ညောင်ရွှေဟော်နန်းယဉ်ကျေးမှုပြတိုက် ရေရှည်တည်တံ့ရေးအတွက် ညှိနှိုင်းဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 31, 2020

ညောင်ရွှေဟော်နန်းယဉ်ကျေးမှုပြတိုက် ရေရှည်တည်တံ့ရေးအတွက် ညှိနှိုင်းဆွေးနွေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဒေသ၊ ညောင်ရွှေမြို့နယ်ရှိ ယဉ်ကျေးမှုပြတိုက်အဖြစ် အသုံးပြုဖွင့် လှစ်ထားသည့် ညောင်ရွှေဟော်နန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းနိုင်ရေးနှင့် ခရီးသွာလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းက အဆိုပါဟော်နန်း ကန်တော့ခံဆောင်၌ ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
.

.
“မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတလည်းဖြစ်တယ်။ အထင်ကရစော်ဘွားကြီးလည်းဖြစ်တယ်။ ပြည်တွင်းသာ မက၊ ပြည်ပကပါသိတဲ့ ဒီဟော်နန်းကြီးကို ဌာနဆိုင်ရာတွေအပြင် အများပြည်သူကပါ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ တိုင်ပင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်း သား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ကမ္ဘောဇတိုင်းသို့ ပြေသည်။
.
၎င်းအနေဖြင့် ပြတိုက်ဟော်နန်းဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးများ ပြုလုပ်ရန်၊ ဟော်နန်းအတွင်းရှိ ပစ္စည်းများကို ပြတိုက်လာသူများ လေ့လာနိုင်ရန်အတွက် ပြသထားနိုင်ရန် တို့ကို ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဒေါက်တာထွန်းလှိုင်က ဆက်လက်ပြောဆိုခဲ့သည်။
.
ထို့အတူ ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ သမီး ဒေါ်စဝ် ဟေမာသိုက်ကလည်း “အထွေအထူးတော့ မရှိပါဘူး။ ရှေ့ဆက်ပြီး ဟော်နန်းကို တည်တံ့ခိုင်မာဖို့အတွက် လုပ်ဖို့ လိုအပ်တာတွေကို ဆွေးနွေးကြတာပါ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့်အတူ ရှမ်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ယဉ်ကျေးမှဒပြတိုက် ရေရှည်တည်တံ့ရေး၊ ခရီးသွားလေ့လာသူများအား ဆွဲဆောင်နိုင်ရေး၊ မှတ်တမ်းမှတ်ရာများကို စနစ်တကျ ပြည့်စုံစွာထားရှိရေး၊ သတင်းအချက်အလက် ဝေမျှနိုင်ရေး၊ ရှုခင်းအလှများ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
.
သမိုင်းဝင် ညောင်ရွှေစော်ဘွားဟော်နန်းကို မောက်မယ်စော်ဘွား စဝ်ခွန်လိုင်၏ ဒီဇုင်းဖြင့် ငွေတော် ၃ သိန်းခန့် အကုန်အကျခံ၍ ၁၉၁၃ ခုနှစ်တွင် စတင်ပန္နက်ချ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၂၃ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် တည် ဆောက်မှု ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ညောင်ရွှေဟော်နန်း၏ အတိုင်းအတာများမှာ တိုင်လုံးပေါင်း ၂၁၆ လုံးနှင့် ဘုံ ၇ ဆင့် ပါဝင်ပြီး အကျယ်အဝန်း အရှေ့မှ အနောက် ၂၀၁ ပေနှင့် တောင်မှမြောက်သို့ ၁၉၄ ပေရှိကာ ပင်မညီလာခံဆောင်၊ ကန်တော့ခံဆောင်၊ အတွင်း ညီလာခံဆောင်၊ စော်ဘွားကြီးဆောင်၊ မိဘုရားဆောင်၊ သားတော်ဆောင်များ ပါရှိပြီး ပင်မညီလာခံဆောင်မှာ ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးခဲ့သည့် သမိုင်းဝင်အဆောင်တစ်ခုဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About