မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ဇူလိုင်လ
၁၀ ရက်က ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ် ခဲ့မှုနှင့် ပတ်သက်၍
အမှုဖွင့်တရားစွဲဆိုခံရသူ ၃ ဦးမှာ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခြင်းမရှိကြောင်း
ကျောက်မဲ မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းထွန်းဉာဏ်ထံက သိရသည်။
.
.
“သူတို့ ၃
ယောက်က ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ဖို့စာတင်တာ မှန်ပေမဲ့ တကယ်ဆန္ဒပြတဲ့နေ့မှာ
မပါဘူး” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောသည်။
ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာနှင့်
ပန်ကျန်ကျေးရွာအနီး၌ တပ်မတော်နှင့် RCSS တို့ ဇွန်လ ၂၈ ရက်က
ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဒေသခံ
ရှမ်းတိုင်းရင်းသား အမျိုးသား တစ်ဦး သေဆုံး၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး
ဒဏ်ရာရရှိခဲ့သည်ဟုဆိုကာ ဒေသခံများက ဇူလိုင်လ ၁၀ ရက်၌ ဆန္ဒဖော်ထုတ်ခွင့် တင်ပြခဲ့ရာ
COVID-19 ကာလဖြစ်၍
ခွင့်ပြုချက်မရသော်လည်း ဒေသခံများက ဆန္ဒဖော်ထုတ် ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဆန္ဒထုတ်ဖေါ်ခြင်းနှင့်ပတ်သက်၍ ဦးဆောင်တင်ပြခဲ့သူ ဦးစိုင်းသန်းမောင်၊
ဦးဇောတိကနှင့် ဦးအာလိယျတို့ကို ကျောက်မဲမြို့မရဲစခန်းမှ (ပ)၆၅/၂၀၂၀ဖြင့်
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ
ဥပဒေပုဒ်မ ၁၉၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၈ တို့ဖြင့်
အရေးယူရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။
.
“အခုထိတော့
သူတို့ကို မမြင်ဘူးသေးဘူး။ ၁၅ ရက်အတွင်း ဥပဒေအရဖြေရှင်းခွင့်ရှိနေတယ်။ ဖမ်းဆီးခြင်း လည်း
မရှိသေးပါဘူး” ဟုဦးစိုင်းထွန်းဉာဏ်ကပြောသည်။
.
ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုကို တရားစွဲဆိုထားခြင်းနှင့်
ပတ်သက်၍ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများ အပါအဝင် လူမှုအဖွဲ့အစည်းပေါင်း ၂၁၆ ဖွဲ့က
ကန့်ကွက်ရှုံ့ချကြောင်း သဘောထားထုတ်ပြန်ထားသည်။
.
No comments:
Post a Comment