လားရှိုးတွင် အုပ်စုဖွဲ့ဆိုင်ကယ် ခိုးသူများကို ဖမ်းမိ၊ ဆိုင်ကယ်ပျောက်သူများ ရဲစခန်းတွင် သွားရောက် စုံစမ်းနိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

လားရှိုးတွင် အုပ်စုဖွဲ့ဆိုင်ကယ် ခိုးသူများကို ဖမ်းမိ၊ ဆိုင်ကယ်ပျောက်သူများ ရဲစခန်းတွင် သွားရောက် စုံစမ်းနိုင်


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အုပ်စုဖွဲ့၍ ဆိုင်ကယ် ခိုးယူနေသူများကို ဖမ်းဆီး ရမိခဲ့သဖြင့် ဆိုင်ကယ် ပျောက်သူများ အနေဖြင့် မြို့မရဲခစန်းတွင် သွားရောက် စုံစမ်းနိုင်ကြောင်း လားရှိုးမြို့မရဲစခန်းမှ သိရသည်။
.
“ မနေ့က အထိတော့ ၄/၅ စီး ရတယ်၊ ဆိုင်ကယ်တွေ လိုက် သိမ်းနေဆဲပဲ။ ကွင်းဆက်တွေလည်း ဆက်စုံစမ်းဆဲ ဖြစ်ပါတယ်။” ဟု လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

လားရှိုးမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ်တစ်ခု၏ ခြံဝန်းအတွင်းရှိ မော်တော်ဆိုင်ကယ် တစ်စီးကို ပြီးခဲ့သည့်  ဇွန်လ ၁၆ ရက်၊ နံနက် အစောပိုင်းတွင် ဟိန်းရာဇာနှင့် မျိုးမြင့်ထက် (ခ) ရှင်းသန့်တို့ ၂ ဦးမှ ခိုးယူခဲ့ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည့်အပြင် လားရှိုး-နမ္မတူ ကားလမ်း၊ နောင်လိုင်ကျေးရွာအနီး လမ်းဘေးတွင် ရပ်တန့်ထားသည့် မော်တော်ဆိုင်ကယ်ကို အောင်ပိုင်နှင့် ဇော်ဦးတို့ ၂ ဦးမှ ခိုးယူခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သဖြင့် လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မော်တော်ဆိုင်ကယ် ခိုးယူသူများအား စစ်ဆေးမေးမြန်းချက်အရ လားရှိုးမြို့၊ အမှတ်(၉) ရပ်ကွက်ရှိ နေအိမ် စျေးဆိုင် အနီးမှ ခိုးယူခံခဲ့ရသည့် ဆိုင်ကယ်၊  အမှတ်(၉)ရပ်ကွက်၊ နယ်မြေ(၁)၌ ရပ်ထားသည့် ဆိုင်ကယ်တို့ကိုလည်း ဆက်လက် ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
.
“ ကွင်းဆက် ဆိုင်ကယ်တွေ လိုက်လံ သိမ်းဆည်း နေပါတယ်၊ ဆိုင်ကယ် ပျောက်သူတွေ လာရောက် စုံစမ်းနိုင်ပါတယ်။” ဟု လားရှိုးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မိုးသူ က ပြောသည်။
.
ယင်းကဲ့သို့ လားရှိုးမြို့အတွင်း၌ မော်တော်ဆိုင်ကယ်များအား အုပ်စုဖွဲ့ ခိုးယူနေသူများ ဖြစ်သည့် ဟိန်းရာဇာ၊ မျိုးမြင့်ထက် (ခ) ရှင်းသန့်၊ အောင်ပိုင်နှင့် ဇော်ဦးတို့ ၄ ဦးကို လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About