ညောင်ရွှေတွင် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေတွင် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများပြုလုပ်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္ဖာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို ဇူလိုင်လ ၁၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
ပုံ - ဦးလေးငယ် (ညောင်ရွှေ)

.
ထိုသို့ ကျင်းပရာတွင် ဓမ္မာစရိယစာမေးပွဲကို ဇူလိုင်လ ၁၀ ရက်မှ စတင်၍လည်းကောင်း၊ ပါဠိပထမပြန် စာမေးပွဲများကို ဇူလိုင် ၁၅ ရက် မှ စတင်၍လည်းကောင်း ကျင်းပပြုလုပ်နေခြင်းဖြစ်ကြောင်း ညောင်ရွှေမြို့ နယ် သာသနာရေးဌာနမှ ဦးစီးအရာရှိ ဦးသက်ဇော်ထွေးထံက သိရသည်။
.
“ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေသလို ဆရာတော်ဘုရားကြီးများရဲ့ ဩဝါဒအတိုင်း ဆောင်ရွက်နေပါတယ်။ ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့ တစ်ရက်ပဲနားပြီး ၂၂ ရက်အထိ ကျင်းပ ပြုလုပ်သွားမှာပါ။ ညောင်ရွှေမြို့နယ်ထဲက အပါအဝင် စာရင်းပေးကျောင်း ၂၁ ကျောင်းက သံဃာတော်တွေ ဖြေဆိုနေတာဖြစ်ပါတယ်” ဟု ဦးသက်ဇော်ထွေးက ပြောသည်။
.
စာမေးပွဲ အဖြေလွှာများကို ပြည်နယ်မှတစ်ဆင့် ကမ္ဘာအေးသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး ယခင်နှစ်များက နှစ်စဉ် ဧပြီလတွင် ဖြေဆိုပြီး ဇူလိုင်လတွင် အောင်စာရင်းထုတ်ပြန်လေ့ရှိသော်လည်း ယခုနှစ်တွင် COVID-19 ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ယခုမှသာ စာမေးပွဲ ကျင်းပရခြင်းဖြစ်ကာ လာမည့် စက်တင်ဘာလခန့်တွင် အောင်စာရင်း ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း ၎င်းထံက သိရသည်။
.
လက်ရှိ စာဖြေသံဃာစာရင်းမှာ ပထမကြီးတန်းတွင် စာရင်းပေး ၄၉ ပါး၊ စာဖြေ ၄၁ ပါး၊ ပထမလတ်တန်း တွင် စာရင်းပေး ၇၆ ပါး၊ စာဖြေ ၆၀ ပါး၊ ပထမငယ်တန်းတွင် စာရင်းပေး ၁၃၆ ပါး၊ စာဖြေ ၁၀၇ ပါး အခြေပြုမူလတန်းတွင် စာရင်းပေး ၁၉၉ ပါး၊ စာဖြေ ၁၄၄ ပါး ရှိရာ စုစုပေါင်း စာရင်းပေး ၄၆၂ ပါးအနက် စာဖြေ ၃၅၂ ပါးရှိကြောင်း သိရသည်။
.
အဆိုပါ စာမေးပွဲတွင် ပထမပြန်ကြီး/လတ်/ငယ်တို့ကို ရွှေရတုဆွမ်းစားဆောင်နှင့် အခြေပြုမူလတန်းကို ရန်ကုန်ဘုန်းတော်ကြီးကျောင်းတို့တွင် သီးခြားစီကျင်းပခဲ့ပြီး ဆရာတော်ကြီးများ၏သြဝါဒအရ သာသနာရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းဆရာဟောင်းကြီးများနှင့် အုပ်ချုုပ်ရေး၊ ကျန်းမာရေးဌာနတို့မှ COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုးတွင် အစိုးရ အစိုးရဓမ္ဖာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ ကလော၊ ပင်းတယ၊ ဖယ်ခုံ၊ ရပ်စောက်၊ ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်၊ ပင်လုံ စသည့် ၁၁ နေရာ၌ စာစစ်ဌာနများသတ်မှတ်ကာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
.

Journal Download

Photo of three cats