ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု SSPP/SSA ထုတ်ပြန် - Kanbawza Tai News

Breaking

Friday, July 31, 2020

ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု SSPP/SSA ထုတ်ပြန်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရေရှည်တည်တံ့သော ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရန် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပါအဝင် အချက် ၅ ချက်ကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) က ဇူလိုင်လ ၂၉ ရက်တွင် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.

.
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်၏ ၂၀၂၀ ပြည့်နှစ် ၆ လပတ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်မှ ၂၉ ရက်အထိ SSPP ဗဟိုဌာနချုပ် ဝမ်ဟိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်း အစည်းအဝေးအပြီးတွင် ရှေ့လုပ်ငန်းစဉ်များအဖြစ် ယင်းအချက် ၅ ချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ ထုတ်ပြန်ချက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရန် နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်သည့် အဖွဲ့ အစည်းများနှင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရမှ ဦးဆောင်ကျင်းပ ပြုလုပ်သွားမည့် စတုတ္တအကြိမ် မြောက် ၂၁ ရာစု ပင်လုံသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံညှိနှိုင်းဖြေရှင်းမည့် လုပ်ငန်းစဉ် ဖြစ်သည့်အတွက် SSPP/SSA အနေဖြင့် အပြုသဘောဆောင်သည်ဟု ရှုမြင်ကြောင်း၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲကို SSPP/SSA အနေဖြင့် အပြည့်အဝကြိုဆိုထောက်ခံပြီး ရွေးကောက်ပွဲတွင် ပြည်သူမှ လွတ်လပ်စွာ မဲပေးခွင့်ရရှိနိုင်ရေးနှင့် တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ ပြည်သူ များအား ကျေးဇူးဆပ်သည့်အနေဖြင့် SSPP/SSA မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တာဝန်ရှိသူများထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲ့ချေ။
.
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီး မြို့နယ်တွင် ဌာနချုပ် အခြေစိုက်ဖွင့်လှစ်ထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats