ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ်အထွေထွေ ရွေး ကောက်ပွဲကြီး
ကျင်းပရန်အချိန် နီးကပ်လာသည်နှင့် အမျှ နိုင်ငံရေး ပါတီအလိုက် ထောက်ခံသူများ၏
ပြိုင်ဆိုင်မှုများကပြင်းထန်လာသည်။ ပြိုင်ဆိုင်မှုများ ဆိုသော်လည်း တကယ်တမ်း
ဒီမိုကရေစီ အသား မကျ သေး၍လော၊ အခြားအကြောင်းကြောင့် ပေ လော မသိချေ။ တစ်ဘက်နှင့် တစ်ဘက်
ပြိုင်ဆိုင် ခြင်းထက် အပုပ်ချတိုက်ခိုက်ခြင်းမျိုးကို ပို၍ တွေ့ မြင် နေရသည်။
.
ထို့အပြင် နိုင်ငံရေးဆိုင်ရာ အားပြိုင်မှု (ရွေးကောက်ပွဲ
အောင်နိုင်ရေး အားပြိုင်မှု) များတွင် နိုင်ငံရေးနယ်ပယ် မှ မဟုတ်သော
အခြားနည်းလမ်းများဖြင့် အားပြိုင်မှုများ၊ အခြားနယ်ပယ်များမှ
ဝင်ရောက်စွက်ဖက်မှုများကို မြင်တွေ့ လာရသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီကြီး တစ်ခုမှ ခေါင်းဆောင်တစ်ဦးကလည်း
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းအပေါ် ပိဿလေးနှင့် ပစ်သကဲ့သို့
ပြောဆိုမှုကိုလည်း ဝမ်းနည်းဖွယ် ကြားသိခဲ့ရသည်။ အမျိုးသားခေါင်း ဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို မျိုးစေ့ချ သန္ဓေတည်
ပုံဖော်ခဲ့သူ ဟုဆိုလျှင်ပင် မှားနိုင်မည်မထင်ချေ။
.
ယနေ့ ဆိုလျှင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည်မှာ ၇၃ နှစ်ကို
ရက်ပိုင်းမျှပင် ကျော်လွန်ရုံကလေး ရှိသေးသည်။ ဗိုလ်ချုပ်တို့ ထုဆစ်ပုံဖော်ခဲ့သည့်
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းစဉ်မှာလည်း မဆုံးသေး ပါ။ တောင်ပေါ် မြေပြန့်
မခွဲခြားဘဲ၊ နိုင်ငံရေးပါတီ/အယူဝါဒ မကွဲပြားဘဲ
တိုင်းရင်းသားပြည်သူ/အစိုးရ/တပ်မတော်တို့ အတူ ဆက်လက် ချီတက်ရမည့် ကာလလည်းဖြစ်သည်။
.
ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ
အသက်ခန္ဓာစတေး၍ ပြည်ထောင်စုကြီးကို ထုဆစ်ပုံဖော် တည်ဆောက်ခဲ့ကြသော်လည်း
နောက်ပိုင်းတွင် နိုင်ငံရေးအယူဝါဒ ကွဲပြားမှု၊ တိုင်းရင်းသားလူမျိုးများအရေး စသည်
စသည် အကြောင်းအမျိုးမျိုးဖြင့် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။
ဗိုလ်ချုပ်စတင် တည်ထောင်ခဲ့သည့် ပြည် သူ့ချစ်သော တပ်မတော်မှာလည်း နှောင်းပိုင်း
စစ်အာဏာရှင်များ လက်ထက်တွင် ပြည်သူတို့နှင့် အလှမ်းကွာခဲ့ရသည်။
.
မြန်မာနိုင်ငံ တစ်နံတစ်လျား မပြီးဆုံးနိုင်သော ခေတ်အဆက်ဆက်
တပ်မြေသိမ်းဆည်းမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်ဒေသများမှ
စစ်ရေးပဋိပက္ခများကြောင့် တပ်မတော်မှာ လက်ရှိအချိန်ထိ ပြည်သူတို့နှင့် အလှမ်းကွာ
နေဆဲဖြစ်သည်။ တစ်ချိန်က တိုင်းပြည်အတွက် အသက်ခန္ဓာပေးလှူခဲ့သည့် အောင်ဆန်းသူရိယ
ဘွဲ့ရ တပ်မတော်သား ဆွတ်(တ်)ဗဟာဒူးရိုင်း၏ တူအရင်း အပါအဝင် ၎င်း၏ ဆွေမျိုးများ
နေထိုင်ရာ လွိုင်လင်မြို့နယ်၊ ကွက်ချိုးကျေးရွာမှ ဒေသခံများမှာလည်း
တပ်မြေသိမ်းဆည်းမှုကြောင့် ထိခိုက်နစ်နာနေမှု များကို ကြားသိခဲ့ရသည်။
.
အမှန်တကယ် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးတို့အတွက် ယင်းအကျင့်ဆိုးများကို အားလုံးမှ ပယ်ဖျောက်ပစ်ရန်
လိုအပ်ပါသည်။
.
လာမည့် ရွေးကောက်ပွဲများတွင်လည်း နိုင်ငံရေးဆိုင်ရာ
ရွေးကောက်ပွဲများပီပီ တရားသော ယှဉ်ပြိုင်မှုဖြင့် ယှဉ်ပြိုင်ရင်း တရားမျှတသော
ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်ရေးအတွက် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် ပြည်သူ
တစ်ရပ်လုံးက ကြိုးပမ်းသွားရမည်သာ ဖြစ်ပါသည်။
.
ယင်းကဲ့သို့ တရားမျှတသော ရွေးကောက်ပွဲများမှတစ်ဆင့်
ငြိမ်းချမ်းသာယာ ဝပြောသော ဒီမိုကရေစီ ဖက် ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီးကို
တည်ထောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။
.
No comments:
Post a Comment