တောင်ကြီးတွင် ရဲတပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဆေးဝါးများနှင့်အတူ ပြည်သူများက ဖမ်းဆီး - Kanbawza Tai News

Breaking

Friday, July 10, 2020

တောင်ကြီးတွင် ရဲတပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဆေးဝါးများနှင့်အတူ ပြည်သူများက ဖမ်းဆီး

မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ဇူလိုင်လ ၇ ရက်၊ ညပိုင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများ၊ ပြည်သူများ စုပေါင်း၍ မူးယစ်ဆေးဝါး ဖမ်းဆီးခြင်းလုပ်ငန်း ဆောင်ရွက် ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တွေ့ရှိ ခဲ့ပြီး ၎င်းတို့အနက် ၂ ဦးတွင် မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် တောင်ကြီး မြို့မရဲစခန်းသို့ လွှဲအပ်ခဲ့ကြောင်း သိရသည်။
.

.
“ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေ များလာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ထဲက ပြည်သူတွေ ပူးပေါင်းပြီး သွားဖမ်းတာ ရဲ ၂ ယောက်ကို ဆေးပြား ၉ ပြားနဲ့ အတူ ဖမ်းမိတယ်။ သူတို့က ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကလို့ ပြောတယ်။ အဲဒါနဲ့ စခန်းမှူးကို အကြောင်းကြားလိုက်တော့ လာခေါ်သွားပြီး တစ်ခါတည်း အမှုဖွင့် အရေးယူ လိုက်တယ်” ဟု ရွှေတောင်ရပ်ကွက်နေ ဦးသန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရွှေတောင်ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းချသည်ဟု ကျော်ဇောသူများ၏ နေအိမ်များအား ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး တာဝန်ရှိသူများနှင့် ရပ်ကွက်နေ ပြည်သူများမှ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ရာ တွင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသူ ၂ ဦးကို အမှုဖွင့်အရေးယူကာ ကျန် ၃ ဦးမှာ မူးယစ် ဆေးဝါး တွေ့ရှိခြင်း မရှိသည့်အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
.
ထို့အတူ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကလည်း “ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်း တဲ့သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်မှု ရှိနေတယ်ဆိုလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စီမံချက်နဲ့ လုပ်လိုက်တာပါ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာ “အရေးယူထားတာ ဟုတ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ယင်းကဲ့သို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ထို့အပြင် တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပိုမိုများလာ သဖြင့် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက် နေပြည်သူ များနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေ လျက်ရှိကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats