ကျိုင်းတုံတွင် ရှမ်းယဉ်ကျေးမှု ဒီဇိုင်းများဖြင့် နာရီစင် တည်ဆောက် - Kanbawza Tai News

Breaking

Wednesday, July 8, 2020

ကျိုင်းတုံတွင် ရှမ်းယဉ်ကျေးမှု ဒီဇိုင်းများဖြင့် နာရီစင် တည်ဆောက်


မယ်စု
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန ဝင်းအတွင်း၌ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေရန်အတွက် ရှမ်းယဉ်ကျေးမှု ဒီဇိုင်းဖြင့် နာရီစင် တည်ဆောက်နေလျက် ရှိကြောင်း သိရသည်။
.
“ရှမ်းအ‌ရှေ့ ယဉ်ကျေးမှုတွေ ပါဝင်တဲ့ နာရီစင် တစ်ခု လုပ်နေတယ်။ ခရီးသွား လုပ်ငန်း အထောက်အကူ ဖြစ်အောင်ရယ်၊ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဆွဲဆောင်မှု ဖြစ်အောင်ရယ် မြို့ရဲ့ အထိမ်းအမှတ် ဖြစ်အောင် စည်ပင်သာယာရေးဌာနက တည်ဆောက်နေတာပါ” ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ နာရီစင် တည်ဆောက်မှု လုပ်ငန်းမှာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ပြီး နာရီကို ဆွီဒင်နိုင်ငံမှ မှာယူထားကာ ဇူလိုင်လကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
.
“မြို့ရဲ့ အဓိက ကျတဲ့ စည်ပင်ရုံးဝင်းထဲမှာပဲ ဆောက်နေတယ်။ နာရီစင်က ကျိုင်းတုံရဲ့ ယဉ်ကျေးမှု ဒီဇိုင်းတွေပေါ့။ ထိုင်းက ဗိသုကာပညာရှင်က ဒီဇိုင်း ရေးဆွဲပြီးတော့မှ လွိုင်မွေဆောက်လုပ်ရေး ကုမ္ပဏီက လှူဒါန်းတယ်။ စည်ပင်သာယာရေးကော်မတီ အကြီးအကဲတွေနဲ့ စည်ပင်သာယာရေးဌာနက ကြီးကြပ် ဆောင်ရွက်နေပါတယ်။” ဟု ဦးကျော်မင်းထိုက်က ဆက်လက်ပြောဆိုသည်။
.
ကျိုင်းတုံမြို့တွင် ထင်ရှားသော အဆောက်အဦများအဖြစ် အထက်တန်းကျောင်း၊ ဗရင်ဂျီသာသနာပြု စိန့်လူးဝစ် အလယ်တန်းကျောင်း၊ အမေရိကန် ဗက်ပတစ်စာသင်ကျောင်း၊ တရုတ်ဘုံကျောင်းနှင့် ဂုံလူမျိုး၊ မြန်မာလူမျိုးတို့ တည်ထား ကိုးကွယ်ထားသော ဘုန်းတော်ကြီးကျောင်းများ တည်ရှိနေပြီး လက်ရှိ တည်ဆောက်ဆဲ နာရီစင် ပြီးစီးပါက ကျိုင်းတုံမြို့၏ အထင်ကရ အထိမ်းအမှတ် အဆောက်အဦ တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats