စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊
မိုးလုံးကျေးရွာတွင် ဇူလိုင်လ ၇ ရက်က မြန်မာနိုင်ငံ၏ အကြီးဆုံးဟု ယူဆရသည့် အစဉ်အဆက်
ထိန်းသိမ်းလာခဲ့သည့် ရင်စို့ လုံးပတ် ၇ ပေ ၆ လက်မ အရွယ်ရှိ သနပ်ခါးပင်ကို တွေ့ရှိခဲ့၍
မှတ်တမ်းတင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
.
“၂၀၁၈ လောက်တည်းက သတိ ထားမိတာ။ အခုမှ ပြည်နယ်ဝန်ကြီးနဲ့ သွားရင်း
ကြည့်ကြတာပေါ့။ သက်တမ်းက ဘယ်လောက် ရှိပြီလဲ ဆိုတာ ခန့်မှန်းလို့ မရဘူး။ အရင် အသက် ၉၀
ကျော်တွေတောင် သူတို့ ငယ်ငယ်လေးထဲက လုံးပတ် ၃ ပေ လောက်တည်းက စတွေ့ခဲ့တာ။ အခု လုံးပတ်
၇ ပေ ကျော်နေပြီ။ နောက် ဒေသခံတွေကပဲ ထိန်းထားကြတာ။ ရွာလယ်ခေါင်က နတ်ကွန်း ရှိတယ်။ နတ်စင်ရှိ
လို့လည်း နှစ်ပေါင်းများစွာ ကြာနေတာ။ အပင်ရဲ့ အခေါက်တောင် မခွာရဲဘူး။ သူတို့က အရွက်လေးက
အစ မကောက်ရဲကြဘူး။ အဲဒါကြောင့်လည်း သူတို့ ဒီလောက် ကြာရှည် ဖြစ်နေတာပေါ့”ဟု ရှမ်းပြည်နယ်
သစ်တော ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ သနပ်ခါးပင်တွင် အကိုင်းကြီး ၃ ကိုင်း ရှိပြီး အငယ်ဆုံး
ကိုင်းမှာ အခက်အလက်များ ဝေဝေဆာဆာ ကျန်ရှိနေကာ ကျန်အကိုင်း ၂ ကိုင်းသည် သေဆုံးလု နီးပါးဖြစ်နေကြောင်းနှင့်
သနပ်ခါး အသီးများစွာ သီးနေပြီး ဒေသခံများမှ ၎င်းသနပ်ခါးပင်၏ မျိုးများကို ပွားယူ စိုက်ပျိုးနေကြကြောင်း
သိရသည်။
.
“မျိုးပင်က ထွက်တဲ့ သနပ်ခါးက အတော် မွှေးတယ် ပြောကြတယ်။ ဒီအပင်က
သူတို့မထိတဲ့ အခါကြတော့ ဒီအတိုင်းပဲ ရှိနေတယ်။ ၂၀၁၈ လောက်တည်းက စတွေ့တယ်။ သစ်တောဌာနမှာလည်း
အဲဒီတည်းက မှတ်တမ်း တင်ထားတာ။ အဲဒီလောက် ကြီးတဲ့အပင် မတွေ့သေးဘူး။ သနပ်ခါးက ရောင်းတန်းဝင်
အပင်ဆိုတော့ အပင် ကြီးလာတိုင်း ခုတ်ပြီး ရောင်းကြတယ်။ ဒါက နတ်ထိန်းထားတဲ့အပင် သဘောမျိုး
ဖြစ်နေတော့ မခုတ်ဘဲ ဒီအတိုင်း ထားတော့ ခန့်မှန်း သာမန်အားဖြင့်တော့ ဒီထက်ကြီးတဲ့ အပင်မျိုး
မရှိဘူးလို့ ယူဆတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံး အပင်ပေါ့” ဟု ဦးခင်မောင်ဝင်းက ဆက်လက်
ပြောဆိုခဲ့သည်။
.
ဒေသခံများမှ ယင်းသနပ်ခါးပင် ဧရိယာကို ခြံစည်းရိုး ခတ်၍ ထိန်းသိမ်းထားသောကြောင့်
အပင်အတွက် စိုးရိမ်စရာ မရှိဘဲ ယင်း အပင်ကို မထိရဲ မကိုင်ရဲသောကြောင့် အပင်ပေါ်တွင်
ခြတတ်ခြင်း၊ ပိုးမွှား ဖျက်ဆီး၍ မကာကွယ်နိုင်မည်ကို စိုးရိမ်ရသဖြင့် အခြားရောဂါ ပိုးမွှားများကို
စောင့်ကြည့်ပြီး ကာကွယ်နိုင်သည့် ရောဂါများကို ကာကွယ် ကုသခြင်း ပညာရပ်ပိုင်းများကို
သစ်တောဦးစီးဌာန အနေဖြင့် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
.
သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊
အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း
အညှာ ဒေသတို့တွင် တွေ့ရှိရပြီး မြန်မာ့သနပ်ခါးသည် အရည်အသွေး အကောင်းဆုံးပင် ဖြစ်ကာ
သနပ်ခါးသည် အပူပိုင်း ဒေသများတွင် ဖြစ်ထွန်းအောင်မြင်သည့် သီးနှံဖြစ်သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေး တိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးများတွင် စီးပွားဖြစ် စိုက်ပျိုးကြရုံတင်မက
အိမ်ခြံဝင်းအတွင်းတွင်လည်း စိုက်ပျိုးလေ့ ရှိကြကြောင်း သိရသည်။
No comments:
Post a Comment