တောင်ကြီးမြို့မရဲစခန်းတွင် ခိုးယူထားသော ဆိုင်ကယ် ၄ စီး ဖမ်းမိထားပြီး ပိုင်ရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 24, 2020

တောင်ကြီးမြို့မရဲစခန်းတွင် ခိုးယူထားသော ဆိုင်ကယ် ၄ စီး ဖမ်းမိထားပြီး ပိုင်ရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင် ဟုဆို

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မရဲစခန်းတွင် ဇူလိုင်လ ၂၂ ရက်က ဆိုင်ကယ် ခိုးယူသူများကို သက် သေခံဆိုင်ကယ် ၄ စီးနှင့်အတူဖမ်းဆီးရမိထားပြီး ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် ပိုင်ဆိုင်ကြောင်း အထောက် အထား ပြသ၍ လာရောက်ထုတ်ယူနိုင်သည်ဟု သိရသည်။
.

.
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နေ အမျိုးသမီးတစ်ဦး၏ အကြောင်းကြားထားချက်အရ တောင် ကြီးမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်) ဖြင့် ဖမ်းဆီးထားသော ကျောက်တလုံးကြီးမြို့၊ နောင်ပစ် ကျေးရွာအုပ်စု၊ ဟမ်းဖို့ကျေးရွာနေ ခွန်ဇော်ထူး၊ ခွန်ထွန်းအေး၊ ခွန်စန်လှ၊ ခွန်အောင်ထက်နှင့် ဆီဆိုင်မြို့နယ်၊ ပင်စုံအုပ်စု၊ ဝါးခရာကျေးရွာနေ ခွန်ထွန်းလေးတို့ ၅ ဦးအား စစ်ဆေးခဲ့ရာ ခွန်ဇော်ထူး နှင့် ခွန်ထွန်းလေး တို့ ၏ ထွက်ဆိုချက် အရ လွန်ခဲ့သော ၂ ပတ်ခန့်က တောင်ကြီးမြို့ မီးပုံပျံကွင်း၌ နံပါတ်မပါ Honda Dream 125 အနက်ရောင် ဆိုင်ကယ်တစ်စီးအား ကျောင်းကြီးစုရပ်ကွက်နေ ထက်ဟန်ရှိုင်း ထံသို့ လိုင်စင်မဲ့ဘီးအဖြစ် ငွေကျပ် ၁၄ သိန်းခွဲခန့်ဖြင့် ရောင်းချထားကြောင်းထွက်ဆိုခဲ့သဖြင့် တိုက်စစ်ရာ တောင်ကြီးမြို့ သစ်တော ရပ်ကွက် ဗိုလ်ချုပ်ပန်းခြံ အရှေ့ဘက် လမ်းပေါ်တွင် ရပ်ထားစဥ် ပျောက်ဆုံး သွားသော ဆိုင်ကယ် ဖြစ်ကြောင်း သိရသည်။
.
“လာထုတ်ချင်ရင် သူတို့ဆီကနေ အုံနာဘုတ်တွေ၊ လိုင်စင်တွေ ရှိတယ်။ အဲဒါတွေနဲ့ လာရောက်ပြီးတော့ တိုက်ဆိုင် စစ်ဆေးရင်ရတယ်။ ဆက်ပြီးတော့ စုံစမ်းပြီး ဆိုင်ကယ်ခိုးတာတွေ ဆက်ပြီး ဖော်ထုတ် ချင်ပါတယ်” ဟု တောင်ကြီး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထက်နိုင်ဟိန်းကကမ္ဘောဇတိုင်း သို့ပြောသည်။
.
အဆိုပါ လိုင်စင်မဲ့ ဆိုင်ကယ်အဖြစ် ပြန်လည် ရောင်းချသူ ခွန်ဇော်ထူး နှင့် ခွန်ထွန်းအေးတို့ ၂ ဦးအား တောင်ကြီးမြို့မ ရဲစခန်းတွင် (ပ)၅၂၈/ ၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ -၃၇၉/၁၁၄ (ဆိုင်ကယ်)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About