တပ်မတော်မှ အရပ်သားများအား ပစ်ခတ်မှုနှင့် ပတ်သက်၍ ထိရောက်စွာ အ‌ရေးယူပေးရန် ဆန္ဒဖော်ထုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 10, 2020

တပ်မတော်မှ အရပ်သားများအား ပစ်ခတ်မှုနှင့် ပတ်သက်၍ ထိရောက်စွာ အ‌ရေးယူပေးရန် ဆန္ဒဖော်ထုတ်

မင်းဇော်မင်း
.
တပ်မတော်မှ အရပ်သားများအား ပစ်ခတ်၊ ရိုက်နှက်မှုနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူပေးရန် ကျောက်မဲမြို့ တွင် ယနေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းက ဒေသခံလူထု ၂၀၀၀ ကျော်မှ အေးချမ်းစွာ လှည့်လည်ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရသည်။
.

.
RCSS နှင့် တပ်မတော်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်မှ ၃၀ ရက်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့ ပစ်ခတ်မှုများတွင် အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိပြီး တစ်ဦးရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ထံက သိရသည်။
.
“ကျွန်တော်တို့က ဥပဒေနဲ့ညီညွတ်စွာ ဆန္ဒဖော်ထုတ်နိုင်ဖို့ အကြံပြုတယ်။ COVID-19 ကာလမှာ ဆန္ဒ ဖော်ထုတ်ခွင့် မရပေမဲ့ အခု ကျေးရွာလူထုတွေ စုပြီးလာတော့ မဖြစ်သင့်တာ မဖြစ်ရအောင်ပဲ အကြံပြုနိုင် တော့တယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်က အောက်ခြေအထိ စုံစမ်းပြီး ကိုယ်တိုင် ခံစားနေရတဲ့ သူတွေအတွက် လူ့အခွင့် အရေးကော်မရှင်ကို စုံစမ်းပေးဖို့ တင်ပြထားပါတယ်။ အခုဖြစ်စဉ်ကို သိနေတဲ့လူထုက တိုက်ရိုက်အရေးယူပေးဖို့ ဆန္ဒ ထုတ်ဖော်တဲ့အနေနဲ့တော့ ကွဲလွဲမှုရှိတယ်။ နယ်/လုံက ခွင့်မပြုပေးနိုင်ဘူးလို့ သိရပေမဲ့ လူထုက ဒီလို ဆန္ဒဖော်ထုတ် မှသာ နိုင်ငံတော်အကြီးအကဲတွေ၊ တပ်မတော် ခေါင်းဆောင်တွေ သိမယ်။ နောက် ဒီလိုဖြစ်ရပ်မျိုးတွေ မဖြစ်ဖို့ ရည်ရွယ် တယ်ဆိုတော့ ကျွန်တော်တို့က လည်း ဥပဒေအရပဲ အကြံပြုလို့ရတော့တယ်” ဟု ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ကျောက်မဲမြို့ အနီးဝန်းကျင် ကျေးရွာများမှ လူထုအင်အား ၂၀၀၀ ကျော် သည် ဇူလိုင်လ ၁၀ ရက်၊ နံနက် ၈ နာရီတွင် ကျောက်မဲမြို့၊ လုံဝမ်ကွင်းသို့ စုဝေးချီတက်လာရာ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှတားဆီးသော်လည်း အင်အားမမျှသည့်အတွက် တားဆီး နိုင်စွမ်း မရှိတော့သဖြင့် လမ်းဖွင့်ပေး လိုက်ရကြောင်း ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။
.
“တတ်နိုင်သမျှ ညှိနှိုင်းခဲ့တယ်။ မနေ့ညကလည်း ဥပဒေပိုင်းဆိုင်ရာ၊ COVID-19 ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် တွေကို ရှင်းပြပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ညှိနှိုင်းတားဆီးခဲ့ပေမဲ့ မရလို့ ဒီနေ့ လမ်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တားဆီးပေမဲ့ မရခဲ့ပါဘူး။ သူတို့ကလည်း အကြမ်းမဖက်ဘဲ ဆိုင်းဘုတ်တွေ ပဲကိုင်ပြီး စီတန်းလမ်းလျှောက်ကြပါတယ်။ အခုလည်း ဆက်လက်ပြီး လုပ်ဆောင်မှုမရှိအောင် ညှိနှိုင်းပြီး ကားတွေပေါ် တက်နေကြပါပြီ။ လူစုခွဲနေကြပါပြီ” ဟု ဦးနိုင်ဝင်းက ပြောသည်။
.
ဆန္ဒဖော်ထုတ်သည့် ကျောက်မဲဝန်းကျင် ကျေးရွာလူထုများမှ အပြစ်မဲ့ပြည်သူများကို ပစ်ခတ်သည့် တပ်မတော်ကို အလိုမရှိ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လှည့်လည်ခြင်းဖြစ်ကြောင်း နံနက် ၁၀ နာရီတွင် လူစုကွဲသွား ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ဟဲကွီကျေးရွာအုပ်စုအတွင်း ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်က တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် လက်လွှတ်စပယ် ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံး/ဒဏ်ရာ ရရှိခဲ့မှုများအပေါ် စုံစမ်းစစ်ဆေးပေးရန် ကျောက်မဲရှိ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးက လက်မှတ်ရေးထိုး၍ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ဇူလိုင်လ၂ ရက်က မေတ္တာရပ်ခံစာ ပေးပို့၍ တောင်းဆိုထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About