စူဠာမုနိဘုရားရင်ပြင်တော်နှင့် ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 1, 2020

စူဠာမုနိဘုရားရင်ပြင်တော်နှင့် ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာဘုရား ရင်ပြင်တော် နားနေ ဆောင်နှင့် ဈေးဆိုင်ခန်းများကို ယနေ့ ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
.
.
“စူဠာမုနိဘုရားရဲ့ ရှေ့မှာရှိတဲ့ နားနေဆောင် ပြန်ဖွင့်တာပါ။ ဘုရားဖူးချင်တဲ့သူတွေ အပြင်ကနေ ဖူးပေါ့။ အတွင်းက တော့ နိုင်ငံတော်က သတ်မှတ်တဲ့ရက်မှ ဖွင့်လို့ရမယ်။ စားသောက်ဆိုင်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက်နဲ့ ကိုက်ညီရင် ဖွင့်လို့ရအောင် စီစဉ်ထားပေးတာပါ” ဟု စူဠာမုနိ စေတီတော် ဂေါပကအဖွဲ့ဝင် ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ စေတီတော်ရင်ပြင် ပြန်လည်ဖွင့်လှစ်ရာတွင် COVID-19 သတ်မှတ်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်စေရန် Mask တပ်ဆင်လာရမည်ဖြစ်ပြီး မတပ်ဆင်လာပါက ဘုရားအလှူငွေအဖြစ် Mask တစ်ခုလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရမည်ဖြစ်ကာ နေ့စဉ် နံနက် ၅ နာရီမှ ည ၇ နာရီအထိသာ ဘုရားရင်ပြင်တော်ကို ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
.
စူဠာမုနိ စေတီတော်သို့ လာရောက် ဖူးမြော်သော ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန် နှင့် အပန်းဖြေ စေရန် ရည်ရွယ်၍ ပန်းပင် ဥယျာဉ်ငယ်လေးများကို ဆောက်လုပ်ပေးထားပြီး ယာဉ်ရပ်နားခြင်း သန့်စင်ခန်း အသုံးပြုခြင်းများကိုလည်း အခမဲ့ စနစ်ဖြင့် ထားရှိကြောင်း သိရသည်။
.
COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဘုရား၊ စေတီများကို ဝင်ရောက်ခွင့် ပိတ်ပင်ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဧပြီလဆန်းအတွင်း ညွှန်ကြားထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About