မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ကိုးမြို့ရှင်နတ်နန်း
အပေါ်ဘက်ရှိ ကမ္ဘောဇ လမ်းမီးပွိုင့် တွင် ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက်ပိုင်းက လင်မယားချင်း
စကားများရန်ဖြစ်ရာမှ ဝင်ရောက် ဖျန်ဖြေသူ ယောက်ဖအား ရဲတင်းဖြင့် ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ မောင်မိုးသည် ယနေ့ ဇူလိုင်လ
၂၀ ရက်၊ နံနက် ၉ နာရီအချိန်က မြို့မဈေးသို့ သွားရောက်ရန်အတွက် ၎င်း၏အစ်မဖြစ်သူ မဝင်းမာလာ၊
ညီမဖြစ်သူ မသဲသဲမာ၊ ဇနီးဖြစ်သူ မခိုင်သဇင်ထွန်းတို့နှင့် အတူ ဆိုင်ကယ် ၂ စီးဖြင့် နေအိမ်မှ
ထွက်လာစဉ် ကမ္ဘောဇလမ်း မီးပွိုင့်အရောက်တွင် ညီမဖြစ်သူ မသဲသဲမာ၏ အမျိုးသား အောင်နိုင်မှ
ဆိုင်ကယ်ဖြင့် နောက်မှ ရောက်ရှိလာပြီး မသဲသဲမာအား ဆိုင်ကယ်ပေါ်မှ ဆွဲချခေါ်ဆောင်သွား
သဖြင့် မောင်မိုးမှ လိုက်လံတားမြစ်ရာ အောင်နိုင်က အသင့်ပါလာ သည့် ရဲတင်းဖြင့် ခုတ်ရာ
မောင်မိုးတွင် လက်ဖဝဲ စောင်း ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှု ခံယူနေခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့လင်မယားက ကွဲနေတာပါ။ မိန်းမဖြစ်သူက မောင်နဲ့လာတဲ့အချိန်မှာ
သူတို့ချင်း စကားများရန်ဖြစ်ရင်း ယောက်ျားက ပါလာတဲ့ရဲတင်းနဲ့ခုတ်လိုက်တာပါ။ ဘယ်က ဘယ်လိုစဖြစ်တယ်တော့
မသိဘူး။ သူတို့ရန်ဖြစ် ပြီးမှ ကျွန်တော်တို့ ရောက်တာပါ။ ခုတ်ခံရတဲ့ ကောင်လေးကို ဆေးရုံပို့လိုက်တယ်။
ခုတ်တဲ့သူကိုတော့ နယ်မြေရဲစန်းက ဖမ်းခေါ်သွားပါပြီ” ဟု တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အမှုမှ အခြားသူအား ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်သူ အောင်နိုင်ကို
တောင်ကြီးနယ်မြေ ရဲစခန်းတွင် (ပ)၁၂၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
No comments:
Post a Comment