သနပ်ဖက် ဈေးကောင်း ရရန် တောင်သူများ မျှော်လင့်နေ - Kanbawza Tai News

Breaking

Saturday, July 11, 2020

သနပ်ဖက် ဈေးကောင်း ရရန် တောင်သူများ မျှော်လင့်နေ


ခွန်အာကာ
.
 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နှင့် အနီးဝန်းကျင် ဒေသရှိ ဒေသခံ ပြည်သူများသည် သနပ်ဖက်ကို အဓိကထား စိုက်ပျိုး ထုတ်လုပ်ကြပြီး နှစ်စဉ် သနပ်ဖက်လုပ်ငန်းဖြင့် မိသားစု ဝင်ငွေများ ရရှိနိုင်ရန် စိုက်ပျိုးလျက်ရှိရာ သနပ်ဖက် ပေါ်ချိန်တွင် ဈေးကောင်းရရန် မျှော်လင့်နေကြကြောင်း သိရသည်။
.
သနပ်ဖက်ကို ဆေးပေါ့လိပ်တွင် အများဆုံး အသုံးပြုပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
.

“သနပ်ဖက် တစ်ရွက်ရဖို့ တော်တော် ပြုစုရတယ်။ အရွက်ကြီးကြီး ရဖို့ ဘေးက တက်လာတဲ့ အညွန့်တွေကို ချွေပေးရတယ်။ အကိုင်းအတက်ကို တစ်ခုထက် ပိုပြီး မထားရဘူး။ အဲလို ထားလိုက်ရင် အရွက်တွေက မကြီးတော့ဘဲ သေးသွားတယ်။ ပိုးလည်း တအားကျတော့ ပိုးသတ်ဆေး ဖြန်းပေးရတယ်။ အရွက် ခူးဖို့ ၂ လ စောင့်ရတယ်” ဟု ကျောက်တလုံးကြီး မြို့နေ သနပ်ဖက်စိုက် တောင်သူ ဒေါ်နန်းစွဲက ပြောသည်။
.
သနပ်ဖက်အရွက်များကို နှစ်စဉ် ဝါဆို၊ ဝါခေါင်၊ တော်သလင်းနှင့် သီတင်းကျွတ် လများတွင် ၄ ကြိမ် ဆွတ်ခူးရပြီး ၄ ကြိမ် လှော်ရကြောင်းနှင့် ပထမ တစ်လတွင် သနပ်ဖက်ပင် အောက်ခြေရှိ အရွက်များကို ခူးဆွတ် ရကာ ယင်းမှ အပင်ဖျားအထိ လအလိုက် ခူးဆွတ်ရကြောင်း သိရသည်။
.
“အရွက်လှော်တဲ့ အချိန်ဆို အရမ်းပင်ပန်းတယ်။ အိပ်ရေးလည်း ပျက်တယ်။ မိသားစုအားလုံး အချိန်နဲ့ ခွဲပြီး လှော်ရတယ်။ အရင် ရှေ့တစ်နှစ်က ဈေးကောင်းရတော့ ခြံက သနပ်ဖက် အထွက် နည်းတယ်။ အရင် နှစ်ကတော့ သနပ်ဖက်အထွက် ကောင်းပြန်တော့ ဈေးက ကျတယ်။ တစ်ပိဿာကို ၅၀၀၀ လောက်ပဲ ရောင်းရတယ်။ ဒီနှစ်မှာ ဈေးကောင်း ရဖို့ မျှော်လင့်နေကြတယ်”ဟု ဒေါ် နန်းစွဲက ပြောသည်။
.
ကျောက်တလုံးကြီးတွင် သနပ်ဖက် စိုက်ဧက ၁၆၈၃ ဧက စိုက်ပျိုးလျက် ရှိကာ သနပ်ဖက်ကို တောင် ကြီး၊ ညောင်ရွှေ၊ ဟိုပုံး၊ ကျောက်တလုံးကြီးတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရှိရသည်။
.
#KBZTai  #Shan  #News  #KhunArKar
.

No comments:

Post a Comment

Journal Download

Photo of three cats