ထောင်ဒဏ်တွေ ပေးနေတာ အောင်မြင်နေလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 24, 2020

ထောင်ဒဏ်တွေ ပေးနေတာ အောင်မြင်နေလား


ဇန်
.
အကျဉ်းထောင်များရှိ အကျဉ်းသား အချုပ်သားများသည် အပြစ် တစ်ခုခု ရှိလို့ ဒါမှမဟုတ် ပြစ်မှု တစ်ခုခုကို ကျူးလွန်ခဲ့လို့ ပြစ်ဒဏ် ကျခံကြရတာ ဖြစ်ပေမယ့် အဲ့ဒီ အကျဉ်းသား အချုပ်သား တွေဟာ အကျဉ်းထောင်များထဲကနေ မိသားစုများထံ၊ နေရပ် အသီးသီးထံ၊ လူမှု အသိုင်းအဝိုင်း ရပ်ရွာ မြို့ပြများဆီသို့ ပြန်လည် ဝင်ရောက်ကြတဲ့ အခါဝယ် ရဲဝန်ထမ်းများ၊ တရားရေးဝန်ထမ်း များ၊ အကျဉ်း ဦးစီးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အကျဉ်းသား အချုပ်သားများ အချင်းချင်းနဲ့ လူမှု အသိုင်းအဝိုင်း တွေကို မုန်း တီး နာကျင်ပြီး ပြန်လည် ရောက်ရှိလာတာမျိုး မဖြစ်ဖို့ရန် အထူး ပင် အရေးကြီးပြီး ထို တာဝန် ဝတ္တရားကို တာဝန်ယူဖြေရှင်းပေး ကြဖို့ရန် အလို့ငှာ နိုင်ငံတော် နိုင်ငံသားများနဲ့ နိုင်ငံ့ဝန်ထမ်းများ စွာတို့မှာ တာဝန် အပြည့်အဝ ရှိနေတာ ဖြစ်ပါတယ်။
.
ဒါကြောင့် ၂၁ ရာစု လူမှုအသိုင်းအဝိုင်းတွေဟာ ပြစ်မှုကျူး လွန်တဲ့ ပြစ်ဒဏ်ကျခံရသူ လူပုဂ္ဂိုလ်တွေကို အလုပ်နဲ့ ထောင် ဒဏ်တွေ ပေးပြီး စိတ်ရော ကိုယ်ပါ နှိပ်စက် ညှင်းဆဲခြင်းတွေ၊ ပြစ်ဒဏ် ထောင်ဒဏ်တွေ ပေးကြမယ့်အစား လူသားချင်းစာနာမှု များကို ပြသရန်၊ အတတ်ပညာ များကို သင်ကြား လေ့ကျင့်ပေး ရန်၊ အသိပညာများကို ဖြန့်ဖြူး ဝေငှပေးရန်၊ လူနေမှုအဆင့် အ တန်းများကို မြှင့်တင်ပေးရန်၊ အကြားအမြင်၊ ဗဟုသုတ၊ အတွေး အခေါ်များကို ဖြည့်ဆည်းပေးရန်၊ လူမှုဘဝတွင် အံဝင်ခွင်ကျ နေ ထိုင်သွားလာ စားသောက် လုပ်ကိုင်တတ်စေရန် ရည်ရွယ်ချက် များဖြင့် အကျဉ်းထောင်များကို တက္ကသိုလ်များကဲ့သို့ ပြောင်းလဲ အသုံးပြုကြဖို့ အချိန်ကာလများဆီသို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ် ပါတယ်။
.
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ အကျဉ်း ထောင်များ အသီးသီးတို့တွင် ဘဝပေး အခြေအနေအရ အခွင့်အ လမ်း နည်းပါးခဲ့လို့ အတန်းပညာ၊ အသိပညာ၊ အတတ်ပညာ၊ အကြားအမြင်၊ ဗဟုသုတ၊ အတွေးအခေါ် အမြော်အမြင် မဖွံ့ဖြိုး သူ လူပုဂ္ဂိုလ်များ များစွာရှိနေတာပဲ ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်တွေ ဟာ တကယ်တော့ ခေတ်စနစ်၊ နိုင်ငံရေးစနစ်၊ အစိုးရ အချို့တို့ ၏ စီမံခန့်ခွဲမှု အလွဲများနှင့် ဆင်းရဲမွဲတေမှု အလုပ်အကိုင် အ ခွင့်အလမ်း ရှားပါးမှု တို့ကြောင့်သာ ရာဇဝတ်သားများ၊ တရား ခံများ၊ ပြစ်မှု ကျူးလွန်သူများ၊ အချုပ်သား၊ အကျဉ်းသားများ အဖြစ်သို့ ရောက်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ အချို့ ပုဂ္ဂိုလ်များက တော့ မရောက်သင့်ဘဲ၊ အပြစ် မရှိဘဲ၊ ပြစ်မှုမကျူးလွန်ဘဲ၊ ရာဇ ဝတ်မှု ဒုစရိုက်မှု မပြုလုပ်ဘဲ  ရောက်ရှိနေခဲ့ကြတာတွေလည်း  ဒုနဲ့ ဒေးပဲ ဖြစ်ပါတယ်။
.
ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ဒေါ်အောင် ဆန်းစုကြည် ပြောနေကြစကားလိုပါပဲ “လောကမှာ ပြင်လို့ရတဲ့ သူနဲ့ ပြင်လို့ မရတဲ့သူ ၂ မျိုးပဲ ရှိတယ်” ဆိုတဲ့ စကားနှင့်အညီ အကျဉ်းထောင်များဟာ ထို လူသား အရင်းအမြစ်များကို ပြုပြင် ပြောင်းလဲပေးရာ နေရာဌာနများ အဖြစ်သို့ ပြောင်းလဲပေးချိန် တန်ပြီလည်း ဖြစ်ပါတယ်။ လုံးဝ မပြုပြင်ကြည့်ဘဲနဲ့ တရားခံ တိုင်း၊ အကျဉ်းသားတိုင်း၊ အချုပ်သားတိုင်းကို ပြစ်မှုကျူးလွန် တဲ့ သူတွေဆိုပြီး ဒုက္ခတွေ မျိုးစုံနဲ့ နေထိုင် ရှင်သန်ခိုင်းတာ၊ ကိုယ်စိတ် နှစ်ပါးကို နှိပ်စက်ကလူ ပြုတာ၊ နိုင်လိုမင်းထက်ပြု ကျင့်တာ၊ ကိုယ်ကျိုးစီးပွား ရှာဖွေတာ၊ အဂတိ လိုက်စားတာ၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်တာ၊ မင်းတို့ထက် နိုင်ငံတော်က ၂ ဆ ရက်စက်တတ်တယ် ဆိုတဲ့ ပုံစံမျိုး အဖြစ်ကို ရောက်အောင် အပြစ်သားတွေကို နိမ့်ချ ငတ်ထား အနိုင်ကျင့် ပုတ်ခတ်တဲ့နည်း လမ်းမျိုးတွေဟာ ၂၁ ရာစုမှာ တော့ ပြင်ဆင်ရတော့မယ့် မအောင် မြင်သော နည်းလမ်းဟောင်း နည်းလမ်းဆိုးတွေ အဖြစ် ကျန်ရစ် ခဲ့ကြရမှာ ချန်ရစ်ခဲ့ ကြရမှာပဲ ဖြစ်ပါတယ်။
.
အကျဉ်းသား အချုပ်သားတွေကို လုပ်အားခမဲ့ သို့မဟုတ် လုပ်အားခနှိမ်ပြီး နိုင်ငံတော် ကိုယ်တိုင်က မတရား လုပ်ကိုင်ပြီး အနိုင်ကျင့်တာမျိုး၊ အကျဉ်းသား အချုပ်သားတွေရဲ့ မွေးရာပါ မူလ ရရှိ ခံစားပိုင်ခွင့်တွေကို အသိ မပေးဘဲ ဖုံးကွယ်ထားတာ၊ ရဲဘက်စခန်းတွေ ပို့ဆောင်ပြီး ကျန်းမာရေး အာမခံ၊ အသက် အာ မခံ မရှိဘဲ အလုပ်ကြမ်းတွေ ခိုင်းစေတာ၊ အကျဉ်းသားများကို သူတို့ရဲ့ မိသားစုများနဲ့ နီးတဲ့ထောင်တွေကိုသာ ပြောင်းရွှေ့ပေးရ မယ့်အစား မိသားစုများနဲ့ ဝေးရာ ထောင်တွေကို ပြောင်းရွှေ့ ပို့  ဆောင်ပြီး ထောင်ဝင်စာတွေ၊ ဧည့်တွေ့တွေ၊ ပါဆယ်ပစ္စည်းတွေ၊ စားဝတ်နေရေး အခက်အခဲတွေ များစွာ ဖြစ်သွားအောင် နယ် ဝေးထောင်တွေကို တကူးတက ပြောင်းရွှေ့ပစ်တာမျိုး တွေဟာ အကျဉ်းသား အချုပ်သား အခွင့်အရေး၊ မွေးရာပါ နိုင်ငံသားအခွင့် အရေး၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတို့ကို များစွာလျစ်လျူရှု ထားပြီး နိုင်ငံတော်ကိုယ်တိုင်က ဖောက်ဖျက် ကျူးလွန် သလိုမျိုး ဖြစ်နေတာတွေကို ၂၁ ရာစု နှစ်များမှာ ရပ်တန့် ပြောင်းလဲကြရ တော့မှာ ဖြစ်ပါတယ်။
.


.
အကျဉ်းထောင်များထဲရှိ  အကျဉ်းသား  အချုပ်သား များစွာ ထဲက  တစ်ဝက်ခန့်ဟာ  မိသားစုနဲ့ အိမ်နဲ့ အဆက် အသွယ်ပြတ်ကာ စားဝတ်နေရေး လုံးဝ အဆင်မပြေကြသူများ ဖြစ်ပါတယ်။ ထိုကဲ့ သို့သော ပုဂ္ဂိုလ်များအတွက် အကျဉ်းဦးစီးဌာန သို့မဟုတ် ပြင်ပ အလှူရှင်များ သို့မဟုတ် နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ သို့မ ဟုတ် နိုင်ငံတော်အစိုးရ အဖွဲ့ အစည်းများက တရားဝင်ထောက်ပံ့ ပေးတာမျိုးတွေလည်း ပြုလုပ် ဆောင်ရွက်ပေးဖို့  လိုအပ်နေတာ ဖြစ်ပါတယ်။ ထိုသို့ မပြုလုပ်နိုင်ပါကလည်း အကျဉ်းသားအချုပ် သားများကို နေ့စဉ်ဝင်ငွေရရှိနိုင်တဲ့ အိမ်တွင်းမှု၊ စက်မှုလက်မှု၊ လုပ်ငန်းငယ်လေးတွေ သင်ကြား ပြသ ပြုလုပ်စေပြီး ထိုဝင်ငွေ များကို အကျဉ်းသားဈေးဝယ် သို့မဟုတ် အကျဉ်း ဦးစီးဌာနဈေး ဘားတွင် ထောင်ဝင်နံပါတ်များဖြင့် အကောင့်များ ဖွင့်လှစ်ကာ အကျဉ်းဦးစီးဌာနက ကိုင်တွယ်ပြီး ခေါက်ဆွဲ၊ ကြာဆံ၊ ကော်ဖီ၊ လက်ဖက်ရည်ထုပ်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာ မွှေးခဲ၊ နို့ဆီထုပ်၊ ပေါင် မုန့်၊ ကိတ်မုန့်၊ လက်ဖက်ခြောက်၊ အသီးအနှံ စသည်ဖြင့် လူသုံး ကုန် ပစ္စည်းများ စားသုံးကုန်ပစ္စည်း များကို မှာယူစားသုံးနိုင်ခွင့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်တာ ဖြစ်ပါတယ်။
.

အကျဉ်းထောင်များ ထဲတွင် ကော်ဖီ၊ လက်ဖက်ရည်အိတ် ခွံများဖြင့် အရုပ်ကလေးများ၊ လွယ်အိတ် ကလေးများ များများ ပြုလုပ်နိုင်ကြပါတယ်။ အပေါက်ပါ ကော်သီးကော်စေ့များဖြင့် လည်း ကြားခံကြိုးများကို အသုံးပြုကာ လိုချင် နှစ်သက်စဖွယ် အရုပ်များ၊ အိတ်များ အမျိုးမျိုးသော ပစ္စည်းများစွာ တို့ကို ဖန် တီး ပြုလုပ်နိုင်ကြပါတယ်။ ကော်ကြိုး အပြားများ ဖြင့်လည်း ဆွဲခြင်းများ၊ ပလိုင်းများ၊ အိတ်များ၊ အရုပ်များ ပြုလုပ်နိုင်ကြပါ တယ်။ ထို့အပြင် ဆီးကွင့်ထိုးခြင်းနှင့် တိုက်ပုံအင်္ကျီများ ရင်ဖုံး အင်္ကျီများတွင် အသုံးပြုရန် အဝတ် ကြယ်သီးများ၊ ဇာထိုးပန်း ထိုး လုပ်ငန်းများ ပြုလုပ်နိုင်ပြီး အန္တရာယ်ကင်းသော လက်မှု လုပ်ငန်းများလည်း ဖြစ်တာမို့ စိတ်ချလက်ချ သင်ကြား ပြုလုပ် ခွင့် ပြုနိုင်တဲ့အပြင် အကျဉ်းသား အချုပ်သားများရဲ့ အမှုကိစ္စများ ကြောင့် စိတ်ညစ်ဝမ်းနည်း ဆင်းရဲ ရမှုများကို ဖြေဖျောက် စေနိုင် သည့်အပြင် အလုပ်အကိုင်ကို စိတ်ပါဝင်စားစွာ ပြုလုပ်နေသည့် အတွက် တစ်နေ့တာ အချိန်များကို ပြဿနာ ကင်းကင်း စိတ် ရှင်းရှင်းဖြင့် မြန်မြန်ဆန်ဆန် ကျော်ဖြတ်နိုင်ကာ စိတ်တည်ငြိမ် အေးချမ်းမှု၊ စိတ်ကျေနပ်မှု၊ ဝင်ငွေရခြင်းနှင့် လက်မှုအတတ် ပ ညာ တတ်မြောက် ကျွမ်းကျင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ တို့ကို မလွဲမသွေ မုချဧကန် ရရှိကြမှာ အသေအချာပဲဖြစ်ပါတယ်။
.
အမှန်တကယ်လည်း အကျဉ်းထောင်များသည် အသိပညာ၊ အတတ်ပညာ၊ အတန်းပညာ၊ အကြားအမြင်၊ ဗဟုသုတ၊ အတွေး အခေါ်တို့ကို သင်ကြားပို့ချပေးပြီး လူပုဂ္ဂိုလ် များစွာတို့ကို နဂိုမူ လထက် သာလွန် ကောင်းမွန်သွားအောင် ပြုပြင်ပြောင်းလဲပေး ရာ စင်တာများ တက္ကသိုလ်ကျောင်းများ အဖြစ်သို့ ပြောင်းလဲပေး သင့်သည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
.
လူသားများကို အပြစ်ပေးခြင်းဖြင့်၊ ထောင်ဒဏ် ချမှတ်ခြင်း ဖြင့်၊ အထီးကျန်စေရန်၊ သီးခြား ခွဲခြားထားခြင်းဖြင့် သေဒဏ်ပေး ခြင်းဖြင့် အကောင်းဘက်သို့ ပြောင်းလဲ မပေးနိုင်ကြောင်းနှင့် ထိုပြစ်ဒဏ်များကို မကျခံရသေးသူများကလည်း ထိုပြစ်ဒဏ်များ ကို ကြောက်လန့်ပြီး မကျူးလွန်ဘဲ နေကြောင်းကို လူ့သမိုင်း အဆက်ဆက်ရှိ လူသားမျိုးနွယ်စု များစွာက လူပုဂ္ဂိုလ်များစွာတို့ က သက်သေ မပြနိုင်ကြသေးပေ။ ထို နည်းလမ်းများသည် လူမှု အသိုင်းအဝိုင်း လောကကြီး အတွက် အလုပ် မဖြစ်သည် မှာ အ ထောက်အကူ မဖြစ်သည်မှာ မအောင်မြင်သော နည်းလမ်းများ ဖြစ်သည်မှာ နှစ်သန်းပေါင်းများစွာ သေချာခဲ့ပြီလည်း ဖြစ်ပါ သည်။
.
ထို့ကြောင့် လူမှုအသိုင်းအဝိုင်းများနှင့် နိုင်ငံတော်များ အစိုးရ အဖွဲ့များစွာ တို့သည် ပြစ်မှု ကျူးလွန်မိသူများ၊ စွပ်စွဲခံကြရသူများ၊ တရားခံများ၊ အကျဉ်းသား အချုပ်သား များစွာတို့ကို အနိုင်ကျင့်၊ နှိပ်စက်၊ ပြစ်ဒဏ်ပေး၊ ကလဲ့စားချေ ထောင်သွင်း၊ အကျဉ်းကျ၊ သေဒဏ်ပေးသည့် နည်းလမ်းဆိုးများကို ရှောင်ဖယ်ပြီး လူသား ချင်း စာနာမှု၊ သနားကြင်နာမှု၊ ကိုယ်ချင်းစာတရား၊ ဆင်ခြင်တုံ တရား၊ တရားမျှတခြင်း၊ ခွင့်လွှတ် သည်းခံခြင်း၊ ချစ်ခင် ကြင်နာ ခြင်း၊ မေတ္တာ ထားခြင်းဖြင့် ပြုပြင်ပြောင်းလဲလာအောင် ကြိုးစား စွမ်းဆောင်နိုင်သော နည်းလမ်းကောင်းများကို အသုံးပြုသင့်ကြ ပြီ ပြောင်းလဲသင့်ကြပြီ ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါ သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About