ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် NLD ဝန်ကြီးများ အားလုံး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 23, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် NLD ဝန်ကြီးများ အားလုံး လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရ


လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ် ပြိုင် အရွေးချယ်ခံကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်းအား ယနေ့ (ဇူလိုင်လ ၂၃ ရက်)တွင် ယင်းပါတီက ထုတ်ပြန် ကြေညာခဲ့သည်။
.
အဆိုပါ ကိုယ်စားလှယ်လောင်း စာရင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် အပါအဝင် အစိုးရအဖွဲ့ဝင် NLD ဝန်ကြီးများ အားလုံး လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ပြန်လည် ရွေးချယ်ခံရကြောင်း သိရသည်။
.

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်သည် ရှမ်းပြည်နယ်လွှတ်တော်၊ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်သည် ရှမ်းပြည်နယ်လွှတ်တော်၊ တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် လည်းကောင်း၊ လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံသည် ရှမ်းပြည်နယ်လွှတ်တော်၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်သည် ရှမ်းပြည်နယ်လွှတ်တော်၊ နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် လည်းကောင်း၊  စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းသည် ရှမ်းပြည်နယ်လွှတ်တော်၊ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် လည်းကောင်း၊ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ဒေါက်တာ ထွန်းလှိုင်သည် ရှမ်းပြည်နယ်လွှတ်တော် (အင်းတိုင်းရင်းသားလူမျိုး)တွင် လည်းကောင်း၊ ကယန်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးခွန်းအေးမောင်သည် ရှမ်းပြည်နယ်လွှတ်တော် (ကယန်းတိုင်းရင်းသားလူမျိုး)တွင် လည်းကောင်း အသီးသီး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြရမည် ဖြစ်သည်။
.
ထို့အတူ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်သည် ပြည်သူ့လွှတ်တော်၊ နောင်ချိုမြို့နယ် မဲဆန္ဒနယ်တွင် လည်းကောင်း၊ NLD ပါတီ၏ ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးဇော်မင်းလတ်သည် ရှမ်းပြည်နယ်လွှတ်တော်၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် လည်းကောင်း ယှဉ်ပြိုင် အရွေးချယ်ခံကြရမည် ဖြစ်သည်။
.
အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ရှမ်းပြည်နယ်အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်းတွင် အမျိုးသားလွှတ်တော်အတွက် ၁၁ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၄၆ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်အတွက် ၉၂ နေရာ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်နေရာအတွက် ၇ နေရာ ဖြင့် စုစုပေါင်း ၁၅၆ နေရာ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About