COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၉ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြု လူနာမှာ အမေရိကန်နိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိ၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ အသက် ၅၃ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) တို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၀၆၃ ခုအနက် ၁ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၉ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၆၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၁၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
