“ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ အပ်နှံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 6, 2020

“ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ အပ်နှံ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဟွေအောဒေသ၊ UWSA “၀” တောင်ပိုင်း စစ်ဒေသ (၁၇၁) မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့်လက်နက်များအား ယနေ့ ဇူလိုင်လ ၆ ရက်က ဟွေအောခန်းမ တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ပြီးခဲ့သည့် ဇွန်လအတွင်း UWSA “ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) လက်အောက်ခံ တပ်ရင်းများနှင့် မူးယစ် ဆေးဝါး သယ်ဆောင်သည့် ဂိုဏ်တို့ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ရာမှ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား စုစုပေါင်း ၁၃၇၆၅၇၁ ပြား၊ ဖက်တမင်း ၉၀ ကီလိုခန့်နှင့် တစ်လုံးထိုးဝင်ချက်စတာ သေနတ် ၁ လက်၊ ကျည် ၁၇ တောင့် တို့ကို ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မိုင်းဆတ်-မိုင်းတုံနယ်စပ် တစ်လျှောက် မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နင်းဖို့ လှည့်ကင်းတွေနဲ့ ဆောင် ရွက်နေပါတယ်။ နယ်မြေအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး လုံးဝလက်မလျော့ဘဲ ရှေ့ဆက်ပြီး မူးယစ်ဆေးဝါးတိုက် ဖျက်ရေးကို ပိုမိုအရှိန်မြင့်လုပ်ဆောင်နေပါတယ်” ဟု UWSA “ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) လက်အောက်ခံ တပ်မဟာ (၇၇၈) တပ်မဟာမှူး၊ မူးယစ်တိုက်ဖျက်ရေးမှူး ဦးအားဖူက ပြောသည်။
.
UWSA တပ်ဖွဲ့များအနေဖြင့် ပြီးခဲ့သည့် မေလ ၂၅ ရက်မှ ဇွန်လကုန် ၃၀ ရက်အထိ မြန်မာ-ထိုင်းနယ်စပ်တစ် လျှောက် ဖြန့်ကျက်ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တပ်မဟာ (၂၄၈) မှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာ တပ်ရင်း (၁၃၈) စခန်းဘက်တွင် မူးယစ်ဆေးသယ်ဆောင်လာသူများကိုစစ်ဆေးရာ မူးယစ်ဆေးသယ်ဆောင် သူများမှ ပစ်ခတ်သဖြင့် တပ်ဖွဲ့ဝင် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရကာ ဟွေအောဆေးရုံတွင်ကျဆုံးသွားခဲ့ပြီး ၎င်းတို့ တပ်ဖွဲ့များမှ လိုက်လံချေမှုန်းရာ မူးယစ်ဆေးပြား ၁၂၇၆၅၇၁ ပြားနှင့် ဖက်တမင်း ၉၀ ကီလိုဂရမ် ခန့်ကို ဖမ်းဆီးရမိခဲ့ပြီး ဇွန်လ ၃၀ ရက်တွင် တပ်မဟာ (၅၁၈) ဟွေဟား ဖက်မှ မိုင်းယွန်းဒေသ မြန်မာ-ထိုင်းနယ်စပ်တွင် မူးယစ်ဆေး သယ်ဆောင်သူ ၂ ဦးကို စစ်မေးရာ ၎င်းတို့မှ ပါလာသည့် သေနတ်ဖြင့် စတင်ပစ်ခတ်သည့်အတွက် ပြန်လည် ပစ်ခတ် ဖမ်းဆီးရာ တစ်ဦးသေ၊ တစ်ဦးလွတ်မြောက်သွားကာ ၎င်းတို့ထံမှ မူးယစ်ဆေးပြား ၁၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် မူးယစ်ဆေးဝါးများကို နယ်မြေခံ စစ်ဗျူဟာမှူးနှင့် မူးယစ်တပ်ဖွဲ့ဝင်များထံသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။
.
အဆိုပါ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တပ်မတော်ဘက်မှ နယ်မြေခံစစ်ဗျူဟာမှူးနှင့်အဖွဲ့၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ရဲမှူး ဝင်းဇော်နှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး UWSA “ဝ” တောင် ပိုင်း စစ်ဒေသ (၁၇၁) မှ အမှတ် (၂) စစ်ကြောင်းမှူး ဦးရန်ကော်ကျုံး (ဒု-မူးယစ်တိုက်ဖျက်ရေးမှူး)၊ ဦးအားဖူ (၇၇၈-တပ်မဟာမှူးနှင့် မူးယစ်တိုက်ဖျက်ရေးမှူး)၊ ဦးအိုက်ထွမ် (၇၇၆-တပ်မဟာမှ ဒု နိုင်ငံရေးမှူး)၊ ဦးညီရဲန်း (၂၄၈ တပ်မဟာမှ ဒုနိုင်ငံရေးမှူး)၊ ဦးဝေ့အိုက်ပေါင်း (၅၁၈-တပ်မဟာမှ ဒုစစ်ကွပ်ကဲရေးမှူး)၊ ဦးဆမ်ပိန်း (စစ်ဒေသ ပြင်ပဆက်ဆံရေးမှူး)၊ ဦးညီရုန်း (စစ်ဒေသ စစ်ဦးစီးရုံးအုပ်ကြီး)၊ ဦးညီနပ်( စစ်ဒေသ တရားရေး ဌာန ဌာနမှူး)၊ ဦးညီခေါင်း (၇၇၂-တပ်မဟာမှ ဒု စစ်ကွပ်ကဲရေးမှူး)တို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
.
လွှဲပြောင်းအပ်နှံသည့် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများကို ဥပဒေအရ ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About