နမ့်စန်တွင် ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသားအရောင်းဆိုင်များအား စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 22, 2020

နမ့်စန်တွင် ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသားအရောင်းဆိုင်များအား စစ်ဆေး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာ ကွယ်ရေး လုပ်ငန်းအနေဖြင့် အသားအရောင်းဆိုင်များမှတစ်ဆင့် ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်း၌ စည်ပင်သာယာရေးကော်မတီက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
.
.
“ဝမ်ပုံဈေး၊ ယာယီဈေးနဲ့ ကျီးအစ်မှာရှိတဲ့ အသားအရောင်းဆိုင်တွေကို စစ်ဆေးပါတယ်။ ရက်ကျော်အသား တွေဖြစ်တဲ့ မနေ့က မကုန်တဲ့အသားတွေ ရောင်းချနေတာကိုတော့ သိမ်းဆည်း ဖျက်ဆီးခဲ့ပါတယ်။ ၂ ပိဿာ ကျော်ရှိပါတယ်။ ရောဂါဖြစ်ပွားလာမှုမရှိအောင် ကြိုတင်ကာကွယ်တဲ့ လုပ်ငန်းစဉ်အနေနဲ့စစ်တာပါ။ လွိုင် ကော်၊ ဆီဆိုင်၊ မောက်မယ်နဲ့ တစ်လမ်းကြောထဲဖြစ်လို့ ပြင်ပက ဝက်သားတွေ သယ်ဆောင်ရောင်းချခြင်း မရှိအောင် အသိပညာပေး လုပ်ဆောင်နေပါတယ်” ဟု နမ့်စန်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးအောင်နိုင်ဦးက ပြောသည်။
.
ထိုသို့ စစ်ဆေးရာတွင် နမ့်စန်မြို့နယ်အတွင်းအသား အရောင်းဆိုင်များဖြစ်သည့် ဝမ်ပုံကျေးလက်စျေး မှ အသားဆိုင် ၂ ဆိုင်၊ မြို့နယ်ယာယီစျေးမှ အသားဆိုင်၁၄ ဆိုင်နှင့် ပန်လင်းဆိုင်လမ်းခွဲ ကျီအစ်မှ အသားဆိုင် ၉ ဆိုင်တို့ကို နံနက် ၇ နာရီမှ ၁၁ နာရီ အထိ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
.
“ဝက်သား သတ်မှတ်စျေးကတော့ တစ်ပိဿာ ၈၀၀၀ ကျပ်ပါ။ အာဖရိကဝက်အပြင်းဖျားရောဂါက ဝက် သားကနေ လူကို မကူးစက်နိုင်ဘူးဆိုပေမဲ့ ရောဂါဖြစ်နေတဲ့ အသားတွေ ကနေတစ်ဆင့် တခြားဝက်တွေကို ကူးစက်မသွားစေဖို့ စစ်ဆေးရခြင်းဖြစ်ပါတယ်။ ရောဂါဖြစ်တာနဲ့ ချက်ခြင်း သတင်းပို့ဖို့၊ ကျန်းမာရေး လမ်း ညွှန်ချက်တွေကို လိုက်နာပြီး ရောဂါကင်းတဲ့ဝက်တွေကိုသာ အများပြည်သူ ကိုရောင်းချဖို့ မှာကြားတာတွေ လုပ်ပါတယ်။ အများပြည်သူ စိုးရိမ်မှုမရှိစေဖို့အတွက် စစ်ဆေးတာပါ” ဟု နမ့်စန်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးလှထွေးက ပြောသည်။
.
အဆိုပါ စစ်ဆေးရာသို့ နမ့်စန်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ စည်ပင်သာယာရေးအမှုဆောင် အရာရှိ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About