ကျောက်မဲတွင် စစ်ဆေးရေးအဖွဲ့များအား RCSS မှ ၅ ကြိမ်တိုင်တိုင် နှောင့်ယှက်ပစ်ခတ်သည်ဟု တပ်မတော် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 16, 2020

ကျောက်မဲတွင် စစ်ဆေးရေးအဖွဲ့များအား RCSS မှ ၅ ကြိမ်တိုင်တိုင် နှောင့်ယှက်ပစ်ခတ်သည်ဟု တပ်မတော် ထုတ်ပြန်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပန်ကျင်ရွာဖြစ်စဉ်အား စစ်ဆေးရန် သွားရောက်သည့် စစ်ဆေး ရေးအဖွဲ့အား RCSS/SSA မှ ၅ ကြိမ်တိုင်တိုင် နှောင့်ယှက်ပစ်ခတ်သည်ဟု ဇူလိုင်လ ၁၅ ရက်တွင် တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ပြီး RCSS/SSA ကမူ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ လာရောက်သဖြင့် ထိတွေ့ပစ် ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
 .
 
.
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူး၊ ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး၊ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ဖြစ်စဉ် ဖြစ်ပွားရာ ပန်ကျင်ကျေးရွာသို့ သွားရောက် ရာတွင် ဟဲကွီကျေးရွာနှင့် မော်ဖိတ်ကျေးရွာအနီး၌ RCSS/SSA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
“ကျွန်တော့်ကိုတော့ လွှတ်တော်ကိုယ်စားလှယ်များရုံးက ပေးပို့တဲ့ စာအကြောင်းရင်းကို မေးပါတယ်။ တိုက်ပွဲ ရှောင်စခန်းတွေကို သွားတွေ့တဲ့အခါ က ဒေသခံလူထုတွေ ပြောကြားချက်အရ လူထုကိုယ်စား လှယ်တွေဖြစ်လို့ စိစစ် စုံစမ်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ကို ပေးပို့ရခြင်းဖြစ်တယ်လို့ ဖြေကြားလိုက် တယ်” ဟု ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးစိုင်းထွန်းဝင်း ကပြောသည်။
.
စစ်‌ဆေးရေးအဖွဲ့များမှ ဇူလိုင်လ ၁၃ ရက်တွင် ခမရ (၅၀၂) ၌ နောင်ပိန်တိုက်နယ်ဆရာဝန်၊ ရဲစခန်းမှူးနှင့် ကမ်းလင့် လက်များ လူမှုကူညီရေးအသင်းတို့မှ တာဝန်ရှိသူများကို  ခေါ်ယူမေးမြန်းခဲ့ပြီး ၎င်းကိုမူ ကျောက်မဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဇူလိုင် ၁၄ ရက်နေ့လယ် ၁ နာရီတွင် ခေါ်ယူ မေးမြန်းခဲ့သည်ဟု ဦးစိုင်းထွန်းဝင်းက ဆိုသည်။
.
“အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကျွန်တော်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်တွေနဲ့ သွားရင် ဒေသခံတွေ ကြောက်လန့်ပြီး တွေ့ဆုံမှုမရမှာစိုးတာရယ်၊ ပွင့်လင်းမြင်သာစေဖို့အတွက် မီဒီယာ ပါဝင်ဖို့၊ မီဒီယာပါခွင့်မရတော့ ကျွန်တော်ကိုယ်တိုင် စစ်မေးစဉ်ဘေးနားမှာ နားထောင်မယ်ဆိုတာတွေ ထွေအုပ်ကတဆင့် ပြောခဲ့ပေမယ့် ည ၉ နာရီလောက်မှာ စစ်ဆေးရေးအဖွဲ့တွေ ပန်ကျင်ရွာကို ရောက်သွားပြီ။ လမ်းမှာလည်း တိုက်ပွဲ ဖြစ်တယ်ကြားတော့ မလိုက်ဖြစ်တော့ပါဘူး၊ ပန်ကျင်တစ်ရွာလုံး လူတစ်ယောက်မှ မရှိတော့ဘူးလို့ ကြားတယ်။ ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးကြတယ်လို့ သိရတယ်၊ စစ်ဆေးရေးအဖွဲ့ ကတော့ ခုထိ ပြန်ရောက်မလာ သေးပါဘူး”ဟု ဦးစိုင်းထွန်းဝင်း ယနေ့ ဇူလိုင်လ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။
.
အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ RCSS/SSAမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးအား ဆက် သွယ်မေးမြန်းရာတွင် “ကြိုတင်ညှိနှိုင်းမှုမရှိဘဲ လာတော့ လှုပ်ရှားတပ်တွေနဲ့ ထိတွေ့မှုဖြစ်ကြတယ်။ ဒါက ၁၄ ရက် နေ့မှာပါ၊ ၁၅ရက်နဲ့ ဒီနေ့ ၁၆ ရက်မှာတော့ ဘာမှ မကြားသေးဘူး၊ အမှန်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရှေ့နေတွေ၊ အုပ်ချုပ်ရေးတွေမီဒီယာတွေနဲ့အတူ စုဖွဲ့လာမယ်။ ကျွန်တော်တို့နဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ်ဆိုရင် ထိတွေ့မှုဖြစ်မှာမဟုတ်ပါဘူး။ အခုတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စုပြုံပစ်ခတ်လာတော့ ထိတွေ့မှု ဖြစ်တာပေါ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာနှင့် ပန်ကျန်ကျေးရွာအနီး၌  တပ်မတော်နှင့် RCSS တို့ ဇွန်လ ၂၈ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဒေသခံ ရှမ်းတိုင်းရင်းသား အမျိုးသား တစ်ဦး သေဆုံး၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်က ဒေသခံအင်အား ၂၀၀၀ ကျော်မှ စုပေါင်းဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About