အာဇာနည်များ လျှောက်ခဲ့သည့်လမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 13, 2020

အာဇာနည်များ လျှောက်ခဲ့သည့်လမ်း

ကမ္ဘောဇတိုင်း
.

လာမည့် ဇူလိုင်လ ၁၉ ရက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်း ဆောင်ကြီးများ တိုင်းပြည် အတွက် အသက် ပေးသွားခဲ့ရသည်မှာ နှစ်ပေါင်း ၇၃ နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။ သေသောသူ ကြာလျှင်မေ့ ဆိုသော်ငြားလည်း မြန်မာတစ်မျိုးသားလုံးအ တွက် လွတ်လပ်ရေးကို အသက်ပေး ရယူ သွားခဲ့သည့် အာဇာနည်များကိုမူ မြန်မာ တစ်မျိုးသားလုံး မမေ့နိုင်ကြပါ။
.
နှစ်စဉ် အာဇာနည်နေ့ ရောက်တိုင်း ရန်ကုန်မြို့ရှိ အာဇာနည် ဗိမ္မာန်အပြင် နယ်မြို့အသီးသီးတွင်လည်း သက်ဆိုင် ရာ သတ်မှတ်နေရာများ၌ အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းဆွတ် သတိရသော အားဖြင့် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း တို့ကို နှစ်စဉ်မပျက် ပြုလုပ်ကြမြဲ ဖြစ်သည်။ စစ်အာဏာရှင် အစိုးရလက်ထက် ယင်း အစဉ်အလာများကို ဖျောက်ဖျက်ရန်၊ အမျိုးသားခေါင်း ဆောင်ကြီးများ၏ သမိုင်းကို ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း မပျောက်ပျက်နိုင်ခဲ့ပါ။
.
ယခုနှစ်တွင်လည်း အာဇာနည်နေ့ အခမ်းအနားများကို မြန်မာ နိုင်ငံတစ်ဝှမ်းတွင် ကျင်းပသွားမည်ဖြစ်သည်။ သို့ ရာတွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေအရ အာဇာနည်နေ့ အခမ်းအနားများကို အကျဉ်း ချုံး ပြုလုပ်သွားကြရမည်ဟု သိရပါသည်။
.
ဘယ်လိုပင်ဖြစ်စေ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ကြသည့်၊ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမြတ်နိုး တန်ဖိုးထား ကြသည့် ပြည်သူတို့ကတော့ နှစ်စဉ် အပြင်မှာ အလေးပြုခွင့် ရလျှင်ရသလို အလေးပြုနေကြပြီး မရလျှင်လည်း ရင်ထဲမှ အလေးပြု နေကြဦးမည်သာ ဖြစ်သည်။
.
ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ထိုစဉ်က အမျိုးသားခေါင်းဆောင်ကြီးများ၏ မမှိတ်မသုဉ် ကြိုးပမ်းအားထုတ်မှုနှင့် တိုင်းပြည်အပေါ် စေတနာ မှန်မှန်ဖြင့် ဆောင်ရွက်ခဲ့မှုများကြောင့် ယနေ့ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး၏ အသီးအပွင့် များကို ခံစားနေကြရသည်။ သို့သော် ကံမကောင်း အကြောင်း မလှစွာပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်း ဆောင်ကြီး အချို့သည် လွတ်လပ်ရေး ခရီး လမ်းခုလတ်မှာပင် ကျဆုံးခဲ့ရသည်။
.
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မသမာသူ လူတစ်စု၏ လက်ချက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံအကြီးအကဲများ ကျဆုံးခဲ့ရသည်။ ထိုသေနတ်သမားများ၏ ကျည်ဆံသည် ဗိုလ် ချုပ်တို့၏ နှလုံးသည်းခြေတို့ကို ဖောက်ဝင်သွားရုံမက တိုင်းပြည် အနာဂတ်ကို များစွာ အထိနာစေခဲ့ရသည်။
.
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ကျန်နိုင်ငံခေါင်းဆောင်များ၏ ကြိုးပမ်း အားထုတ်မှုကြောင့် လွတ်လပ်ရေး အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သော်လည်း လွတ်လပ်ရေးနှင့် အတူ ဖွားဖက်တော် အဖြစ် ပြည်တွင်းစစ်၏ ဆိုးမွေက ယနေ့ နှစ်ပေါင်း ၇၀ ကျော်တိုင် မြန်မာပြည်သူတွေ ခံစားနေရဆဲ ဖြစ်သည်။
,
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တစ်ခုတို့အကြား ထိတွေ့ တိုက်ပွဲများကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ရသလို ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းကဲ့သို့ပင် နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြစ်မဲ့ ပြည်သူများစွာ ပြည်တွင်းစစ်ကြောင့် အသက်ခန္ဓာတွေ စတေး ခဲ့ရပြီး ဖြစ်သလို လူစဉ်မမီ ဖြစ်ခဲ့ရသည်လည်း များစွာ ရှိလှပြီ ဖြစ်ပါသည်။
.
အာဇာနည်များ ကျဆုံးခဲ့ပြီးနောက် လွတ်လပ်ရေး အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သော်လည်း အာဇာနည်ကြီးများ မျှော်မှန်းခဲ့သည့် တစ်နည်းအားဖြင့် မြန်မာ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လမ်းခရီးကား မဆုံးသေးပါ။
.
ဗိုလ်ချုပ်အောင်ဆန်းကို ချစ်သည် ဆိုပါလျှင်၊ အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစားသည် ဆိုပါလျှင် အာ ဇာနည်ကြီးများ လျှောက်လှမ်းခဲ့သည့် မပြီးသေားသော လမ်းခရီးကို ဆက်လျှောက်လှမ်းဖို့ ယနေ့ မျိုးဆက်များက ဆက်လက် ပခုံးပြောင်း တာဝန်ယူရပါမည်။
.
သမိုင်းတွင် အမည်းစက်ထင်ခဲ့ရသော အရုပ်ဆိုး အကျည်းတန်လှသည့် ဇူလိုင် ၁၉ လို သင်ခန်းစာမျိုးကို နောက် မျိုးဆက် အတွက် ချန်ထားရန် မဖြစ်သင့်တော့ပါ။ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံး အတူလက်တွဲကာ အာဇာနည်ကြီးများ မျှော်မှန်းခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ လမ်းဆီကို ခိုင်ခိုင်မာမာ လျှောက်လှမ်းရင် အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုနိုင်ပါမှသာ ကျဆုံးလေသူ အာဇာနည်ခေါင်းဆောင် ကြီးများလည်း ကျေနပ်နိုင်မည် ဖြစ်ပါသည်။
.
အာဇာနည်နေ့များတွင် အာဇာနည်များ လျှောက်လှမ်းခဲ့သော လမ်းကို ကျွန်တော် ကျွန်မတို့ ပန်းတိုင်ရောက် အောင် ဆက် လျှောက်လှမ်းပါမည်ဟု သန္နိဋ္ဌာန် ပြုရင်း အာဇာနည်ခေါင်းဆောင်ကြီးများကို တွေးရှုကာ အလေးပြုနိုင်ကြ ပါစေကြောင်း။   
.

No comments:

Post a Comment

Journal Download

Photo of three cats

About