တောင်ကြီးမြို့၊ ရဲဘော်ဈေးရှိ ဆိုင်ခန်းများအား ပိတ်သိမ်းပေးရန် ညွှန်ကြားလာမှုနှင့် ပတ်သက်၍ ရပခ တိုင်းမှူးထံ အသနားခံ တင်ပြသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ရဲဘော်ဈေးရှိ ဆိုင်ခန်းများအား ပိတ်သိမ်းပေးရန် ညွှန်ကြားလာမှုနှင့် ပတ်သက်၍ ရပခ တိုင်းမှူးထံ အသနားခံ တင်ပြသွားမည်


စုလှိုင်
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရဲဘော်ဈေးအတွင်းရှိ ဆိုင်ခန်းများအား ပိတ်သိမ်းပေးရန် ညွှန်ကြားလာမှုနှင့် ပတ်သက်၍ ဈေးသူဈေးသားများ စုပေါင်းကာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အသနား ခံစာ တင်ပြသွားမည်ဟု သိရသည်။
.

.
“ဈေးကို ဖျက်သိမ်းရမယ်ဆိုပြီး ဗိုလ်မှူးကျေ်မင်းထွန်းက ဩဂုတ်လ ၁၇ ရက်မှာ ကျွန်တော်တို့ ဈေးကော်မတီ ၃ ဦးကို ခေါ်ပြောပါတယ်။ ဒါကြောင့် ကျွန်တော်က အချိန်အကန့်အသတ်လေး ပေးဖို့ အသနားခံ ပြောတော့ သူက မရတော့ဘူး လို့ပြောတယ်။ မနေ့ ၂၄ ရက်ညမှာ ကျွန်တော်တို့ကို တစ်ဈေးလုံးကို ခေါ်ပြီးတော့ မနက်ဖြန် အပြီး ပိတ်ပေးတော့လို့ ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဈေးသူဈေးသားတွေ စုပေါင်းပြီးတော့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်ဆီကို သွားပြီးတော့ အသနားခံစာ တင်ပြသွားမှာပါ” ဟု ရဲဘော်ဈေး အကျိုးတော်‌ဆောင် ဦးကျော်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် ဈေးသူဈေးသားများ စုပေါင်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် အပါအဝင် သက်ဆိုင်ရာ ဝာာဝန်ရှိသူများထံသို့ ပထမအကြိမ် အသနားခံစာ တင်ပြ ထားပြီးဖြစ်သည်ဟု ၎င်းထံက သိရသည်။
.
ရဲဘော်ဈေးအတွင်း ဈေးရောင်းချသော ဈေးသူဈေးသားများ အနေဖြင့် မြေငှားရမ်းခ၊ ရေခွန်၊ မီးခွန်များကို လစဉ် မပျက်မကွက် လစဉ်ပေးဆောင်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ လက်ရှိအထိ နှုန်းထားအသစ် များဖြင့် ပေးဆောင်နေရ‌သော်လည်း ပြေစာရရှိခြင်း မရှိကြောင်း သိရသည်။
.
ဈေး ပိတ်သိမ်းခိုင်းသည့် ကိစ္စနှင့် ပတ်သက်၍ လက်ရှိတွင် COVID-19 ကာလဖြစ်သောကြောင့် စားဝတ်နေရေး အခက် အခဲ ဖြစ်ပေါ်နေသဖြင့် ညှိနှိုင်းပြီး အချိန်ကာလ ရွှေ့‌ဆိုင်းပေးရန် ဈေးသည်များက လိုလားလျက်ရှိကြောင်း သိရသည်။
.
“ဗြုန်းစားကြီး အစည်းအဝေးခေါ်တယ်။ ဒီနေ့ ချက်ချင်းပိတ်ခိုင်းတယ်။ ကျွန်မတို့ ဈေးသူဈေးသားတွေအနေနဲ့ အရမ်း ခက်ခဲတယ်။ ဖယ်ခိုင်းပြီးရင် နေရာလည်း အစားမပေးဘူး။ ကျွန်မတို့ အနေနဲ့ကတော့ ဈေးကို မဖျက်စေချင်ပါဘူး” ဟု ယင်းရဲဘော်ဈေးအတွင်း ကြက်ဥရောင်းချသူ မသဲသဲကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင် တယ်လီဖုန်း ကိုင်ဆောင် ဖြေကြားခြင်း မရှိခဲ့ချေ။
.
ယင်း ရဲဘော်ဈေးကို ၁၉၉၈ ခုနှစ်မှ စတင်၍ အခွန်လွတ်ဈေးအဖြစ် ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဈေးဆိုင်ခန်းပေါင်း ၁၅၀‌ ကျော်ရှိကာ ပျံကျဈေးသည်များလည်း အများအပြား ရှိနေကြောင်း သိရသည်။
.

Journal Download

Photo of three cats