သီပေါတွင် SSPP နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုက်ပွဲရှောင် ၂၆၀ ကျော် ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 23, 2020

သီပေါတွင် SSPP နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုက်ပွဲရှောင် ၂၆၀ ကျော် ရှိလာ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ ဇူလိုင်လ ၂၂ ရက်က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆောင်ကြဲကျေးရွာသို့ တိုက်ပွဲ ရှောင်လာသူ ၂၆၂ ဦး ရောက်ရှိလာနေကြောင်း သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ် ကိုယ်စားလှယ် နန်းစမ်းစမ်းအေး ထံက သိရသည်။
.

.
“မနေ့ကတော့ ရောက်လာကြတာပါ။ ရွာနားမှာတိုက်ပွဲဖြစ်တော့ ရှောင်လာကြတာ ၂၆၂ ဦးပါ။ ဒီနေ့တော့ တိုက်ပွဲ မဖြစ်တော့ဘူးဆိုပြီး ပြန်ကြမယ်ပြင်နေကြတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေတော့ အခြေအနေ စောင့်ကြည့်ဖို့ ကျန်ရစ်ကြမယ်။ ညကတော့ စစ်ရှောင်ရင်း မီးဖွားသူ တစ်ဦးရှိတယ်။ ကျန်းမာရေးဌာနမှာပဲ မွေးပါတယ်။ အကယ်၍ ရွာတွေပြန်ကြရင် ထူးခြားတာ၊ တွေ့ကြုံတာတွေရှိရင် ကျွန်မတို့ထံ ချက်ခြင်း သတင်းပို့ဖို့မှာကြားရင်း အားပေးကူညီခဲ့တယ်” ဟု ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။
.
သီပေါမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာရှိ နားအုံကျေးရွာနှင့် ပန်မုံကျေးရွာအကြားတွင် ဇူလိုင်လ ၂၂ ရက်၊ ညနေ ၅ နာရီခန့်က တပ်မတော်နှင့် SSPP/SSA တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နားအုံနှင့် ပန်မိုင်ကျေးရွာများမှ တိုက်ပွဲရှောင် အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၂၆၂ ဦးတို့သည် ၅ မိုင်ခန့်အကွာရှိ ဆောင်ကြဲကျေးရွာ ဘုန်းတော်ကြီး ကျောင်း သို့ တိုက်ပွဲရှောင် လာကြခြင်းဖြစ်ကြောင်း သိရသည်။
.
SSPP/SSA သည် ပြည်နယ်အဆင့်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ နှစ်ဘက် ပြန်ကြားရေးအဖွဲ့များမှ ထုတ်ပြန်ခြင်းမရှိသေး သဖြင့် ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About