တောင်ကြီး စုပေါင်းရုံး ရှေ့တွင် သစ်ကိုင်း ကျိုးကျခြင်းကြောင့် ကားနှင့် ဆိုင်ကယ်များ ပျက်ဆီးမှု ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

တောင်ကြီး စုပေါင်းရုံး ရှေ့တွင် သစ်ကိုင်း ကျိုးကျခြင်းကြောင့် ကားနှင့် ဆိုင်ကယ်များ ပျက်ဆီးမှု ဖြစ်


စုလှိုင်
.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ စုပေါင်းရုံးရှေ့တွင် ယနေ့(ဇူလိုင်လ ၈ ရက်)၊ နေ့လယ်ပိုင်းက သစ်ကိုင်း ကျိုးကျခြင်းကြောင့် မော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ် ၂ စီး ပျက်ဆီးမှု အနည်းငယ် ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
.
“ ဘာမှ မဖြစ်ပါဘူး။ ခုံလေး ပဲ့ သွားတယ်။ ကားကတော့ နောက်မီးလေး ပဲ့သွားတယ်။ သစ်ကိုင်း ထိသွားတာ။ လူတွေ ဘာတွေ ဘာမှ မထိဘူး။” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယင်းကဲ့သို့ ကျိုးကျခဲ့သည့် သစ်ပင်မှာ ယူကလစ်ပင် ဖြစ်ပြီး အရှည် ၂၅ ပေကျော်၊ လုံးပတ် တစ်ပေခွဲခန့် ရှိ ကိုင်းခွဲမှာ အနာဖြစ်ကာ ရုတ်တရက် ကျိုးကျသောကြောင့် လမ်းဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များပေါ်သို့ ကျ၍ အနည်းငယ် ပျက်ဆီးမှုများ ဖြစ်ပေါ်သည့် အပြင် ဓါတ်ကြိုးနှင့် ဖုန်းကြိုးများလည်း ပြတ်ကျခဲ့ရကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူမှုကွန်ရက်တွင် ရေးသား ဖော်ပြထားသည်။
.
“ သစ်ပင်က ပိုး ကိုက်ထားတော့ ပြတ်ကျလာတာ။ ပြတ်ကျတဲ့ သစ်ပင်က မြို့တော်ခန်းမဘေးမှာ ရပ်ထားတဲ့ကားပေါ် တည့်တည့် ကျသွားတာ။ ကားရှေ့ခန်းထဲမှာ လူ ၂ ယောက် ပါတယ်။ ကားနောက်ပိုင်း တစ်ခုလုံး သစ်ပင် ပိလို့ ချိုင့်ဝင်သွားတယ်။ ကားထဲက လူတော့ မထိခိုက်ဘူး။ သစ်ပင်အောက်မှာ ရောင်းတဲ့ ကွမ်းခုံက လုံးဝ ပိသွားတယ်။ ကွမ်းရောင်းတဲ့ အစ်မက မပြေးဘဲ ထိုင်နေတော့ သစ်ကိုင်းနဲ့ ရိုက်မိပြီး ပခုံးတစ်ခြမ်း နီပြီး ရောင်သွားတယ်။ လူကို ကြီးကြီးမားမား ထိခိုက်တာမျိုးတော့ မရှိပါဘူး။” ဟု ယင်း စုပေါင်းရုံးရှေ့ရှိ စျေးသည် တစ်ဦးက ပြောသည်။
.

အဆိုပါ သစ်ကိုင်းကျိုးကျမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိဘဲ ကျိုးကျ သစ်ကိုင်းများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
[Photo – Myint Than Oo(IPRD)]

No comments:

Post a Comment

Journal Download

Photo of three cats

About