စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊
ဇီဇဝါလမ်းရှိ ၃ ထပ်တိုက်ပေါ်မှ ဇူလိုင်လ ၁၀ ရက်၊ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု
ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ နေအိမ်အပေါ်ထပ်သို့ တက်၍ ကြောင်ဖမ်းရာမှ
ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။
.
.
“သူတို့အိမ်မှာ မွေးထားတဲ့ကြောင် ပျောက်လို့ လိုက်တက်ရှာရင်းနဲ့ ပေ ၂၀ အမြင့်လောက်ကနေ ပြုတ်ကျတာ ပါ။ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်နေပါတယ်” ဟု တောင်ကြီး မြို့မရဲစခန်းမှူး ဒုရဲမှူး ထက်အောင်ဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ နယ်မြေ (၁၀)၊ ဇီဇဝါလမ်းနေ
ဦးစံလင်းသည် ဇူလိုင်လ ၁၀ ရက်၊ နေ့လယ် ၁ နာရီခန့်က တောင်ကြီးမြို့မဈေးအတွင်း
ရောက်ရှိနေစဉ် ပတ်ဝန်းကျင်မှ ၎င်းထံသို့ ဖုန်းဆက် လာပြီး သားဖြစ်သူ ကိုရီရှင်း (၂၃
နှစ်)သည် နေအိမ်အပေါ်ထပ် ပေ ၂၀ ခန့် အမြင့်မှ ပြုတ်ကျကြောင်း အကြောင်းကြားလာသဖြင့် နေအိမ်သို့ပြန်၍ သားဖြစ်သူအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့
ပို့ဆောင် ကာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သေဆုံးသူ ကိုရှီရှင်းသည် နေအိမ်တွင်မြူထားသည့်
ကြောင်များအား ချစ်တတ်၍ ကြောင်များ ပျောက်ဆုံး လျှင် နေအိမ် အပေါ်/အောက်သို့
လိုက်ရှာတတ်ကြောင်း၊ ရံဖန် ရံခါတွင် ကြောင်များ ပျောက်ဆုံးပါက ၂ ထပ်တိုက်
ဝရန်တာပေါ်အထိ လိုက်လံဖမ်းဆီးတတ်သဖြင့် မတက်ရန် ပြောဆို ထားကြောင်းနှင့်
သေဆုံး သူသည် Mobile Game အား နေ့/ည ဆော့ကစားလေ့ရှိသူဖြစ်ကြောင်း ၎င်း၏ဖခင်
ဦးစံလင်းက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထား သည်ဟု ရဲ မှတ်တမ်းများအရ သိရသည်။
.
“ဆေးတိုက် အပေါ်ကနေ ခုန်ချတာ။ ပိုင်ရှင်ရဲ့ သား အကြီး
ထင်တယ်။ ဆေးရုံက ကားနဲ့ ခေါ်သွားတယ်။ ရဲ တွေလည်း လာ စစ်သွားတယ်။”ဟု တောင်ကြီးမြို့၊
ကန်အောက်ရပ်ကွက်နေ မျက်မြင်တစ်ဦးက ကမ္ဘောဇ တိုင်း သို့ ပြောဆိုထားသည်။
.
အဆိုပါ ကိုရီရှင်း သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်ကြီး မြို့မရဲစခန်းတွင်
သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment