COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၅ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၁၉ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြု လူနာများမှာ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ ခရီးသွား ရာဇဝင်ရှိ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်လှိုင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကာ၊ ၄င်းတို့အနက် လူနာအမှတ်(၃၉၄)မှာ မူဆယ်မြို့နယ်မှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) တို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၀၀၅ ခုအနက် ၁၅ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၁၉ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၉၄ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၃၃ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
