ကိုစိုး (ကမ္ဘောဇတိုင်း)
.
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးအောင်ခမ်းထီ၏ သမီး နန်းရီရီဝင်းသည် ရှမ်းပြည်နယ် လွှတ်တော် တောင်ကြီးမြို့နယ်
မဲဆန္ဒနယ်အမှတ် (၂) မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိ ဟိုပုံးမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်ခမ်းထီ၏သား ခွန်အောင်ကျော် သည်လည်း အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်
အရွေးချယ်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်
ကိုယ်စားလှယ်လောင်း စာရင်းများကို ယနေ့ ဇူလိုင်လ ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်လောင်းစာရင်းအရ PNO အနေဖြင့်
တောင်ကြီးမြို့နယ်အပါအဝင် မြို့နယ် ၁၁ မြို့နယ် ရှိ မဲဆန္ဒနယ် ၃၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
“ပြည်သူတွေရဲ့ဆန္ဒအရ တောင်ကြီးမှာ ပြိုင်ဖြစ်တာပါ။ ကျန်တဲ့မြို့နယ်တွေလည်း
ထို့အတူပါပဲ။ တောင်ကြီး ပြည်နယ် (၂) မှာ ပြိုင်မယ့် ဒေါ်နန်းရီရီဝင်းက နာယကကြီး ဦးအောင်ခမ်းထီရဲ့
သမီးပါ။ ၃၅ နေရာထဲမှာ ၂၀ ကျော်လောက်တော့ နိုင်ဖို့ မျှော်မှန်းထားပါတယ်။ အဖြေကတော့
မဲဆန္ဒရှင် ပြည်သူတွေကပဲ ဆုံးဖြတ်မှာပါ” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ခွန်သိန်းဖေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ရှမ်းပြည်နယ်လွှတ်တော် တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်
(၂) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဒေါက်တာ ဒေါ်သန်းငွေ ဝင်ရောက်ယှဉ်ပြိုင်
အရွေးချယ်ခံရန် ရှိနေပြီး ကျန်ပါတီများ၏ ကိုယ်စား လှယ်လောင်း အမည် စာရင်းများကို မသိရှိရသေးချေ။
.
ထို့အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ်
၂ ကြိမ်ဆက် တာဝန်ထမ်းဆောင်နေသူ ခွန် စံလွင် သည်လည်း ဟိုပုံးမြို့နယ် ရှမ်းပြည်နယ်လွှတ်တော်
မဲဆန္ဒနယ်အမှတ် (၂) မှ ထပ်မံပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် အနိုင်ရရှိပါက
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တတိယအကြိမ် ထပ်မံ တာဝန်ထမ်းဆောင်နိုင်ဖွယ်ရှိကြောင်း
သိရသည်။
.
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၃ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ နေရာ၊ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ၆ နေရာဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရာနှုန်းပြည့် မဲအနိုင်
ရရှိထားသော နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။
.
No comments:
Post a Comment