တာချီလိတ်တွင် ငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို တပ်မတော်သား ၂ ဦးနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 6, 2020

တာချီလိတ်တွင် ငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို တပ်မတော်သား ၂ ဦးနှင့်အတူ ဖမ်းမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၃၂၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို တပ်မတော်သား ၂ ဦးနှင့်အတူ ဇူလိုင်လ ၅ ရက်၊ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
.

မိုင်းယောင်းမြို့ရှိ နယ်မြေခံတပ်ရင်း တစ်ခုမှ ဗိုလ်မှူး ထွန်းလင်းအောင်နှင့် တပ်ကြပ် နိုင်စိုးတို့ စီးနင်း မောင်းနှင်လာသော မော်တော်ယာဉ်သည် တာချီလိတ်မြို့ရှိ တည်းခိုခန်းတစ်ခု၏ ယာဉ်ရပ်နားရာ နေရာသို့ ရောက်ရှိစဉ် ပူးပေါင်းအဖွဲ့က သတင်းအရ ထိန်းသိမ်း စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် နောက်ခန်းတွင် ဆာလာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တပ်တော်သား ၂ ဦးနှင့်အတူ ဖမ်းဆီးမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများမှာ စုစုပေါင်း ၂၁၉၈၀၀ ပြား ရှိပြီး တန်ဖိုးငွေမှာ ဆေးပြား တစ်ပြားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၂၉၇၀၀၀၀၀ ရှိကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ဗိုလ်မှူး ထွန်းလင်းအောင်နှင့် တပ်ကြပ် နိုင်စိုးတို့ကို တာချီလိတ် မြို့မရဲစခန်းတွင် မယ(ပ) ၈၃/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်လှစ်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။
.
#KBZTai  #Shan #News  #SaiTaiKhaThu
.

No comments:

Post a Comment

Journal Download

Photo of three cats

About