မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ဟိုတယ်နှင့် သီးခြားနေရာများရှိ
KTV၊ Night Club နှင့် Bar များအား
ဖွင့်လှစ်ခွင့်မပြုကြောင်း ယနေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင်
လုပ်ငန်းရှင်များအား ခေါ်ယူရှင်းလင်း အသိပေး ပြောကြားခဲ့သည်ဟု သိရသည်။
.
.
“ညွှန်ကြားချက်က အစကတည်းကထုတ်ပြီးသားပါ။ လျော့ရဲလာနေလို့ ထပ်မံသတိပေးတဲ့အနေနဲ့
ပြောကြား ရခြင်း ဖြစ်ပါတယ်” ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
ဟိုတယ်နှင့် သီးခြားနေရာများရှိ Bar၊ Night Club၊ KTV များအား ခွင့်ပြုထားခြင်းမရှိဘဲ
ဖွင့်လှစ်လျက် ရှိကြောင်း ဇူလိုင်လ ၁၃ ရက်က ပြုလုပ်သည့် COVID-19
ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသား အဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် တင်ပြလာသဖြင့်
တိုင်းဒေသကြီး ပြည်နယ်များမှ ဟိုတယ်နှင့် သီးခြားနေရာများရှိ Bar၊ Night Club၊ KTV များဖွင့်လှစ်ခြင်းအား
ခွင့်မပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက တည် ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ
အရေးယူသွားရန် လမ်းညွှန်လာသည့်အပေါ် ယခုကဲ့သို့ လုပ်ငန်းရှင်နှင့် ဆိုင်တာဝန်ရှိသူများအား
ခေါ်ယူဖိတ်ကြား ရှင်းလင်းရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ကလောမြို့နယ်အတွင်း ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း စုစုပေါင်း
၉၀ ခန့်ရှိပြီး အောင်ပန်းတွင် KTV
ဆိုင် ၁၀ ဆိုင်ခန့်ရှိရာ အဆိုပါ တွေ့ဆုံပွဲသို့ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့်
KTV လုပ်ငန်းများမှ တာဝန်ရှိသူ
၅၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment