မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မက်ချီးနုကျေးရွာအနီးရှိ
ချုံပုတ်များအတွင်း၌ အမျိုးသမီး ၂ ဦး အား ကြိုးများဖြင့်တုပ်လျက် သတ်ခဲ့သူ ၃ ဦးအား ဇူလိုင်လ
၂၁ ရက်က လားရှိုးခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ လူသတ်မှု ကျူးလွန်သည်ဟု ယူဆရသူများမှာ အားတီ(ခ)
ရဲရင့်နိုင်၊ အောင်နိုင်ဦးနှင့် ရန်လင်း ခမ်းတို့ဖြစ်ပြီး အသတ်ခံရသူ အမျိုးသမီး ပိုင်ဆိုင်သော
ကာလတန်ဖိုးငွေ ကျပ်သိန်းထောင်ကျော် တန်ဖိုးရှိ အဖိုးတန် ကျောက်မျက်တစ်မျိုးအား ရယူလိုခြင်းကြောင့်
သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ အားတီသည် လားရှိုးမြို့၊
အောင်သစ္စာရပ်ကွက်တွင် နေအိမ်တစ်လုံး ငှားရမ်းကာ အောင်နိုင်ဦးနှင့်
ရန်လင်းခမ်းတို့အား နေထိုင်စေခဲ့ပြီးနောက် သေဆုံးသူ အမျိုးသမီး ၂ ဦးကို ဇွန်လ ၁၂ ရက်၊
ညနေပိုင်းတွင် ပစ္စတိုသေနတ်ဖြင့်ခြိမ်းခြောက်ပြန်ပေးဆွဲကာ ယင်းနေအိမ်တွင်
ချုပ်နှောင် ထားခဲ့ကြောင်း၊ ယင်းနောက် အားတီသည် ကျောက်များရောင်းချရန်အတွက် တောင်ကြီးသို့
ရောက်ရှိနေစဉ် ပြန်ပေးဆွဲ ဖမ်းထားသည့် အမျိုးသမီး ၂ ဦးမှာ အော်ဟစ်ဆူပူမှုများ လုပ်လာသည့်အပြင်
၎င်းတို့မှာ အဖွဲ့ အစည်းတစ်ခုနှင့် ပတ်သက်နေ ခြင်းကြောင့် အောင်နိုင်ဦးနှင့် ရန်လင်ခမ်းတို့က
လည်ပင်းကိုကြိုးဖြင့် တုတ်နှောင်ကာ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
.
ထို့နောက် သေဆုံသူများ၏ ရုပ်အလောင်းများအား ကားနောက်ဖုံးတွင်
အိပ်ယာစသည့် အသုံးအဆောင်များ နှင့်အတူ ထည့်၍ မက်ချီးနုကျေးရွာအနီး ခြုံပုတ်အတွင်း
စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
.
ရုပ်အလောင်းများကို မစွန့်ပစ်မီ သေဆုံးသူ
အမျိုးသမီးဝတ်ဆင်ထားသည့် ကျောက်စိမ်းလက်စွပ်ကို ဖြုတ် ယူထားပြီး အားတီမှ လားရှိုးမြို့ရှိ
ရွှေဆိုင်တစ်ဆိုင်တွင် ကျပ် ၅ သိန်းကျော်ဖြင့်ရောင်းချခဲ့ကာ
အလောင်း တင် ဖျောက်ဖျက်ခဲ့သည့် ကားအား ရပ်ကွက် (၁၂) ရှိခိုလောင်း လမ်းအတွင်း
စွန့်ပစ်ထားခဲ့ပြီးနောက် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်သို့ ထွက်ပြေး တိမ်းရှောင်နေစဉ်
ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အား လူသတ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ကား၊
ပစ္စတိုသေနတ်၊ ကျောက်များ၊ လက်စွပ်များနှင့်အတူ ဖမ်းဆီးနိုင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အားတီ(ခ)ရဲရင့်နိုင်အား ရာဇသတ်ကြီးပုဒ်မ
၃၈၇/၃၄၂/၃၀၂/၃၇၉/၁၀၉ အပြင် တရားမဝင်လက်နက် ကိုင်ဆောင်မှု (ပ)၇၈/၂၀၂၀၊ လက်နက်ဥပဒေ
၁၉(စ) ဖြင့်လည်းကောင်း၊ အောင်နိုင်ဦးနှင့် ရန်လင်ခမ်းတို့အား ရာဇသတ်ကြီးပုဒ်မ ၃၈၇/၃၄၂/၃၀၂/၃၇၉
အရလည်းကောင်း လားရှိုးခရိုင်တရားရုံးသို့ စွဲတင်ပို့ခဲ့ရာ
လားရှိုး ခရိုင်တရားရုံးမှ ရာကြီးအမှု အမှတ်၂၄၂/၂၀၂၀ ဖြင့် လက်ခံ စစ်ဆေး နေခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့အတူ ယခင်က လူသတ်မှုကျူးလွန်သူအဖြစ် လားရှိုးနယ်မြေ ရဲစခန်းမှ
(ပ)၆၂/၂၀၂ဝဖြင့်အမှုဖွင့်ကာ ဇွန်လ ၁၉ ရက်က ဖမ်းဆီးထားသူမှာ လားရှိုးမြို့၊
ရပ်ကွက်(၉) ၊ နယ်မြေ(၉) နေ ချစ်ကို(ခ)ပိုင်စိုးအောင် ဆိုသူဖြစ်ပြီး သေသူ အမျိုးသမီး
၂ ဦးအား လူမှုရေးကိစ္စအရ အိပ်ဆေးခတ်ကာ ကားအတွင်း အလုံပိတ်ထားခဲ့ခြင်း ဖြင့် သတ်ဖြတ်
ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဝန်ခံထွက်ဆိုခဲ့သည်ဟု ရဲစခန်းမှ ထုတ်ပြန်ခဲ့သော်လည်း စွပ်စွဲခံရသူ
ကိုချစ်ကိုမှ ၎င်း၏ လူမှုကွန်ရက်တွင် “အများသိထားသလို မဟုတ်ပါဘူး၊
မတရားစွပ်စွဲခံရပြီးနောက် အမှန် တရား ပေါ်ပေါက်လာပါပြီ” ဟု ရေးသားဖော်ပြထားသည်။
.
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ လားရှိုးနယ်မြေရဲစခန်းသို့
ဆက်သွယ်ရာမေးမြန်းရာတွင် “အစည်း အဝေး ခန်းထဲ ရောက်နေပါသည်” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
.
No comments:
Post a Comment