချစ်တဲ့၊
တိုင်းပြည်ကို ချစ်တဲ့သူတွေ ဖြစ်စေချင်တယ်။ လက်ရှိ မှာတော့ ကိုယ့်အမျိုးကို ချစ်တာ
များနေတယ်လို့ပဲ ပြောချင် ပါတယ်။ တိုင်းပြည်ကိုချစ်တဲ့ ပြည်သူတွေကို ချစ်တဲ့သူတွေ
ဒီ ထက်ပိုပြီး ပေါ်ပေါက်လာဖို့ လိုအပ်ပါတယ်။
.
ကမ္ဘောဇတိုင်း။ အရင်ဆုံး
အစ်ကို့ရဲ့ နာမည်လေးကို မိတ် ဆက်ပေးပါဦး။
ကိုမြင့်ဌေး။ ကျွန်တော့်
နာမည်ကတော့ ကိုမြင့်ဌေးလို့ ခေါ်ပါတယ်။ နိုင်ငံရေး အဝန်းအဝိုင်းတော့
ကိုဘယ်ကျော်လို့ သိကြတယ်။
.
ကမ္ဘောဇတိုင်း။ ၈၈၈၈
လူထု အရေးတော်ပုံမှာ အစ်ကို့အ နေနဲ့ ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်ဆိုတာ သိပါရစေ။
ကိုမြင့်ဌေး။ ၈၈၈၈
အရေးအခင်း ကာလတုန်းက ကျွန် တော်က စတိတ်ကျောင်းသားပဲ ရှိသေးတယ်။ စတိတ်ကျောင်း
သားဆိုပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ဟာကို ကျွန်တော်တို့က သိနေပြီးသားလေ။
ကျောင်းသားရဲ့ သဘော သဘာဝက မတ ရားမှုကို မခံချင်တဲ့စိတ်က ရှိတာကို။ ရှိတော့ ဒီ ၈၈၈၈
အရေး အခင်းမှာ ငါတို့ ပါဝင်မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ ပါဝင်ခဲ့ကြ တာပါ။
.
ကမ္ဘောဇတိုင်း။ အရေးတော်ပုံ
မတိုင်မီကာလက ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ အစ်ကို သိသလောက် ပြောပြပေးပါဦး။
ကိုမြင့်ဌေး။ ၁၉၈၇
ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့မှာ ၂၅ ကျပ်တန်၊
၃၅ ကျပ်တန်တို့ ၇၅ ကျပ်တန်တွေကို အစိုးရက တရားမဝင် ငွေကြေးအဖြစ်
သတ်မှတ်လိုက်တာပေါ့။ အဲဒါက ပြည်သူလူထုတွေရဲ့ ရင်ဘတ်ကို လက်သီးနဲ့ ထိုးလိုက်သလိုပဲ။
အကုန်လုံး စီးပွားရေးတွေ ပျက်နေတာပါ့။ အစိုးရပေါ်မှာ နာ ကြည်းတဲ့စိတ်က အဲဒီမှာ
ထပြီးပေါက်ကွဲတာပဲ။ အဲဒီရှေ့ ၁၉၈၅ မှာတုန်းကတော့ ၁၀၀ တန်ကို သိမ်းလိုက်တယ်။
တိုင်းပြည်က ဦးနေဝင်း စစ်အာဏာ သိမ်းလိုက်တဲ့ ၂၆ နှစ် အတွင်းမှာ ကမ္ဘာ့အဆင်းရဲဆုံး
နိုင်ငံအဆင့်အထိ ရောက် သွားတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် တစ်ပါတီစနစ်လို့သာ
ပြောတာ အာဏာရှင်စနစ်ပဲ။ ပြည်သူလူထုရဲ့ အထွေထွေ အ ကြပ်အတည်းကြောင့် ဒီ ၈၈၈၈ လူထု
အရေးတော်ပုံကြီး ပေါ် ပေါက်ခဲ့တာပါ။
.
ကမ္ဘောဇတိုင်း။ အရေးတော်ပုံကာလအတွင်း
မြို့တော် တောင်ကြီးမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အစ်ကိုမြင်တွေ့ခဲ့ ရတဲ့ အတွေ့အကြုံကို
ပြောပြပေးပါဦး။
ကိုမြင့်ဌေး။ ၈
ရက်၊ ၈ လ မတိုင်ခင် ၈၈ နှစ်ဆန်းပိုင်းက တည်းက စဖြစ်နေပြီ။ ရန်ကုန်မှာ ဆိုရင်
စက်မှုကျောင်း ပေါ့။ တောင်ကြီးမှာဆိုရင် ဘာသာရေးဆန်တဲ့ အဓိကရုဏ်း ဇူလိုင်
လမှာဖြစ်ခဲ့တယ်။ ၈ ရက်၊ ၈ လမှာ အထွေထွေ သပိတ် လုပ် မယ်ဆိုပြီးတော့ ပျံ့နှံ့နေပြီ။
အဲဒီ ၈ ရက်၊ ၈ လ၊ ၈၈ မှာ တစ် ပြည်လုံး အတိုင်းအတာနဲ့ အထွေထွေ သပိတ်တွေ စခဲ့တာပါ။
.
ကမ္ဘောဇတိုင်း။ စက်တင်ဘာလ
၁၈ ရက်နေ့မှာ စစ်တပ် အာဏာသိမ်းတော့ တောင်ကြီးမှာ ပစ်တာခတ်တာ ရှိတယ်လို့ သိရတယ်။
အဲဒီချိန်မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာလည်း ရှင်း ပြပေးပါဦး။
ကိုမြင့်ဌေး။ အဲဒီ
စက်တင်ဘာ ၁၇ ရက်မှာ အောင်ပန်း သ ပိတ်စခန်းကို ရဲကပစ်လို့ ပြည်သူ ၂ ယောက်
ကျဆုံးသွား တယ်။ ဒီတော့ တောင်ကြီးက သပိတ်လှုပ်ရှားတဲ့ ပြည်သူတွေက အောင်ပန်းကို
ဆင်းကြတယ်။ နာရေးလိုက်ပို့ ကြတာပေါ့။ လိုက်ပို့ပြီး ပြန်လာတဲ့ ညနေမှာပဲ
အာဏာသိမ်းလိုက်တာပါ။ အဲဒီတုန်းက ညနေ ၆ နာရီသတင်းမှာ ကြေညာပါတယ်။ အဲ ဒီညမှာ
ကျွန်တော်တို့က သပိတ်စခန်း မကျဆုံးရေး အတွက် တိုင်ပင်ကြတာပေါ့။ ဒါပေမဲ့
နောက်တစ်နေ့ မနက်စောပိုင်း (ည ၁ နာရီ) လောက်မှာ စစ်တပ်က စပြီးပစ်တယ်။ ပစ်ပြီး
တော့မှ သပိတ်စခန်းကို သိမ်းတာပါ။ အဲဒီမှာထိပ်ဆုံး ကျဆုံး တာကတော့ အခုဗိုလ်ချုပ်ပန်းခြံ
မျက်စောင်းထိုးမှာ ရှိတဲ့ အိမ်က ကောင်မလေးတစ်ယောက် ကျဆုံးသွားတယ်။ ဒဏ် ရာရတဲ့
သူတွေလည်း ရှိတယ်။ နောက်မနက်ကျတော့ သ ပိတ်စခန်းကို ဖျက်သိမ်းလိုက်တာပေါ့။
နောက်လူထုကြားထဲ ကို ပစ်တဲ့အ တွက် အသေအပျောက်တွေ များခဲ့ပါတယ်။
.
ကမ္ဘောဇတိုင်း။ အဲဒီနောက်ပိုင်းမှာ
ဖမ်းဆီးထိန်းသိမ်း ခံရ တာတွေ ရှိလား။
ကိုမြင့်ဌေး။ အာဏာသိမ်းတဲ့
မနက်မှာပဲ အန်တီ ဒေါ်ခင် မိုးမိုး အပါအဝင် ကျွန်တော်တို့ သပိတ်ကော်မတီ ၂၄ ယောက်
ကို ချက်ချင်းပဲ ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲခဲ့ပါတယ်။
.
ကမ္ဘောဇတိုင်း။ အဲဒီနောက်ပိုင်း
၂၀၁၀ မတိုင်ခင်ထိမှာ စစ် အုပ်ချုပ်ရေးကာလ တစ်လျှောက်မှာပေါ့ ထောက်လှမ်းရေးလို
လုံခြုံရေးတပ်ဖွဲ့တွေက နောက်ယောင်ခံ စောင့်ကြည့်တာတွေ၊ အသွားအလာ ကန့်သတ်တာမျိုးတွေ
ရှိခဲ့ဖူးလား။
ကိုမြင့်ဌေး။ အဲဒါမျိုးတွေတော့
ရှိတာပေါ့။ အာဏာသိမ်း ပြီးနောက် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆို အစိုးရ
က တရားဝင် ကြေညာလိုက်တယ်။ ပါတီတွေ ထောင်ခွင့်ပေး လိုက်တော့ ဒီနိုင်ငံရေး
လှုပ်ရှားတဲ့ သူတွေထဲမှာ လည်း တချို့ က တောခိုတဲ့ အုပ်စုတွေ ရှိတယ်။ နောက်ပါတီထောင်တဲ့
အုပ် စုတွေရှိတယ်။ အဲဒီ နှစ်ပိုင်းကွဲသွားတော့ အစိုးရက လွှတ်ပေး ထားတယ်။ သူတို့
တပ်တွင်းကို ပြန်ပြီး သန့်ရှင်းရေး လုပ်တယ်။ တပ်ထဲမှာ လုံးဝစုစည်းမိပြီ ဆိုမှ
၁၉၈၉-၁၉၉၀ ဒေါ်အောင် ဆန်းစုကြည်တို့ အဖမ်းခံရတဲ့ကာလ နောက်ပိုင်းကျမှ အမြစ် ကနေ
လှန်တော့တာပဲ။ အဲဒီကာလက ထောင်ထဲမှာ လူပြည့် နေမှာပေါ့။
.
ကမ္ဘောဇတိုင်း။ အခုဆိုရင်
၈၈၈၈ လူထုအရေးတော်ပုံ ၃၂ နှစ် ပြည့်ပြီပေါ့။ အသက်သွေး၊ ချွေးတွေ အများကြီး စတေးခဲ့
တယ်။ အခုကာလမှာ ဒီမိုကရေစီ ရွေးကောက်ပွဲလည်း ၃ ကြိမ် မြောက်ကို သွားနေပြီ ၊
အစ်ကိုတို့ ကြိုးစားခဲ့တဲ့ ၈၈၈၈ ရဲ့ရည် ရွယ်ချက် ပန်းတိုင်က ရောက်ပြီလို့
ပြောနိုင်လား။ ရှေ့ဆက် ဘာတွေ ဆက်လုပ်ဖို့ ရှိသေးလဲ။
ကိုမြင့်ဌေး။ ပန်းတိုင်ကို
ရောက်ပြီလို့ ပြောလို့မရသေး ပါဘူး။ အများကြီး လိုပါသေးတယ်။ ဆက်လုပ်ရမယ့် ကိစ္စတွေ
ကတော့ ကျွန်တော်တို့နိုင်ငံမှာတင် အဓိကလိုအပ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေးပေါ့။
နောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ့ အဓိက ရည်မှန်းချက်က
အဲဒါပဲ။ အဲဒါကိုသွားဖို့အတွက် အများကြီး လုပ်ရဦးမယ်။ စနစ်နဲ့လုံးဝ
လိုက်လျောညီထွေမှု မရှိတဲ့ အခြေခံဥပဒေ ပြင်ဆင်ရမယ့် အ ချက်တွေလည်း အများကြီး
ရှိသေးတယ်။ အဲဒါကတော့ လွှတ် တော်ရဲ့ ကဏ္ဍပေါ့။
.
ကမ္ဘောဇတိုင်း။ အဲဒီလို
လွှတ်တော်ရဲ့ အခန်းကဏ္ဍတွေကို ဆောင်ရွက်တဲ့အခါမှာ အစ်ကိုတို့ အရပ်ဘက် ပြည်သူတွေ အနေနဲ့
ဘယ်လို ကူညီထောက်ပံ့မှုမျိုး ပေးနိုင်မယ်လို့ ယုံကြည် ပါသလဲ။ ဘယ်လိုကော
ထောက်ပံ့ပေးနေပါသလဲ။
ကိုမြင့်ဌေး။ ကျွန်တော်တို့ကတော့
တက်ကြွလှုပ်ရှား နိုင်ငံသားဆိုတဲ့ ပုံစံမျိုးပေါ့။ လှုံ့ဆော်ရေးအပိုင်း၊ အသိပညာ
ဖြန့်ဝေတဲ့အပိုင်း၊ အခု ၈၈၈၈ သမိုင်းတွေ ဖော်ဆောင်ရေး အ ပိုင်းတွေ
နောက်မျိုးဆက်တွေကို ဒီမိုကရေစီ အနှစ်သာရနဲ့ အာ ဏာရှင်စနစ် အဲဒါတွေကို
ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လုပ် သွားမှာပါ။
.
ကမ္ဘောဇတိုင်း။ ၈၈၈၈
အသုံးအနှုန်းနဲ့ ပတ်သက်လို့ လူထု အရေးတော်ပုံလား၊ လူထုအုံကြွမှုလားဆိုတာ
အစ်ကို့ရဲ့ အမြင် လေးကို ပြောပေးပါဦး။
ကိုမြင့်ဌေး။ ကျွန်တော်တို့ကတော့
အရေးတော်ပုံပါပဲ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်က ၁၃၀၀ ပြည့်
အရေးတော်ပုံ ပေါ်ပေါက်ခဲ့တယ်။ အဲဒီ အရေးတော်ပုံရဲ့ နောက် နှစ် ၅၀ အကြာမှာ
ပေါ်ပေါက်တဲ့ ၈၈၈၈ ပြည်သူ့ အရေးတော် ပုံပါ။ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ
ပါဝင်ခဲ့ဖူးတဲ့ သူတွေက ဒီ ၈၈၈၈
အရေးတော်ပုံကြီးဟာ ၁၃၀၀ ပြည့် အရေးတော်ပုံထက် အဆပေါင်းများစွာ ကျယ်ပြန့်တယ်လို့
သူတို့ကိုယ်တိုင်က သတ် မှတ်ပေးတယ်။ အာဏာရှင်အစိုးရရဲ့ယန္တရား ထိန်းသိမ်းမှု မ
ကောင်းလို့ ပေါ်ပေါက်လာတဲ့ ကိစ္စပါ။
.
ကမ္ဘောဇတိုင်း။ လာမယ့်
ဩဂုတ်လ ၈ ရက်ဆိုရင် ၈၈၈၈ ပြည်သူ့အရေးတော်ပုံ ၃၂ နှစ် ပြည့်မြောက်တဲ့နေ့ပေါ့။
ခါတိုင်းလို နှစ်ပတ်လည် အခမ်းအနားတွေလုပ်ဖို့
အစီအစဉ်ရှိပါသလား။
ကိုမြင့်ဌေး။ နှစ်ပတ်လည်က
လုပ်တာတော့ လုပ်ရမယ်။ ဒါက သမိုင်းဖော်ဆောင်ရေးလေ။ ဒါပေမဲ့ COVID-19 ကာလ ဖြစ်နေတာကြောင့် အကျဉ်းချုံးပြီးတော့ ဆွမ်းကပ်တာတို့၊ အမျှ
အတန်းပေးဝေတာလောက်ပဲ လုပ်ဖြစ်မယ်။
.
ကမ္ဘောဇတိုင်း။ မြန်မာနိုင်ငံမှာ
ပထမဆုံးဖြစ်တဲ့ ဒီမြို့တော် တောင်ကြီးက ၈၈၈၈ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူဖြစ်
တဲ့ အကြောင်းကို ပြောပြပေးပါဦး။
ကိုမြင့်ဌေး။ အရေးတော်ပုံကာလက
အာဏာမသိမ်းခင် တစ်ရက်အလိုမှာ ကျွန်တော်တို့ ကျောင်းသားအုပ်စုတွေ ၈၈၈၈ ဒီမိုကရေစီ
အထိမ်းအမှတ် ကျောက်တိုင် ထူမယ်လို့ ရည်ရွယ်ခဲ့ကြတယ်။ ရည်ရွယ်ပြီးတော့
အခုအဆုတ်ဆေးရုံ ထောင့်နားမှာ အမြင့် ၈ ပေ၊ ၈ လက်မရှိတဲ့ သစ်သားတိုင်ကို
ထောင်ခဲ့တယ်။ အဲဒါထောင်ပြီး နောက်တစ်ရက်မှာပဲ စစ်အာ ဏာသိမ်းပြီး
တိုင်ကိုဒိုင်းနမိုက်နဲ့ တစ်ခါတည်း ခွဲပစ်လိုက် တယ်။ အခု ဒီမိုကရေစီအစိုးရ
တက်လာတဲ့အချိန်မှာ ကျွန် တော်တို့က ဒါကို ပြန်ပြီးထူထောင်ခွင့် ပြုပါဆိုပြီး
အစိုးရကို တ ရားဝင် စာတင်တောင်းဆိုပြီးတော့မှ ဒီကျောက်တိုင် ဖြစ်ပေါ် လာတာပါ။
ဒီတောင်ကြီးက ကျောက်တိုင်ကတော့ ပထမဆုံး ပေါ့။ နောက် ဒီကျောက်တိုင်နဲ့ ပုံစံတူကို
ပဲခူးမှာ ဒုတိယတစ်ခု ထောင်ထားပါတယ်။ တတိယတစ်ခုကတော့ လွိုင်ကော် မှာ လုပ်နေတယ်။
အပြီးမသတ်နိုင်သေးဘူး။
.
ကမ္ဘောဇတိုင်း။ ၈၈၈၈
လူထုအရေးတော်ပုံမှာ ကိုယ်တိုင်ပါ ဝင်ခဲ့တဲ့ ကျောင်းသားဟောင်း တစ်ဦးအနေနဲ့
နောင်မျိုးဆက် သစ် ကျောင်းသား လူငယ်တွေကို နိုင်ငံရေး အသိအမြင်ရဖို့ တစ်ခုခု
အကြံပြု ပြောကြားပေးပါဦး။
ကိုမြင့်ဌေး။ နောက်မျိုးဆက်တွေကို
ပြောချင်တာက နိုင် ငံရေးကို လေ့လာပေါ့။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးကို စိတ်
ဝင်စားတဲ့လူတွေ များလာမှ တို့နိုင်ငံက လမ်းကြောင်းမှန်ကို တည့်မှာပါ။
လွှတ်တော်အမတ် ရွေးချယ်မှုကအစ သူ့ရဲ့ hu man right တွေကအစ အကုန်လုံး
ပါဝင်တာပေါ့။ အဲဒါတွေ နားလည် သဘောပေါက် လာပြီဆိုရင် သူတို့ရဲ့ ဆုံးဖြတ်ချက် တွေက
မမှားတော့ဘူးပေါ့။ မမှားရင် တိုင်းပြည်က နိုင်ငံရေး ရေချိန်မြင့်လာရင်
တိုင်းပြည်ခေါင်းဆောင် မယ့်လူတွေက ပေါက်တတ်ကရလူတွေ မဖြစ်လာနိုင်ဘူး။ အဲဒါကြောင့်
နိုင်ငံ ရေးကို လေ့လာကြပါ။ စိတ်ဝင်စားကြပါ။ အာဏာရှင် စနစ်ကို ဆန့်ကျင်ပါလို့
ပြောချင်ပါတယ်။
.
၈၈၈၈ အရေးတော်ပုံကာလက ပြည်သူများ အသက်သွေး ချွေးများစွာ
စတေးရင်း လမ်းခုလတ်တွင် ကျဆုံးခဲ့ရသူများ ရှိ သလို လက်ရှိအချိန်အထိ အာဏာရှင်စနစ်
အမြစ်ဖြတ်ရေး အတွက် တိုက်ပွဲဝင်နေဆဲ သူများလည်း ရှိကြပါသည်။ မည်သို့ပင် ဆိုစေ ၈၈၈၈
သည် သမိုင်းတစ်ခုပင် ဖြစ်ပါသည်။
.