ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ဝင်းဘိုကျေးရွာနေ အမျိုးသမီးတစ်ဦးအား
တရုတ် မယားအဖြစ် ရောင်းစားရန် ကြံစည်ခဲ့သူများကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
.
.
ဝင်းဘိုကျေးရွာနေ
အိမ်ထောင်ကွဲနေသည့် အမျိုးသမီးတစ်ဦးသည် အလုပ်အကိုင် ရှာဖွေနေစဉ် တစ်ရွာ တည်းနေ ကျနူး
ဆိုသူ အမျိုးသားတစ်ဦးနှင့် နာရှီးဘို၊ အက်စတာ ဆိုသူ အမျိုးသမီး ၂ ဦးတို့မှ
တရုတ်နိုင်ငံရှိ ခေါက်ဆွဲဆိုင် သို့မဟုတ် အသားကင်ဆိုင်တွင် အလုပ်ရပြီး လုပ်ခလစာ
တရုတ်ငွေယွမ် ၂၀၀၀ ရနိုင် ကြောင်းနှင့် အလုပ်ကြိုးစားလျှင် ကြိုးစား သလို
လစာတိုးရမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုသဖြင့် ယင်း အမျိုးသမီးမှ သဘောတူလက်ခံပြီး
ကျနူး၊ အက်စတာ တို့နှင့်အတူ ဆိုင်ကယ်စီးနင်း၍ လိုက်ပါသွားခဲ့ ကြောင်း သိရသည်။
ထို့နောက် မိုင်းယန်းမြို့သို့
ရောက်ရှိပြီး အမည်မသိ အမျိုးသမီးတစ်ဦး၏ နေအိမ်တွင် တစ်ည တည်းခို ခဲ့ပြီးနောက် ကျနူးဆိုသူမှ
တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် ခြိမ်းခြောက်ပြောဆိုစည်းရုံးကာ တရုတ်နိုင်ငံ သားတစ်ဦးနှင့်
Video Call ဖြင့် ဆက်သွယ်ကာ ဈေးညှိနှိုင်းပြောဆိုနေသဖြင့်
အမျိုးသမီးမှ ၎င်း၏ခင်ပွန်းနှင့် ချိတ်ဆက်ကာ ကျိုင်းတုံမြို့သို့ ပြန်လာနိုင်ခဲ့သည်ဟု
ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ အမျိုးသမီးအား
တရုတ်မယားအဖြစ် ရောင်းစားရန် ပူးပေါင်းကြံစည်ခဲ့သူများမှ ၎င်းအား ထွက် မပြေးနိုင်စေရန်
အတွက် စောင့်ကြည့်ထိန်းသိမ်းခဲ့သော တစ်ရွာတည်းနေ မနာလောဘို ဆိုသူလည်း ပါဝင် ကြောင်း
သိရသည်။
.
အဆိုပါအမှုနှင့် ပတ်သက်၍
ယင်းအမျိုးသမီး၏ တိုင်ကြားချက်အရ ကျိုင်းတုံမြို့မရဲစခန်းမှ ကျနူးနှင့် ၎င်း၏ဇနီး ဖြစ်သူ
နာရှီးဘိုတို့ ၂ ဦးအား ဇူလိုင်လ ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၂ ဦး အပြင်
မအက်စတာ၊ မနာလောဘိုနှင့် မိုင်းယန်းမြို့ရှိ နေအိမ်တွင် ညအိပ်လက်ခံ ပူးပေါင်းပါဝင်ခဲ့သည့်
အမျိုးသမီးတို့အား (ပ) ၃၂၇/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈/၃၂ ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
.
No comments:
Post a Comment