မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယနေ့ ဇူလိုင်လ ၂၁
ရက်၊ နံနက်ပိုင်းက တရားမဝင် ဝင်ရောက်လာ သည်ဟု ယူဆရသော တရုတ်နိုင်ငံသား ၉ ဦးကို စစ်ဆေးတွေ့ရှိသဖြင့်
သက်ဆိုင်ရာဌာနများမှ စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့မရဲစခန်းရှေ့တွင်
ယနေ့ ဇူလိုင်လ ၂၁ ရက်၊ နံနက် ၆ နာရီက ယာဉ်တိုက်မှု ဖြစ်ပွားပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း
သတင်းအရ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တက္ကသိုလ်မီးပွိုင့်တွင် တာဝန်ကျနေသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည်
မော်တော်ယာဉ်များကို စစ်ဆေး ရှာဖွေနေစဉ် မန္တလေးမြို့၊ စက်မှု(၂)၊ ၆၂ လမ်းနေ ယာဉ်မောင်း
လင်းကိုကိုမောင် ဆိုသူမောင်းနှင်လာသည့် WISH အမျိုးအစား အဖြူရောင် မော်တော်ယာဉ်ပေါ်မှ တရုတ်နိုင်ငံသား ချိန်မင် အပါအဝင်
အမျိုးသား ၈ ဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ၉ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
“ပတ်စပို့၊ ဗီဇာ ဘာမှ မပါလာပါဘူး။ အထောက်အထားမဲ့ပါ။ ကားသမားက
သူတို့ကို နောင်ချိုနဲ့ နမ္မတူကြားမှာ ပါဂျဲရိုး ၂ စီးနဲ့ သူ့ကားပေါ် တင်ပေးလာပြီး
ရွာငံကို ပို့ခိုင်းတာပါ။ ဖမ်းမိပုံက ဟိုပုံးမှာ ယာဉ်တိုက်မှုဖြစ်လို့ ယာဉ်ထိန်းက တက္ကသိုလ်မီးပွိုင့်
မှာ စောင့်ဆိုင်းနေတုန်း ဒီကားကို တားဆီးမိတာပါ။ ဒါကြောင့် ကျွန်တော်တို့ကို လှမ်းခေါ်လို့
စစ်ဆေးခဲ့တာပါ။ အဲဒီ တရုတ်နိုင်ငံသား ၉ ယောက်လုံးကလည်း သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံ
ဘယ်မြို့ကနေ ဘယ်လို ဝင်လာတယ်ဆိုတာ မပြောတတ်ဘူး။ လဝက ဥပဒေနဲ့ အရေးယူသွားမှာပါ” ဟု တောင်ကြီးမြို့နယ်လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ လက်ထောက်လဝကဦးစီးမှူး ဦးအမ်ဒီအိုင်ဇက်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တရုတ်နိုင်ငံသားများကို တောင်ကြီးမြို့၊ အမှတ် (၁၈)
ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်း/တောင်) တွင် မေးမြန်းစစ်မေးရာ အထောက်အထား
မပြနိုင်သဖြင့် မြို့မရဲစခန်းသို့
ပို့ဆောင်ပေးခဲ့ပြီး တောင်ကြီးမြို့နယ် လဝကရုံးအပါအဝင် သက်ဆိုင်ရာဌာနများမှ စစ်ဆေးမေးမြန်းမှုများ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment