ဒီမိုကရေစီကို ကျင့်သုံးဖူးခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

ဒီမိုကရေစီကို ကျင့်သုံးဖူးခြင်း


ရဲဘော်မြသိန်း
.
ဒီမိုကရေစီ စကားလုံးများ
ဒီနေ့ခေတ်ဟာ ဒီမိုကရေစီ စကားလုံးတွေ သိပ်ပြောတဲ့ခေတ် ဖြစ်ပါတယ်။ "သူ့နှုတ်မှာလည်း ရွှေဒီမို  ငါ့နှုတ်မှာလည်း ရွှေဒီမို စကားလှရယ်က ကြားရနားဝင်ချို"လို့ ဆိုရမယ် ထင်ပါတယ်။ ဘာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ "စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ"တဲ့။ ရှင်းရှင်းလေးပါ။ ဒီမိုကရေစီဆိုတာ စစ်စစ် မှန်မှန် ဖြစ်ရမယ် အတုအယောင် မဟုတ်ရဘူး။ ရေမရောရဘူး။ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ မဖြစ်ရဘူး စသဖြင့် ဖော်ညွှန်းလိုဟန် ရှိပါတယ်။ ဖော်လည်း ဖော်ညွှန်းပါတယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတာ ဖြစ်လို့ အစဦးဆုံး ကနဦး တင်ပြလိုက် ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံး စကားရပ် ကို နာမဝိသေသန အထူးပြုစရာ မလိုအပ်ဘဲ သူ့အဓိပ္ပါယ်နဲ့သူ လေးနက်ပြီးသား ဖြစ်တယ်လို့ ဆိုသူတွေကလည်း ဆိုနေကြပြန် ပါတယ်။
.
ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဆက်ပြောရရင် ပြောမဆုံးပေါင် တောသုံးထောင်လို့ ဆိုရပါမယ်။ "ဒီမို"ဆိုတာက ဘာ၊ "ကရေစီ" ဆိုတာက ဘယ်ကလာတယ်၊ ၂ ခုပေါင်းရင် ဘယ်လို အဓိပ္ပါယ်ရှိ တယ်ကအစ၊ ဒီမိုကရေစီ စကားလုံးပေါ်မှာ အမျိုးမျိုး ပြောကြဆို ကြ ဝေဖန်ကြ ဆွေးနွေးသရုပ်ခွဲပြကြပါတယ်။ ရှေးပညာရှင်ကြီး တွေက စလို့ အခုခေတ် ပညာရှင် အကြီးအငယ် အလတ်နဲ့ ပြည် သူတစ်ရပ်လုံး ဆုံးခန်းတိုင်အောင် ပြီးပြည့်စုံ မှန်ကန်သွားပြီလို့ တော့ မရှိသေးပါဘူး။ အင်္ဂလိပ်ဘာသာစကား ဖြစ်တဲ့ ဒီမိုကရေစီ (DEMOCRACY)ကို လုံးဝဥဿုံ မှန်မှန်ကန်ကန်ကြီး နားလည်သိ ကျွမ်းသူ ဆိုတာတော့ ဒီကမ္ဘာကြီးမှာ မပေါ်ပေါက်သေးပါဘူး။
.
ဒီမိုကရေစီ စကားလုံးတွေကို ကြည့်ပါ။ ခေတ်အဆက်ဆက် ပေါ်လွင် သုံးနှုန်းခဲ့ကြတာပါ။ ကျွန်တော် အသက်အရွယ်နဲ့ သိမီခဲ့ တဲ့ စကားလုံးတွေကအစ အခုကနေ့ထိ သုံးနှုန်း ပြောဆိုနေကြတဲ့ ဒီမိုကရေစီ စကားလုံး စကားရပ်တွေကို လေ့လာကြည့်ကြရ အောင်ပါ။ ပညာရှင်ကြီး မဟုတ်သော်လည်း သူ့ခေတ် သူ့စနစ်နဲ့ ကနေ့အထိ ဒီမိုကရေစီ စကားတွေရဲ့ အတိမ်အနက်ကို အခြေအ နေနဲ့ လျော်ညီစွာ သူ့အဓိပ္ပါယ်လေးတွေနဲ့သူ ဖြစ်တည်တာလေး တွေကို တို့ထိ စိစစ်ကြည့်ကြရအောင်ပါ။
.
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ် လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီနည်းနဲ့ သွားခဲ့ဖူးကြပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်ပေါ့ဗျာ။ ပြည်သူအများစု ဆန္ဒနဲ့ ရွေး ချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်တဲ့ ခေတ်လို့ ပြောရင် ရပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ ပါတီစုံရှိတဲ့အ တွက် ပါတီစုံ ဒီမိုကရေစီ ခေတ်လို့ ပြောရင်လည်း ရပါတယ်။ ဒီ နေ့ခေတ်လောက်တော့ ပါတီတွေ မစုံလင် မများပြားဘူးပေါ့။
.
အဲ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နောက်ပိုင်းမှာ မြန်မာနိုင်ငံ ဟာ ပါလီမန် ဒီမိုကရေစီခေတ်နဲ့ အဆက်ပြတ်သွားပါတယ်။ ဆို ရှယ်လစ် စနစ်နဲ့ သွားပါတယ်။ ဆိုရှယ်လစ်ခေတ်ပါ။ အဲ့ဒီခေတ် မှာလည်း ဒီမိုကရေစီ ရှိပါတယ်။ "ဆိုရှယ်လစ် ဒီမိုကရေစီ"ပေါ့ ဗျာ။ ဆိုရှယ်လစ် ဝါဒစနစ်နဲ့သွားတဲ့ "ဒီမိုကရေစီ"လို့ ပြောလည်း ရပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဆိုရှယ်လစ်က မြန်မာ့နည်း မြန် မာ့ဟန်နဲ့ သွားတဲ့ မြန်မာ့ဆိုရှယ်လစ်လို့ လူသိများပါတယ်။ ဆို ရှယ်လစ် ဒီမိုကရေစီကို နောက်ပိုင်းမှာ နိုင်ငံရေးသမားကြီးတစ် ဦးက "ဒီမိုကရေစီ ဆိုရှယ်လစ်"သာ ဖြစ်သင့်တယ်လို့ ပြောပါ တယ်။ ဒီမိုကရေစီက အရင်လာပြီး ဆိုရှယ်လစ်က နောက်ကလာ တယ်တဲ့။ ဒီမိုကရေစီကို ဦးစားပေး ခေါ်ဝေါ်တဲ့သဘောပါ။ သူက "ပါလီမန် ဒီမိုကရေစီ"ခေတ်က ခေါင်းဆောင် တစ်ဦးပါ။ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဆိုရှယ်လစ်ကို တိုက်ခိုက်တဲ့ သဘော(သို့ မဟုတ်) ဆိုရှယ်ခေတ်ရဲ့ ဒီမိုကရေစီကို သဘောမတွေ့လို့ "ဒီမိုက ရေစီ ဆိုရှယ်လစ်"လို့ ဆိုလိုက်ခြင်းပါ။ သူ့နည်း သူ့ဟန်နဲ့ ဆို လိုက်ခြင်းပါ။ ဆိုရှယ်လစ်ဝါဒ၊ ဆိုရှယ်လစ် စနစ်ထက် "ဒီမိုက ရေစီ" က အဦးအစ ကနဦး အလေးထားစရာဖြစ်လို့ "ဒီမိုကရေစီ ဆိုရှယ်လစ်" ဖြစ်ပါတယ်တဲ့။
.


.
အဲဒီ ဆိုရှယ်လစ်ခေတ်က "ဒီမိုကရေစီ"မှာ "ဒီမိုကရေစီ ဗဟို ဦးစီးစနစ်"ဆိုတဲ့ အလေ့အကျင့် တစ်ခုကို အမြဲကိုင်တွယ် ကျင့် သုံးခဲ့ကြပါတယ်။ အများစု ဆန္ဒကို ဖော်ညွှန်းပေးမယ့် ဗဟိုက (အပေါ်က) ပြန်လည်ချုပ်ကိုင်တဲ့ စနစ်ပါ။ ဒါကို အာဏာရှင်ဆန် တယ်လို့ သုံးသပ်ကြသူတွေလည်း ရှိကြပါတယ်။ ပါတီကလည်း တစ်ပါတီထဲသာရှိပြီး ဗဟိုက ဦးစီးချုပ်ကိုင်တာဆိုတော့ အာဏာ ရှင် သိပ်ဆန်ပြီး "ဒီမိုကရေစီ"ဆိုတာ နာမည်ခံလောက်သာ ရှိတဲ့ ခေတ်ပါ။
.

ဆက်ပြီး တင်ပြပါရစေ။ ဒီနေ့ခေတ်ကတော့ "ပါတီစုံ ဒီမိုက ရေစီ"ခေတ်ပါ။ ပါတီတွေကလည်း စုံ၊ "ဒီမိုကရေစီ ကို နားလည် သိရှိမှုတွေကလည်း စုံ၊ ကျင့်သုံးပုံ ကျင့်သုံးနည်းတွေကလည်း စုံ၊ အဲ မြန်မာနိုင်ငံက တိုင်းရင်းသားတွေအားလုံး (အားလုံး)နဲ့ ဆိုင် တဲ့အတွက် "မြန်မာ့ဒီမိုကရေစီ"လို့ ဆိုနိုင်သလို၊ "အမျိုးသားဒီမို ကရေစီ"လို့လည်း ဆိုနိုင်ပါတယ်။ အင်း အခုအခါ တစ်ပြည်လုံး ငြိမ်းချမ်းရေးကို တည်ဆောက်နေရာ "ဖက်ဒရယ် ဒီမိုကရေစီ"လို့ ဟစ်ကြွေးပြီး ပြည်ထောင်စုကြီး မပြိုကွဲအောင် မျှော်မှန်း သုံးနှုန်း နေပါတယ်။ "ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုလို့လည်း ပြောဆိုကြပြန်ပါတယ်။ တိတိပပကြီးတော့ မဟုတ်သေးပါဘူး။ နောက်ပြီး ဒီမိုကရေစီဆိုတာ ဝါဒ စံ မဟုတ်၊ နိုင်ငံရေး ကျင့်ထုံး ကျင့်နည်းသာ ဖြစ်တယ်ဆိုပြီး "ဒီမိုကရေစီ အလေ့အထ"၊ "ဒီမို ကရေစီ အလေ့အကျင့်နဲ့" ဒီမိုကရေစီ ကျင့်စဉ်တွေကို အသား ပေး ဖော်ပြကြတာတွေလည်း ရှိကြပါတယ်။ "ပါလီမန် ဒီမိုကရေ စီ"ခေတ်က အာဏာရဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးကို "ဒီမိုက ရေစီ ပြောင်းပြန်" ကျင့်သုံးတယ်လို့ စွပ်စွဲဖူးပါတယ်။ ဆိုရှယ်လစ် ခေတ်က ဦးစီးချုပ်ကိုင်မှုများတဲ့ "ဒီမိုကရေစီ" ကို "အာဏာရှင် ဒီမိုကရေစီ"လို့ ခေါ်ကြပြီး "ဒီမိုကရေစီ ဆိတ်သုဉ်းမှု"လို့ ဆိုကြပါ တယ်။ နောက်ပြီး "ဒီမိုကရေစီ သင်းသတ်ခံရခြင်း"တဲ့။ "ဒီမိုက ရေစီ သေဆုံးခြင်း"တဲ့။ "ဓားမိုးကရေစီ"တဲ့။ ဒီမိုကရေစီတော့ ဒီ မိုကရေစီ ပဲ။ သို့သော် ကျင့်သုံးပုံ ကျင့်သုံးနည်းတွေက တကယ့် "ဒီမိုကရေစီ ရေချိန်"ကို မမီတဲ့အခါ "ဒီမိုကရေစီ ရေချိန်" မမီဘူး တဲ့။ "စံမမီ ဒီမိုကရေစီ"တဲ့။ ချုပ်ပြီး ပြောရရင် သူ့ပါတီလည်း "ဒီ မိုကရေစီ"၊ ငါ့ပါတီလည်း "ဒီမိုကရေစီ"၊ ပြည်သူတွေထဲမှာလည်း "ဒီမိုကရေစီ" အသီးသီးတွေ ရောထွေးနေကြပါတယ်။ "ဒီမိုက ရက်တစ်တွေ"ပေါ့ဗျာ။ နော်။
.
ဒီမိုကရေစီ ကျင့်သုံးခြင်း
ကျွန်တော်ဟာ မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော့်ဘဝကို ဖြတ်သန်းတဲ့အခါ "ဒီမိုကရေစီခေတ် အမျိုးမျိုး" ကိုလည်း ဖြတ်သန်း ခဲ့ရတာပေါ့။ ပါလီမန် ဒီမိုကရေစီခေတ် ကို မွေးစမှ ၁၄ နှစ်သား အထိ အလယ်တန်းကျောင်းသား ဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဖြစ်ပါ တယ်။ အသက် ၁၅ နှစ်လောက်ကျတော့ တစ်ပါတီ စနစ်နဲ့သွား တဲ့ "ဆိုရှယ်လစ် ဒီမိုကရေစီခေတ်" ကို ဖြတ်သန်းခဲ့ရပါတယ်။ ၁၉၆၂ မှ ၁၉၈၈ အထိ ၂၆ နှစ်တာ "ဆိုရှယ်လစ် ဒီမိုကရေစီခေတ်" ပါ။ အဲ့ဒီခေတ်မှာ ကျွန်တော်ကိုယ်တိုင် ထဲထဲဝင်ဝင် ကျင့်သုံးခဲ့ဖူး တဲ့ "ဒီမိုကရေစီ" လုပ်ငန်းတစ်ခုကို မျှဝေပေးလိုတဲ့ သဘောနဲ့ အခုတင်ပြနေခြင်း ဖြစ်ပါတယ်။ တစ်ခေတ် တစ်ခါက "ဒီမိုကရေ စီ"စနစ်တစ်ခုကို ကျင့်သုံးဖူးခြင်းပေါ့ဗျာ။
.
ပြောရရင် ကျွန်တော်ဟာ မြန်မာ့ဆိုရှယ်လစ်ခေတ် ပြည်သူ့ ကောင်စီ သက်တမ်းတစ်ခုမှာ မြို့နယ်တရားသူကြီးအဖွဲ့ ဥက္ကဌ  ဖြစ်ဖူးပါတယ်။ အဖွဲ့ဝင် ၂ ဦးလည်း ပါဝင်ကြပါတယ်။ ကျွန်တော် တို့ ၃ ဦးဟာ တရားစီရင်ရေး ကိစ္စတွေမှာ အဖွဲ့နဲ့ ဆောင်ရွက်ရပါ တယ်။ အဲဒီခေတ်က တရားစီရင်ရေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရလည်းကောင်း၊ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥပဒေအရလည်း ကောင်း အဖွဲ့နဲ့ ဆောင်ရွက်ရပါတယ်။ တစ်ဦးတစ်ယောက်တည်း သဘောနဲ့ ဆောင်ရွက်ရတာ မဟုတ်ပါဘူး။ ရှင်းလင်းမြင်သာ အောင် ပြောရရင် အဲ့ဒီခေတ်က တရားစီရင်ရေးဟာ တစ်ဦးထိုင် မဟုတ်ဘဲ၊ အဖွဲ့နဲ့ ထိုင်ပြီး လုပ်ဆောင်ရတဲ့ စနစ် ဖြစ်ပါတယ်။
.
ဆိုတော့ကာ အဲ့ဒီမှာ "ဒီမိုကရေစီ လာပါပြီ။ အမှုတစ်မှုကို နောက်ဆုံး စီရင်ဆုံးဖြတ်ကြရင် တရားသူကြီး အဖွဲ့ဝင် ၃ ဦး ဆန္ဒ ညီပြီး ဆုံးဖြတ်ကြတာ ရှိသလို၊ ၂ ဦးက ဆန္ဒညီပြီး တစ်ဦးက သ ဘောမတူညီဘဲ ဆုံးဖြတ်တာလည်း ရှိပါတယ်။ ဒီမိုကရေစီ သ ဘောအရ အများဆန္ဒနဲ့ ဆုံးဖြတ်တယ်လို့ ပြောရင် ရပါတယ်။ အဲ့ ဒီတုန်းက ဒီမိုကရေစီ အနိုင်ကျင့်ခံရပြီလို့ မပြောကြပါဘူး။ ကြား လည်း မကြားဖူးကြပါဘူး။ လူနည်းလို့ (၃ ဦးလောက်သာဖြစ်လို့) မပြောမဆိုကြတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
.
ဆက်ပြီး တင်ပြပါရစေ။ အဲဒီခေတ်က တာဝန်ရှိ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်တဲ့ ဒေါက်တာမောင်မော် (နောင်တွင် သက်တမ်းတိုး သမ္မတကြီး)က "ဒီမိုကရေစီ"ဆန်တဲ့ မိန့်မှာချက်တွေ ပြောဖူးပါ တယ်။ သူက တရားဥပဒေအရာမှာ ပါရဂူမြောက်သူဖြစ်ပြီး တရား ရေး အတွေ့အကြုံတွေနဲ့ မိန့်ဆိုတာတွေ ရှိပါတယ်။ သူ့စကား တွေကို ကျွန်တော်တို့ လေးစားလိုက်နာကြပါတယ်။ တကယ် လည်း လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူက "တရားသူကြီးအဖွဲ့ တွေမှာ အဖွဲ့ဥက္ကဌတွေ ရှိကြပါတယ်။ ဥက္ကဌတွေဟာ တာဝန်မြင့် တာကို အရှိန်အဝါ ယူပြီး မိမိဆန္ဒတစ်ခုတည်းနဲ့ မဆုံးဖြတ် မလုပ် ကိုင်ကြပါနဲ့။ အဖွဲ့နဲ့ ညှိနှိုင်းလုပ်ကြ ကိုင်ကြပါ။ တစ်ဦးဆန္ဒကို တစ်ဦးက လေးစားကြပါ။ စဉ်းစားဆုံးဖြတ်ကြတဲ့အခါ ဥက္ကဌမှာ လည်း မဲတစ်မဲသာ ရတယ်ဆိုတဲ့ မူနဲ့ သွားကြပါ။ ဥက္ကဌ အနေနဲ့ အကြောင်းခြင်းရာတွေကို ဆွေးနွေးကြတဲ့အခါ ကိုယ့်ဆန္ဒတွေကို အဦးဆုံး ထိပ်တန်း မတင်ဘဲ အဖွဲ့ဝင် ၂ ဦးတို့ရဲ့ ဆန္ဒသဘောထား တွေကို အရင်ဆုံး ပြောဆိုဆွေးနွေးကြပါစေ။ သို့မဟုတ်ရင် ဥက္က ဌက စကားဦးသန်းဆွေးနွေးထား လွှမ်းမိုးထားရင် အားနာပါးနာ နဲ့ ဒါမှမဟုတ် ကြောက်ရွံ့တာနဲ့ ဥက္ကဌစကားအတိုင်း လိုက်ပြော တာမျိုး ဖြစ်တတ်ပါတယ်။ သူတို့ လွတ်လပ်စွာ ပြောဆိုဆွေးနွေး ကြပြီးမှ ဥက္ကဌက နောက်ဆုံးမှ အကျိုးသင့် အကြောင်းသင့် တင် ပြရင် အကောင်းဆုံးပါ။ ဥက္ကဌမှာလည်း မဲတစ်မဲသာ ရှိတယ်ဆို တာကို ထပ်ပြီး သတိပံ့ပါရစေ"လို့ မှာကြားဖူးပါတယ်။ သူက စာ ရေးဆရာလည်းဖြစ်လို့ စာအုပ်တွေ ဘာတွေလည်း ထုတ်ဝေဖြန့် ဖြူးထားပါတယ်။ ကျွန်တော်တို့ တရားသူကြီးတွေဟာ သူ့စကား နဲ့အညီ လိုက်နာကျင့်သုံးကြပါတယ်။
.
ပြောရရင် ကျွန်တော်က ဘဝကို ဖြတ်သန်းရာမှာ "ဒီမိုကရေ စီ စနစ်၊ ဒီမိုကရေစီဝါဒ၊ ဒီမိုကရေစီ" အလေ့အကျင့်တွေနဲ့ ဖြတ် သန်းဖူးပါတယ်လို့ ပြောချင်တာပါ။ တရားစီရင်ရေး နယ်ပယ်မှာ ပြောတာနော်။ အခုအခါ ကျွန်တော် ခေတ်တွေကို သမင်လည် ပြန်တွေးကြည့်တော့ ငါလည်း ဒီမိုကရေစီသမား တစ်ယောက် ဖြစ်ဖူးပါသလားလို့ ဂုဏ်ယူဝင့်ကြွားမိပါတယ်။ တစ်ရံရောအခါ က ကျင့်သုံးဖူးတဲ့ "ဒီမိုကရေစီ"ကို အမွှမ်းတင်နေတာ မဟုတ်ဘူး နော်။ ဘဝမှတ်တမ်းမှာ မလွှဲမရှောင်သာ ကြုံဆုံခဲ့ရတဲ့ သမိုင်းပေး တာဝန်လို့ သဘောရပါတယ်။
.
ဘာပဲဖြစ်ဖြစ်ဗျာ။ ဒီနေ့ခေတ်ဟာ "ဒီမိုကရေစီခေတ်"ပါ။ "ဒီမိုကရေစီ"ကို ပိုပြီး ပီပြင်အောင် ပြည်သူအားလုံးက ဝိုင်းဝန်း ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ အများအကျိုးအတွက် အများ က ဆန္ဒပြု ရွေးကောက်တင်မြောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ဦးစီး ဦးဆောင်ပြုမှုနဲ့ "ဒီမိုကရေစီ ရုပ်လုံးပေါ်သည်ထက် ပေါ်လာ အောင် ကျရာ ကဏ္ဍကနေ ပါဝင်ကြရအောင်လားဗျာ။

No comments:

Post a Comment

Journal Download

Photo of three cats

About