မင်းဇော်မင်း
.
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (Myanmar Crime Reporters
Association-MCRA) ကို မှတ်ပုံတင် ခွင့်ပြုထားသော စာရင်းမှ ပယ်ဖျက်ကြောင်း
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့က ကြေညာ ခဲ့သည်ဟု သိရသည်။
.
.
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်၊ လုံခြုံရေး၊
တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေးကော်မတီ ၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၈) ၏ ဆုံးဖြတ်ချက်နှင့်အညီ
၂၀၂ဝ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက် ကပြုလုပ် သည့် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့
အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် (က) အရ
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းအား ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့တွင်
မှတ်ပုံတင်ထားသောစာရင်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပယ်ဖျက်မှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်၊
နေပြည်တော်ကောင်စီနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင်
ကြေညာချက်အား သိရှိနိုင်ရန် အကြောင်းကြားထားသည်ဟု သိရသည်။
.
“သတင်းအတတ်ပညာ မတတ်ဘဲ သတင်းထောက်ကတ်တွေထုတ်ပေးတာ၊ အဖွဲ့ဝင်ကတ်၊
ရင်ထိုး၊ အင်္ကျီ တွေကို ရောင်းချတာတွေနဲ့ ဌာနဆိုင်ရာတွေရဲ့လုပ်ငန်းတွေကို
လုပ်ဆောင်လာမှုတွေ၊ ရန်ပုံငွေဆိုပြီး ငွေကြေး အလှူခံမှု လုပ်လာတာတွေကြောင့်
နုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု တာချီလိတ်ခရိုင် MRCA ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ ဦးသန်းထွန်း က ပြောသည်။
.
အလားတူ MCRA အဖွဲ့မှ နုတ်ထွက်ခဲ့သူ အောင်ပန်းမြို့နေ
ဦးခွန်သန်းအောင်ကမူ “သတင်းအတတ်ပညာ မတတ်ဘဲ ကတ်တွေထုတ်ပေး၊ ရတဲ့သူတွေက လုပ်ချင်ရာလုပ်နဲ့
ဖြစ်လာရင် တာဝန်ခံမှုတာဝန်ယူမှုမရှိ။ ပြီးတော့ အောက်ခြေက တင်ပြတာတွေလည်း အပေါ်က
ညွှန်ကြားချက်အမျိုးမျိုးပြောင်းလဲ၊ ကတ်တွေ၊ အင်္ကျီတွေပြောင်းတိုင်း ရောင်းနေတာ ဆိုတော့
ရှက်လာလို့ နုတ်ထွက်လိုက်တယ်” ဟု ပြောသည်။
.
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်တွင် မှုခင်းသတင်းထောက်များ၏
ပကတိ အခြေအနေမှာ မလိုလား အပ်သော ဝန်ထုပ်ဝန်ပိုးများသာ ပြည်သူများက ခံစားလာရသည့်အတွက်
စိစစ်ကြပ်မတ်ပေးရန် လိုအပ် ကြောင်း ဧရာဝတီ တိုင်းဒေသကြီး
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၈)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးက
မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မှုခင်းသတင်း ထောက်များ
အနေဖြင့် အမှုပွဲစား ပြုလုပ်ခြင်း၊ ငွေကြေးပေးဆောင်ရသူများက တိုင်ကြားခြင်း မရှိသည့် အပေါ်
အခွင့်ကောင်းယူမှုများ ပြုလုပ်နေမှုများ ရှိနေပြီး မှုခင်းသတင်းထောက်များအနေဖြင့်
ခြိမ်းခြောက် ငွေတောင်းခံမှုများ ပြုလုပ်သဖြင့် အရေးယူသည့် ဖြစ်စဉ် ၄ ခု ရှိ
ခဲ့သည်ဟု ဖြေကြားခဲ့သည်။
.
မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်းအနေဖြင့် ယင်းတို့၏
ဆောင်ရွက်ချက်များအပေါ် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီတွင်လည်း
ဝန်ခံလက်မှတ်ရေးထိုးထားပြီးဖြစ်သည်ဟု သိရသည်။
.
MCRA အဖွဲ့တည်ထောင်သူ
ဦးသက်နိုင်ဦးကမူ ပြီးခဲ့သည့် မေလ ၁၅ ရက်စွဲဖြင့် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များ
အဖွဲ့ကို ၂၀၁၈ ခုနှစ်ကတည်းက ဆိုင်းဘုတ်များအပါအဝင် ဖျက်သိမ်းပြီးကြောင်း ထုတ်ပြန်ကြေညာထားသည်။
.
No comments:
Post a Comment