စုလှိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊
ရွှေတြိဂံဒေသ၊ ဝမ်ပုံဆိပ်ကမ်းတွင် တောရိုင်းတိရစ္ဆာန် ကာကွယ် ထိန်းသိမ်းရေး ဆိုင်ရာ
အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို စိုက်ထူထားပြီး ရှမ်းပြည်နယ် အတွင်းရှိ အခြားဒေသများတွင်လည်း ယင်းကဲ့သို့ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူသွားရန် ရှိနေသည်ဟု
သိရသည်။
.
အဆိုပါ ဝမ်ပုံဆိပ်ကမ်းရှိ အသိပညာပေး
ဆိုင်းဘုတ်တွင် ငှက်သား၊ တောကောင်သားနှင့် သမင်သားများ စားသုံးပါက
H1N1 အပြင်းဖျား တုပ်ကွေးရောဂါ၊ ခရုသင်း၊ သမင်ဖြူရောဂါ၊ နူနာ၊ အနာကြီးရောဂါ
ဖြစ်တတ်ကြောင်းနှင့် သနားစရာ တောရိုင်း တိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊
ရောင်းဝယ်ခြင်း ၊ စားသောက်ခြင်း မပြုလုပ်ခြင်းဖြင့် ကုသိုလ် ရယူရန် ရေးသားဖော်ပြထားသည်။
.
“အဓိက ကတော့
တောင်ရိုင်း တိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ ရည်ရွယ်တာပါပဲ။ တစ်ဖက်က ဥပဒေနဲ့ ထိန်းသလို
တစ်ဖက်ကလည်း ဒါတွေ လုပ်ရင် ဒါမျိုးဖြစ်တယ်ဆိုတာ အသိပေးတာလောက်ပါပဲ။ အဓိက က ထိန်းဖို့ပါပဲ”ဟု ရှမ်းပြည်နယ်
သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ အသိပေးဗွီနိုင်း ပိုစတာ
စိုက်ထူမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့နေ ပါရဂူဆရာဝန် တစ်ဦးက “H1N1
ကတော့ တိရစ္ဆာန်ကနေ လူကို ကူးတာ ရှိတယ်။ ဒါပေမဲ့ သမင်ဖြူ၊ ခရုသင်းတို့ကတော့ မှိုနဲ့
ပတ်သက်တဲ့ ရောဂါတွေဆိုတော့ အသားစားလို့ ဖြစ်တာ မဟုတ်ဘူး။ လူရဲ့ အရေပြားက မှိုကနေ ဖြစ်တဲ့ရောဂါတွေပါ။
အဲဒါတွေက လူလူချင်း ကူးစက်တယ်။ ဥပမာ သမင်သားစားရင် သမင်လို အကွက်တွေ ဖြစ်တယ် ဆိုတာ
မဟုတ်ပါဘူး”ဟု သုံးသပ် ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင် ရာ
သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်ခြင်း ဈေးကွက်တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး၊
အာရှတိုက်၏ သားငှက်တိရစ္ဆာန် ကုန်သွယ်မှု အတွက်လည်း လမ်းဆုံတစ်ခု ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် မြန်မာနိုင်ငံအတွင်း အရှေ့တောင်အာရှဒေသ၏
တန်ဖိုးမြင့် မျိုးစိတ်များအပြင်
ဝက်ဝံနှင့် အခြား တောရိုင်း ကြောင်ကြီးမျိုးများ၊ သင်းခွေချပ်နှင့် လိပ်များ ရှင်သန်
ပေါက်ဖွားနိုင်သေးသည့် နိုင်ငံ အနည်းငယ် အနက် တစ်ခု အပါအဝင် ဖြစ်သော်လည်း တရားမဝင်
အမဲလိုက် ဖမ်းဆီးမှုနှင့် ကုန်သွယ် ရောင်းချမှုများကြောင့် လက်ကျန် သားငှက်တိရစ္ဆာန်များသည်
အထူး စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေသည်ဟု သိရသည်။
No comments:
Post a Comment