နေပြည်တော်ရှိ ကြည်ညိုဖွယ် မ‌ဆောင်သည့် ဗုဒ္ဓရုပ်ပွားတော်များအား ဖယ်ရှားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 7, 2020

နေပြည်တော်ရှိ ကြည်ညိုဖွယ် မ‌ဆောင်သည့် ဗုဒ္ဓရုပ်ပွားတော်များအား ဖယ်ရှားမည်

မင်းဇော်မင်း
.
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိ မင်းဝံ တောင် ဘုရား ပရဝုဏ်အတွင်းရှိ ကြည်ညိုဖွယ် မဆောင်သည့် ဗုဒ္ဓရုပ်ပွားတော်များအား ဖယ်ရှားရှင်းလင်း သွားမည် ဖြစ်သည်ဟု သိရသည်။
.
.
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်တွင် ရှင်းလင်းအသိပေးချက်ကို ထုတ်ပြန်ခဲ့ရာ ယင်း ထုတ်ပြန်ချက်တွင် ကြည်ညိုသူတို့၏ စိတ်ကို ထိခိုက်စေသော နှလုံး မသာမယာဖြစ်စေသော သွင်ပြင် လက္ခဏာများကို ရှောင်ကြဉ်ရန်၊ မြတ်ဗုဒ္ဓ၏ ဟန်ပန်အမူအရာတို့ကို ပုံဖော်ရာ၌ ပိဋကတ်စာပေများတွင် ဟောကြားတော်မူအပ်သော လက္ခဏာတော်တို့ပြည့်စုံပြီး ကြည်ညိုဖွယ်ဆောင်သည့် ရုပ်အသွင်ဖြင့်သာ ထုဆစ်ပုံဖော်သင့်ကြောင်းနှင့် ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း-၃ နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာ မုနိမင်းဝံတောင် ဘုရားပရဝုဏ်အတွင်း ထုဆစ် ထားရှိသည့် ရုပ်ပွားဆင်းတုတော်များတွင် မြန်မာနိုင်ငံတွင် ရိုးရာအစဉ်အလာအရ ထုဆစ်ပုံဖော်ကာ ကြည်ညိုလျက် ရှိကြသော မုဒြာ ၅၅ မျိုးတွင် မပါရှိဘဲ ထုဆစ် ထားသဖြင့် ဥဒ္ဒိဿကစေတီတော်အဖြစ် ထားရှိကြည်ညိုရန် လျော်ကန် သင့်မြတ်ခြင်း မရှိဘဲ ယင်းရုပ်ပွား တော် များသည် ထေရဝါရဗုဒ္ဓဘာသာနှင့် ကိုက်ညီမှုမရှိခြင်း၊ ဗေဒင် ယတြာအစီအမံများနှင့် ပေါင်းစပ် ပြု လုပ်ထားခြင်း၊ အခြားဘာသာ အယူဝါဒများ လွှမ်းမိုးရောယှက်နေခြင်း၊ ကြည်ညိုဖွယ် မဆောင်ခြင်း၊ မြင်ရ သူတို့၏ကြည်ညိုစိတ်ကို ထိခိုက်စေခြင်းကြောင့် မြတ်စွာဘုရားရှင်၏ အေးချမ်းသည့် ပုံရိပ်တို့နှင့်ဆန့်ကျင် နေသည်ကို တွေ့ရှိရသဖြင့် နေပြည်တော်သံဃနာယကအဖွဲ့က ယင်းကျောင်းတိုက်ဆရာတော် အား ဇူလိုင် လ ၁ ရက်က ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေကာ ဇူလိုင်လ ၆ ရက်တွင် အပြီးဖယ်ရှားရှင်းလင်းရန် သြဝါဒ ပေးခဲ့ကြောင်း အများပြည်သူ သိရှိနိုင်ပါရန် ရှင်းလင်းဖော်ပြအပ်ပါသည်ဟု ဖော်ပြပါရှိည်။
.
အဆိုပါ ရုပ်ပွားတော်များမှာ ဓါတ်တော်စေတီပတ်လည် ရှိ ဉာဏ်တော် လက်မ ၃၀ စီရှိ ရုပ်ပွားတော် ၁၂ ဆူ၊ သိဒ္ဓိရှင် မိုးကောင်းစေတီပတ်လည်ရှိ ၄ ဆူ၊ ၃၁ ဘုံ ဘုရားပတ်လည်ရှိ ၄ ဆူ ၊ စုစုပေါင်း ဉာဏ်တော် ၃၀ လက်မစီရှိ ရုပ်ပွားတော် ၅၁ ဆူနှင့် ဘော်ကြိုဘုရားပတ်လည်ရှိ ဉာဏ်တော် ၁၂ လက်မ စီရှိ ရုပ်ပွားတော် ၁၅ ဆူတို့ဖြစ်ကြကြောင်း သိရသည်။
.
ရုပ်ပွားတော်များတွင် ဆံတော်နေရာ၌ ကြာပန်းပုံပြုလုပ်ထားခြင်း၊ လက်မောင်းတော်၊ ချက်တော်၊ ဒူးတော်၊ ကျောဘက်နှင့် ဦးခေါင်းတော်နောက်ဘက်တို့တွင် ခရုပတ်ထည့်သွင်းထားခြင်း၊ ညာဘက်လက်တော်သည် ရှေ့သို့ချထားပြီး ဘယ်ဘက်လက်တော်သည် နောက်ဘက်သိုက ချထားခြင်းစသည်များဖြင့် ထုဆစ်ထားခြင်း ဖြစ်ကာ ယခင် တပ်မတော်ခေါင်းဆောင်ပိုင်းနှင့် အစိုးရအရာရှိဟောင်းများမှ လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About