အဆင့်မြှင့် လမ်းတွေလား မြင့်တက်လာတဲ့ လမ်းတွေလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 16, 2020

အဆင့်မြှင့် လမ်းတွေလား မြင့်တက်လာတဲ့ လမ်းတွေလား


အောင်ဆန်းဝင်း
.
လမ်းပြင်တာ လက်ခံတယ်။ ဘယ့်နှယ့်၊ ပေ ၁၀၀ ဆိုလည်း ပေ ၁၀၀ ပြီးအောင် လုပ်ပေါ့။ အဲဒီ ပေ ၁၀၀ ပြီးမှ နောက်ထပ် အပိုင်းလိုက်တွေ ဆက်ပြင်လေ။ အခုဟာက ဟိုနေရာတန်းလန်း၊ ဒီနေရာ တန်းလန်း၊ ဒီနေရာ ကန့်လန့်နဲ့။ ရေမြောင်းက လုပ်ထား ပြီး အဖုံးကျ မဖုံးထားတော့ ကားတွေ ဆိုင်ကယ်တွေ အတောင် ပံ တပ်ရမယ့်အတိုင်း ဖြစ်နေတယ်။ မိတ်ဆွေကဗျာ ဆရာတစ် ယောက် လေလှိုင်းပေါ် ပစ်တင်ပေါက်ကွဲ ထားတဲ့ စကားသံတချို့။ သွားမရ လာမရ လမ်းဒုက္ခဖြစ်နေတဲ့ အကြောင်းအရာလေးပေါ့။ သူရေးတင်ထားတဲ့ စကားလုံးတွေ ကျန်သေးတယ်။ အဲဒါတွေ တော့ ဆက်မရေးတော့ဘူး။ သက်ဆိုင်ရာဌာန၊ တာဝန်ယူလုပ် ကိုင်တဲ့ ကုမ္ပဏီတွေကို စကားနာထိုး တွတ်ထိုး တည့်ထိုးထားတာ တွေ ဖြစ်နေလို့။ စာမျက်နှာပေါ် တင်မယ့် စာ ဆိုတော့ သူတွက် သလို တည့်လိုက်တွတ်လို့မှ မရတာ။ ဘရိတ်နည်းနည်း အုပ် ထားရတာပေါ့။
.
ကဗျာဆရာနေတဲ့ နေရာက အနောက်မြို့ပတ်လမ်းဘေးနား။ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း လုပ်နေတဲ့ နဂါးပွက်လမ်းဆုံ နဲ့ ဝါးပြားလမ်းဆုံ ကြားတစ်နေရာ။ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနဲ့ အတူ ရေမြောင်းတွေပါ တစ်ပါတည်း လုပ်ကိုင်နေ တော့ ဟိုနားတစ်ကွက်၊ ဒီနား တစ်တို့ လုပ်သလို ဖြစ်နေတယ်။ လမ်းမခင်းဘူးလား ဆိုတော့ ခင်းတယ်။ ရေမြောင်းတွေလည်း လုပ်တော့ လုပ်နေတယ်။ အဆုံးသတ် တုံးတိပြီးသွားတဲ့ နေရာရှိ လား ဆိုတော့ မရှိပြန်ဘူး။ ဘယ်အခြမ်းက တစ်လမ်း မောင်း သွားရတဲ့ လမ်းပိုင်း ဖြစ်လိုဖြစ်။ ညာအခြမ်းက ကျပ်ကျပ်သတ် သတ်သွားလို သွားရ။ ကား တစ်စီးစာ သွားလို့ရတဲ့ လမ်းအလယ် ရောက်မှ ခေါင်းချင်းဆိုင် နောက်ပြန်လှည့် မရလို့ သွားရင်းလာ ရင်း တိုင်ပတ်လိုပတ်နဲ့။ လမ်းတွေ ခင်းနေတာ ကောင်းတာပေါ့။ ခက်တာက ဟိုတစ်ကွက် ဒီတစ်ကွက် ဆိုတော့ ဘယ်လိုပြောရ။
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ကို လာမယ့် နှစ်အပိုင်း အခြားအတွင်း စမတ်စီးတီး ဖြစ်အောင် လုပ်မယ်လို့ ဝန်မင်း တစ် ပါးက ပြောဖူးတယ်။ အဲဒီ ရည်မှန်းချက်ကြီး ဦးထိပ်ထားပြီး လမ်း တွေ ခင်းနေလားတော့ မပြောတတ်ပါဘူး။ တောင်ကြီးမြို့ပေါ်နေ ရာ အတော်များများ လမ်းတွေ အားရပါးရ ခင်းနေလိုက်တာ သွားရလာရ ကျပ်ကျပ်တည်းတည်းတွေကို ဖြစ်လို့။ စမတ်ကျ လှပတဲ့ မြို့တော်ကြီး တစ်ခုဖြစ်ဖို့ လမ်းတွေ ကောင်းခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်တယ်လို့ ဆိုကြတယ်။ လမ်းတွေ ကောင်း သွားရုံနဲ့ စမတ်စီးတီးဖြစ်လို့ကတော့ ချသာချ မြန်မာသတ္တိပြလို့ ပြောရတော့မှာပဲ။ ဟုတ်တယ်လေ။ ကိုယ့်မြို့ကြီး စမတ်ကျမယ့် ကိစ္စဆိုတော့ အသွားအလာ ဒုက္ခရောက်လည်း ခဏပေါ့။ အဆင် မပြေတဲ့နေရာ ရှောင်ကွင်းသွားလိုက်ရုံပဲလေ။ လောင်စာဆီ ပို ကုန်လည်း နည်းနည်းလောက်ပေါ့။
.
အဆင်မပြေတာက ကဗျာဆရာ ပေါက်သလို ဟိုတစ်တို့ ဒီ တစ်တို့ ဒီတစ်ကွက် လုပ်နေတာ။ ဝါးပြားလမ်းဆုံနဲ့ ကူညီကုန်း လမ်းဆုံဆိုတာ ပုံမှန်အတိုင်း သွားရင် ၅ မိနစ်လောက်ရယ်။ ခင်း ထားတဲ့လမ်းက အဆုံးသတ်သလိုလို၊ ရှေ့ဆက်ရန် ကျန်သလိုလို ဖြစ်။ ရေမြောင်းတွေကလည်း ဟိုတစ်ခြမ်း ဒီတစ်ခြမ်း လုပ်နေ တော့ တစ်ခါတစ်ခါ ပိတ်လိုက်တဲ့ လမ်းဆိုတာ မိုးတစ်လင်းကို ဖြစ်လို့။ ညနေစောင်း တွဲကားကြီးတွေ ဖြတ်တဲ့အချိန်ဆို ယောင် လို့တောင် ခြေဦးမလှည့် မိစေနဲ့။ အခန့်မသင့်ရင် တွဲကားတွေ ကြား ဖဲသမားတွေက မျက်လုံး ကစားသွားလိမ့်မယ်။ ဒါတောင် နေ့လယ် နေ့ခင်း အချိန်တွေ ပေး မဖြတ်တော့လို့။ နေ့ခင်းတွေ ကားကြီးတွေ ဖြတ်တုန်းကများ ပိတ်လိုက်တဲ့ လမ်းဆိုတာ သွား ရင်း အတိတ်တောင် မေ့သွားမရလား မှတ်ရတယ်။ ကိုယ်ဝန် ဆောင်သည်သာ သွားမိရင် မွေးလာတဲ့ ကလေး လမ်းနာမည်ပေး ရမယ့်အတိုင်း။
.


.
လမ်းတွေက ခင်းတော့ခင်း နေတာပါပဲ။ ခက်တာက ဟိုတစ် ကွက် ဒီတစ်ကွက် လုပ်သလို ဖြစ်နေတာပေါ့။ သူတို့ ဘယ်လိုမျိုး လုပ်နေတယ် ဆိုတာတော့ မပြောတတ်ဘူး။ သွားရ လာရတာ တော့ တော်တော်ကြီးကို ဒုက္ခရောက်တယ်။ တစ်နေရာ တစ်နေ ရာ ပြီးအောင် လုပ်တာလည်း မဟုတ်ဘူး။ တစ်ခါတလေ ဒီနေ ရာလုပ်ရင်းနဲ့ ရပ်ထားပြီး တစ်ခြားနေရာမှာ လုပ်နေတာလည်း တွေ့ရတယ်။ ပေ ၅၀ ဖြစ်စေ ၁၀၀ ဖြစ်စေ တစ်နေရာချင်း ပြီး အောင် လုပ်လို့ မရဘူးလားပေါ့။ သူ့အပိုင်းလိုက်လေး တစ်ခါ တည်း ပြီးအောင် လုပ်လိုက်ရင်တော့ သွားလာရ အဆင်ပြေသွား နိုင်တယ်။ အခုကျတော့ ပြင်နေတဲ့ လမ်းပိုင်းကြီး တစ်ခုလုံး ဟို တစ်ကွက် ဒီတစ်ကွက်နဲ့ ဘယ်လို လုပ်နေမှန်း မသိတော့ဘူး။ သွားရလာရတာတော့ အဆင်မပြေတာ အမှန်ပဲလို့ ဝါးပြားလမ်း ဆုံ အနီးမှာ နေထိုင်တဲ့ မိတ်ဆွေတစ်ယောက်က ပြောတယ်။
.

လက်ရှိ အစိုးရ သက်တမ်းအတွင်း ကြည့်မယ် ဆိုရင်လည်း လမ်းခင်းတဲ့ အလုပ်ကို အတော်ကြီး အားစိုက်လုပ်ဆောင်တာ တွေ့ရပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အတော်များများမှာ အရင်အစိုးရတွေ လက်ထက်က မမြင်ဖူးတဲ့ လမ်းမျိုးတွေ မြင် တွေ့လာရပါတယ်။ နိုင်ငံတကာ တန်း မမီတောင် မြန်မာပြည်အ တွက်တော့ ခပ်ပါးပါးတန်း မြင့်တယ် ပြောရမှာပေါ့။ ပြောင် တစ် လက်လက် လမ်းတွေပေါ်လာတာနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို တွန်းကြတယ်။ အစိုးရကို ပေး ကြတယ်။ ဒီအစိုးရ လက်ထက်မှ ဒါမျိုးတွေ ပေါ်လာတာ။ အရင် အစိုးရတွေ လက်ထက်တုန်းက ကျပ် မပြည့်တဲ့ လမ်းတွေဖြစ် ခဲ့တာ။ (အပေါ်က ကျတုန်းကတော့ ပြည့်ရင်ပြည့်မှာပေါ့။ အဆင့် ဆင့် တတိတိ ပွန်းသွားလားတော့ မပြောတတ်ပါဘူး)။ သူ့အရပ် နဲ့ သူ့ဇာတ်တော့ ဟုတ်တိပတ်တိကို ဖြစ်လို့။
.
လမ်းခင်းတဲ့ နေရာတွေမှာ ကြံဖန်ပြီး တိုင်ပတ်နေတဲ့ အ ကြောင်းအရာ တစ်ခုကိုလည်း ဖောက်သည်ချလာသေးတယ်။ လမ်းတွေ ခင်းနေတော့ လမ်းမဘေးမှာ ချထားတဲ့ အမှိုက်သိမ်း ကန်တွေ မရှိတော့ဘူး။ အရပ်ထဲက လူတွေ ကြုံသလိုပစ်ကြဆို ပြီး တာဝန်ရှိသူတွေက အမှိုက်ကန်တွေ လာသိမ်းသွားပုံ ရပါ တယ်။ ညနေစောင်းဆို အမှိုက်ထုပ်လေးတွေ ကိုင်ပြီး ဆင်းလာ။ ပစ်ရမယ့် အမှိုက်သိမ်းကန် မရှိတော့ လာလက်စနဲ့ ကြုံသလို ပစ် ကြပါလေရော။ ဆိုင်ကယ်နဲ့ လာတဲ့လူ၊ အလိုက်သိတဲ့လူတွေက တော့ သင့်တော်ရာ အမှိုက်ထိ အရောက် သွားပစ်တာတော့ ရှိပါ တယ်။ အနည်းစုလေးပေါ့။ အများစုကတော့ မရှိတော့တဲ့ အမှိုက် သိမ်းကန်ကို စိတ်ထဲ ရည်မှန်းပြီး လမ်းမကြီးဘေး ဆတ်ကော့ လတ်ကော့ သာသာယာယာ ချသွားကြပါတယ်။ သန့်ရှင်းရေးဆု ရထားတဲ့ မြို့ဆိုတော့ တန်ဖိုးထားကြတယ် ပြောရမလားပါဘဲ။
.
အနောက်မြို့ပတ်လမ်း စခင်းတဲ့ အချိန်ကစပြီး လမ်းဘေးက အမှိုက်သိမ်းကန်တွေ မရှိတော့ဘူး။ နီးစပ်တဲ့ နေရာမှာ အမှိုက် သိမ်းကန် မရှိတော့ အမှိုက်ပစ်ဖို့အတွက် တော်တော် အခက်အခဲ ဖြစ်ရတယ်။ အရင်တုန်းက ဝါးပြားနဲ့ ချမ်းသာရပ်ကွက်မှာ နေတဲ့ လူတွေ အမှိုက်ပစ်ဖို့အတွက် ဝါးပြားလမ်းဆုံမှာ အမှိုက်သိမ်းကန် တစ်ခု ရှိတယ်။ ကူညီကုန်းဘက်မှာနေတဲ့ လူတွေပစ်ဖို့ ၁၆ ထပ် တိုက် တောင်ဘက်နားမှာ တစ်ခုရှိတယ်။ အခု လမ်းခင်းနေတော့ အမှိုက်သိမ်းကန်တွေ မရှိတော့ဘူး။ အမှိုက်ပစ်ချင်ရင် ဆိုင်ကယ်  ပေါ်တင်ပြီး ရွှေသူဌေးကုန်းကန်ထောင့် လမ်းဆုံအထိ သွားနေရ တယ်။ ရပ်ကွက်ထဲ လာတဲ့ အမှိုက်သိမ်းကားကလည်း ဘယ်နေ့ လာမယ်ဆိုတာ အတိအကျ မရှိဘူး။ အမှိုက်သိမ်းကန် ပြန်မထား ပေးနိုင်သေးရင် အမှိုက်သိမ်းတဲ့ ကားတော့ ရက်ခြားလာပေးစေ ချင်တယ်လို့ အမှိုက်ဒုက္ခသည် တစ်ယောက်က ပြောပါတယ်။
အခု လမ်းခင်းနေတော့ အမှိုက်သိမ်းကန်တွေ မရှိတော့ဘူး။ အမှိုက်ပစ်ချင်ရင် ဆိုင်ကယ်  ပေါ်တင်ပြီး ရွှေသူဌေးကုန်းကန်ထောင့် လမ်းဆုံအထိ သွားနေရ တယ်။ ရပ်ကွက်ထဲ လာတဲ့ အမှိုက်သိမ်းကားကလည်း ဘယ်နေ့ လာမယ်ဆိုတာ အတိအကျ မရှိဘူး။ အမှိုက်သိမ်းကန် ပြန်မထား ပေးနိုင်သေးရင် အမှိုက်သိမ်းတဲ့ ကားတော့ ရက်ခြားလာပေးစေ ချင်တယ်လို့ အမှိုက်ဒုက္ခသည် တစ်ယောက်က ပြောပါတယ်။
.
လမ်းခင်းတဲ့ နေရာတွေနား ဖြတ်သွားဖြတ်လာ လုပ်ရင်း သ တိထားမိတာ တစ်ခု ရှိပါသေးတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းလို့ ဆိုထားပါတယ်။ မြှင့်တင်တယ်လို့ ဆိုထားတဲ့အတွက် အရင်လမ်းသားတွေထက် တော့ ပိုကောင်းအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ လတ်တ လော ခင်းလက်စ အနောက်မြို့ပတ်လမ်းပိုင်း မြင်ရတာတော့ အရင်လမ်းသားနဲ့ သိပ်ထူးခြားမှု ရှိမနေပါဘူး။ ပြောင်းလဲသွား တာ တစ်ခုတော့ ရှိပါတယ်။ လမ်းက အရင်ထက် ၈ လက်မ လောက် အပေါ်ကို မြင့်တက်လာပါတယ်။ မြင့်လာတာပါ။ အမှန် တကယ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆိုရင် ဗိုလ်ချုပ်အောင် ဆန်း လမ်းမကြီးလောက် ကောင်းဖို့ လိုအပ်ပါတယ်။ ပေ ၁၀၀ ကောင်းအောင် လုပ်နိုင်မယ့် ဘတ်ဂျက်နဲ့ ပေ ၁၀၀၀ လောက် လုပ်နေရင်တော့ နဂိုအတိုင်းထူးခြားမှု ရှိလာမယ်လို့တော့ မမြင်။
.
ခရီးတိုလေး ထွက်ဖြစ်တဲ့ အချိန်တုန်းက တောင်ကြီးမြို့က နေ ကလောမြို့အထိ ၄ လမ်းသွား လမ်းမကြီးဖြူးနေတာတွေ့ တော့ ကိုယ့်ရပ်ကိုယ့်ရွာအတွက် ဂုဏ်ယူမဆုံးပေါ့။ အခုလည်း ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပေါ်မှာ အဓိကကျတဲ့ လမ်း မကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်း လုပ်ဆောင်နေပါတယ်။ အ နောက်မြို့ပတ်လမ်း အပိုင်း ၂ ခင်းနေတယ်။ တစ်သက်လုံး မပြင် တော့ဘူး ထင်ရတဲ့ နာရီစင်လမ်း ပြုပြင် ခင်းကျင်းနေပါတယ်။ ထ ၃ ကျောင်း အနောက်ဘက်လမ်း ခင်းတာကိုလည်း သတိပြုမိ လိုက်တယ်။ တောင်ကျောင်းလမ်းလည်း အဆစ်ပါနေသေးတယ်။  အဆင့်မြှင့်တင်ခြင်း လုပ်ငန်းလို့ ဆိုထားပါတယ်။ နဂိုထက်တော့ ရုပ်ထွက်ကောင်းဖို့ လိုအပ်ပါတယ်။ ဟိုတစ်ကွက် ဒီတစ်စ ဖြစ်နေ တာတွေလည်း အမြန်ဆုံး လုပ်ဆောင်ပေးသင့်တယ်လို့ မောင်း ခတ်သံတွေ ကြားနေရကြောင်းပါ။ ။

No comments:

Post a Comment

Journal Download

Photo of three cats