ကော်မရှင်၏ ပုံရိပ်ကို မထိခိုက်စေလိုပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 27, 2020

ကော်မရှင်၏ ပုံရိပ်ကို မထိခိုက်စေလိုပါ

ကမ္ဘောဇတိုင်း
.

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲများကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ သွားမည် ဖြစ်ရာ ရွေးကောက်ပွဲနှင့် သက်ဆိုင်သူများ၊ ကော်မရှင်၊ နိုင်ငံရေးပါတီ၊ လေ့လာ စောင့်ကြည့်သူ၊ သတင်းမီဒီယာများ စသည်ဖြင့် ကဏ္ဍအလိုက် ကြို တင် ပြင်ဆင်မှု အသီးသီးကို ဆောင်ရွက်နေကြ ပါသည်။
.
ထို့အတူ မဲဆန္ဒရှင် စာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ကပ်ထားကြေညာခဲ့ရာ ကမ္ဘောဇတိုင်းသတင်းဂျာနယ် အနေဖြင့် ရှမ်းပြည်နယ် အတွင်းရှိ မဲဆန္ဒရှင် ပြည်သူ အင်အားစာရင်း ရရှိရေးအတွက် ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက် သတင်းရယူခဲ့ရာတွင် စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရပါ သည်။
.
သတင်း သွားရောက်ရယူခဲ့သော ကမ္ဘောဇတိုင်းသတင်းဂျာနယ်မှ အမျိုးသမီး သတင်းသမားတစ်ဦးအား ရှမ်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဆိုသူမှ မောက်မာစွာ ကြိမ်းမောင်း ပြောဆိုမှုကို ကြုံတွေ့ခဲ့ရ ပါသည်။
.
မကြာမီကာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရွေး ကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့နှင့် သတင်းမီဒီယာများအကြား ခိုင်မာသော ဆက်ဆံ ရေး ထူထောင်ထားနိုင်ရန် လိုအပ်သည်ဖြစ်ရာ ယခု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး၏ လုပ်ရပ်သည် ကော်မရှင်နှင့် သတင်းမီဒီယာများ အကြား ဆက်ဆံရေးကို ထိခိုက်စေသည့်အပြင် သတင်းမီဒီယာသမားတစ်ဦးအား ၎င်း၏ အခိုင်းအစေသဖွယ် ပြုမူ ပြောဆိုခြင်းမှာလည်း လွန်စွာမှ အရုပ်ဆိုး အကျည်းတန်သော လုပ်ရပ်တစ်ခု ဖြစ်ပါ သည်။
.
သတင်းမီဒီယာသမား တစ်ဦးအနေဖြင့် အများပြည်သူ သိသင့်သိထိုက်သော သတင်း အချက်အလက်များကို ထုတ်ပြန် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများထံ သတင်းမေးမြန်းရမည့် တာဝန် ရှိသလို တာဝန်ရှိသူ များဘက်မှလည်း ၎င်း၏ သဘောဆန္ဒအလျောက် ဖြေကြားခြင်း သို့မဟုတ် ဖြေကြားမှု မပြုခြင်းတို့ကို ဆောင်ရွက်နိုင်သော်လည်း ယခုကဲ့သို့ မောက်မာစွာ ကြိမ်းမောင်းပြောဆိုမှုက လွန်စွာမှ အရုပ် ဆိုးအကျည်းတန်လှ ပါသည်။
.
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ တွင် လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆ နိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်း အကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူ ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချိခွင့်တို့ လည်း ပါဝင်သည်ဟု ပြဌာန်း ဖော်ပြထားသည်။
.
ထို့အပြင် ယင်း စာတမ်း၏ အပိုဒ် ၂ တွင် လူတိုင်းသည် လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ဖော်ပြထား သည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့် ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင် အားဖြင့် ဖြစ်စေ၊ ကျား၊ မ၊ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်းမဟုတ် အခြား ယူဆချက် အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့ တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အား ဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုး ဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်း မရှိစေရ။ ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေ စီရင်ပိုင်ခွင့် ဆိုင်ရာ ဖြစ်စေ တိုင်းပြည်အ ချင်းချင်း ဆိုင်ရာ ဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေ တစ်ခုသည် အ ချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက်ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာတို့ တစိတ်တဒေသ လောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်း ကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရဟု ပြဌာန်းထားပါသည်။
.
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (က) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံ ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်း ထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိသည်ဟု ပြဌာန်းဖော်ပြထားရာ သတင်းမီဒီယာ သမားများ အနေဖြင့် ပြည်သူလူထု သိသင့်သိထိုက်သော သတင်းအကြောင်းအရာများကို ရေးသား ဖြန့်ဝေ ရန်အတွက် တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်ပါသည်။
.
ယခု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၏ လုပ်ရပ်သည် ယင်း အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်သလို ရွေးကောက်ပွဲကော်မရှင်၏ ပုံရိပ်ကိုလည်း ကျဆင်းစေနိုင်သည့် အပြုအမူတစ်ခု ဖြစ်သည်။
.
ယင်း အတွင်းရေးမှူး တစ်ဦး၏ လုပ်ရပ်သည် ၎င်းတစ်ဦးတစ်ယောက်တည်း၏ လုပ်ဆောင်ချက် ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိသော်ငြားလည်း ကော်မရှင်၏ ပုံရိပ်ကို ထိခိုက်စေနိုင်သလို သတင်းမီဒီယာ များနှင့် ကော်မရှင်၏ ဆက်ဆံရေး မှာလည်း နားလည်မှုများ လွဲချော်သွားနိုင်ဖွယ် ရှိနေသည်။
.
ကမ္ဘောဇတိုင်း အနေဖြင့် ယင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၏ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။ နောက်နောင်တွင် အလားတူ ကိစ္စရပ်မျိုး မပေါ်ပေါက်စေရန်အတွက် တာဝန် ရှိသူများဘက်မှ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ကော် မရှင်၏ ပုံရိပ်ကို မထိခိုက်စေလိုပါကြောင်း ဆန္ဒပြု လိုက်ရပါသည်။  
.

No comments:

Post a Comment

Journal Download

Photo of three cats

About