ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်
တောင်ကြီးမြို့၏ အထင်ကရ စေတီဖြစ်သော စူဠာမုနိလောကချမ်းသာ စေတီတော် ရင်ပြင်တော်နှင့်
ဈေးဆိုင်ခန်းများအား ယမန်နေ့ ဇူလိုင်လ ၁ ရက်က ဖွင့်လှစ်ပေးခဲ့သော်လည်း ယနေ့ ဇူလိုင်လ
၂ ရက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ပြန်ပိတ်ခဲ့သည်ဟု သိရသည်။
.
.
“ဂေါပကအဖွဲ့ရဲ့
အစည်းအဝေး ဆုံးဖြတ်ချက်အရ မနေ့က ပြန်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှာ ခေတ္တ ဆိုင်းငံ့
ထားပေးဖို့ ရှမ်းပြည်နယ်အစိုးရက အကြောင်းကြားလာတဲ့အတွက် ပြန်ပိတ်ထားပါတယ်” ဟု စူဠာမုနိ စေတီတော်
ဂေါပကအဖွဲ့ အတွင်းရေးမှူး ဒေါက်တာရဲမြင့်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အပြင် စေတီတော်
ရင်ပြင်ရှိ စားသောက်ဆိုင်ခန်းများကိုလည်း မတ်လ ၃၁ ရက်မှ ယနေ့အချိန်အထိ ဆိုင်ခန်း လစာ
ကောက်ခံခြင်းမရှိသည့်အတွက် ဆိုင်ခန်းရှင်များအဖို့ နစ်နာမှု မရှိနိုင်ကြောင်းနှင့်
လုပ်ငန်းများ ပြန်လည်လည်ပတ်မှသာ ဆိုင်ခန်းလစာကို ပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက
ဆက်လက် ပြောဆိုခဲ့သည်။
.
COVID-19 ကပ်ရောဂါ
ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဘုရား၊ စေတီများကို
ဝင်ရောက်ခွင့် ပိတ်ပင်ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဧပြီလဆန်းအတွင်း ညွှန်ကြားထား ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း
စူဠာမုနိ လောကချမ်းသာ စေတီတော်အပြင် အထင်ကရ ဘုရားစေတီများ ဖြစ် သော ရွှေဘုန်းပွင့် စေတီ၊
အတုလမာရဇိန် ဆုတောင်းပြည့် မြို့လယ်ဓမ္မာရုံ အပါအဝင် ဘုရား ၂၆၀၄ ဆူ၊ စေတီ ၃၀၉၅ ဆူ၊
ပုထိုး ၂ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၃၄၄ ကျောင်းရှိပြီး ရဟန်း ၂၀၀၀ ကျော်၊ သာမဏေ ၅၀၀၀
ကျော်နှင့် သီလရှင် ၆၀၀ ကျော် သီတင်းသုံးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment