အောင်သပြေတိုးဂိတ်တွင် ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ ဒေသခံများနှင့် တိုးဂိတ်တာဝန်ရှိသူများ အငြင်းပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 10, 2020

အောင်သပြေတိုးဂိတ်တွင် ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ ဒေသခံများနှင့် တိုးဂိတ်တာဝန်ရှိသူများ အငြင်းပွား

မင်းဇော်မင်း၊ စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေတိုးဂိတ်တွင် ယာဉ်ဖြတ်သန်းခ ကောက်ခံမှု နှင့်ပတ်သက်၍ ဒေသခံများနှင့် တိုးဂိတ်တာဝန်ရှိသူတို့အကြား ယနေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းက အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.


.
“လွတ်လပ်စွာ သွားလာခွင့် ဆုံးရှုံးနေလို့ နိုင်ငံတော်ကိုလည်း တင်ပြထားပါတယ်။ ဒီမှာလည်း အကြိမ်ကြိမ် ဆွေးနွေး ထားပါတယ်။ သူတို့ဘက်က ဘာမှ ခေါ်ယူဆွေးနွေးခြင်းလည်း မရှိဘူး။ ဆန္ဒပြမယ်ဆိုလည်း ပြခွင့်မရဘူး။ COVID-19 ကာလမှာ တိုးဂိတ်က ပိုက်ဆံကောက်မယ်ဆိုပြီး လုပ်လို့ သွားရင်းလာရင်း ကားတွေ တဖြည်းဖြည်း များလာပြီ။ ပိုက်ဆံ ပေးရရင် မသွားဘူး။ နှစ်ပေါင်း ၄၀ လုံး အခမဲ့ သွားလာခွင့် ရှိပြီးသားပါ” ဟု ရွှေညောင်မြို့နေ ဦးကျော်အေးက ပြောသည်။
.
အဆိုပါ အောင်သပြေတိုးဂိတ်ကို တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ် အစပ်ဖြစ်သော တောင်လေးလုံး တွင် ပြောင်း‌ရွှေ့ပေးရန် ဒေသခံများက ဆန္ဒရှိနေပြီး နှစ်ဦးနှစ်ဘက် ခေါ်ယူညှိနှိုင်းကာ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလို ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ ရွှေညောင်မြို့နေ ဦးတင်ရွှေကလည်း “ကျွန်တော်တို့ ဒီဂိတ်ကို မြို့နယ်အစပ်တောင်လေးလုံးကို ရွှေ့ပေးဖို့ တင်ပြတော့ COVID-19 ကာလ ဖြစ်လို့ပါ။ လူမစုဝေးရလို့ ဆိုပြီး ခုကြတော့ အင်အား သုံးပြီး ပေးထားတဲ့ ကတိကို ချိုးဖောက်ပြီး ငွေကောက်ဖို့လုပ်တယ်။ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာတဲ့အနေနဲ့ တောင်းဆိုတာ ဖြစ်လို့ နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် စတဲ့ ခေါင်းဆောင်တွေထံ ဒေသခံ ၂၈၀၀ လက်မှတ်ရေးထိုး တင်ပြ ခဲ့တယ်။ ဒါပေမဲ့ ခုထိ ဘာမှ အကြောင်းမထူးသလို ပြည်နယ်အစိုးရကလည်းဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှ ပြောကြားတာ မရှိဘူး။ အခု ကတိဖောက်ဖျက်ပြီးငွေကောက်မှပဲ အစိုးရက ပြည်သူဘက်က မရှိဘဲနဲ့ကုမ္ပဏီဘက်မှာ ရှိနေတာ တွေ့ရတယ်။ ခုက နိုင်ငံသားအခွင့်အရေးနစ်နာစေတဲ့ ဒီဂိတ်ကို ပြောင်းရွှေ့ဖို့ပဲ တောင်းဆိုမယ်” ဟု ပြောဆိုခဲ့သည်။
.
ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်ရှိ အောင်သပြေတိုးဂိတ်မှ မြို့ပေါ်နှင့် အနီးနားရှိ ဒေသခံမော်တော်ယာဉ် များအား လမ်းဖြတ်သန်းခအဖြစ် ငွေကြေးကောက်ခံရန် စီစဉ်ထားရှိမှုနှင့်ပတ်သက်၍ အဆိုပါတိုးဂိတ် နေရာအား နေရာမှန် ရွှေ့ပြောင်းနိုင်ရန်အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ(၄) အရ မော်တော်ယာဥ်များဖြင့် စီတန်းချီ တက်လှည့်လည်နိုင်ရန် တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး သို့သွားရောက်တင်ပြလျှောက် ထားခဲ့ရာ COVID-19 ကာလ ဖြစ်သော လူစုလူဝေး မပြုလုပ်ရန် ညွန်ကြား ထားမှုကြောင့် ရက်ရွေ့ဆိုင်းထားကြောင်း သိရသည်။
.
ယင်းကဲ့သို့ အငြင်းပွားမှု အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးထံသို့ ဆက်သွယ်မေးမြန်းရာတွင် အစည်းအဝေးလုပ်နေသဖြင့် မအား သေး ကြောင်းနှင့် အစည်း အဝေးပြီးပါက ပြန်လည်ဆက်သွယ်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats