အာဏာထောင်ချောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 23, 2020

အာဏာထောင်ချောက်

မင်းဇော်မင်း

.

အာဏာ ဆိုသည် အလွန် နှစ်သက်စရာလည်း ကောင်း၊ အ လွန် ကြောက်စရာလည်း ကောင်းသည့်အရာ ဖြစ်သည်ဟု ဆိုချင် သည်။

.

ကမ္ဘာ့သမိုင်းများတွင် ကြည့်ကြည့် မြန်မာ့ ပြည်တွင်း သမိုင်း များတွင်ပင် ဖတ်ဖတ် အာဏာရဖို့အတွက် အဖအရင်းကို သတ် နန်းတက်၊ ညီရင်းအစ်ကို ဆွေမျိုးအချင်းချင်း သတ်ဖြတ်သည့် သာဓကများမှာ ထုနှင့် ထေး(ဒုနှင့်ဒေး)ပင်။

.

မြန်မာ့နန်းတွင်း အရှုပ်တော်ပုံ လူသတ်မှုကြီးမှာ ကမ္ဘာကျော် ဟု ဆိုနိုင်သည်၊ မင်းညီမင်းသား၊ အပါး ၄၀ ကျော်ကို တစ်ရက်ထဲ သတ်ဖြတ်ခဲ့မှုမှာ မြန်မာဆိုသည် အရိုင်းအစိုင်းများ ဆိုကာ မြန် မာပြည်ကို တိုက်ခိုက် သိမ်းပိုက် ကျွန်ဖြစ်စေခဲ့သည့် ဖြစ်စဉ်များ ထဲက သာဓက တစ်ခုပင်။

.

ယေဘုယျအားဖြင့် အာဏာကို အဓိက ပုံစံ (၅)မျိုး ခွဲခြား သတ်မှတ်သည်။ အင်အား (Force)။ ဆွဲဆောင် စည်းရုံးမှု (Persuasion) ။ အမိန့်အာဏာ (Authority or တရားဝင် အာ ဏာ Ligitimate power) ။ အတင်းအကျပ် ခိုင်းစေမှု ( Coercion or{ throffers- (Hillel Steiner})။ ကြိုးကိုင် ချယ်လှယ်ခြင်း (Manipulation)တို့ ဖြစ်ကြောင်း နိုင်ငံရေး အဘိဓာန်က ပြဆို သည်။

.

တစ်ခုချင်း အတိုချုပ် ဖွင့်ဆိုရလျှင် အင်အား (Force) ဆို သည်မှာ အတင်းအကျပ် ခိုင်းစေမှု ဖြစ်ပြီး ဆွဲဆောင်စည်းရုံးမှု (Persuasion) မှာ အာဏာမဲ့က အာဏာရှိသူကို စည်းရုံးသိမ်း သွင်းခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ငွေ၊ မိန်းမ အစရှိသည်တို့ ဖြင့် သိမ်းသွင်း ကြိုးကိုင်ခြင်းပင် ဖြစ်သည်။

.

အမိန့်အာဏာ (Authority or တရားဝင်အာဏာ Ligitimate power)သည် အမိန့်ပေးရန် အခွင့်အာဏာ (အနက်သဘော အ မျိုးမျိုးဖြင့်) ရှိမှု အဖြစ်နှင့် နာခံလိုက်နာရန် လိုက်လျောညီထွေ ရှိသော တာဝန်ဝတ္တရား ရှိမှုအဖြစ်လည်း ရှိနေသဖြင့် အမိန့်အာ ဏာသည် အာဏာမှ သီးခြား ဖြစ်သည်။  အမိန့်အာဏာသည် အာဏာ မပါဘဲ (ငွေကြေး၊ ဆွဲဆောင်မှု ရင်းမြစ်) သန့်သန့်ပုံစံ တည်ရှိနိုင်သည်။ သာဓကအားဖြင့် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးက အသင်းဝင် လူအုပ်စုအပေါ် ဆက်ဆံသည့် အမိန့်အာ ဏာကဲ့သို့ ဖြစ်သည်။

.

အတင်းအကျပ် ခိုင်းစေမှု ( Coercion or{ throffers- (Hillel Steiner})သည် ရှေ့တွင် ဖော်ပြခဲ့သည့် အင်အား  (Force) တစ် မျိုးမျိုးဖြင့်  ဗြောင်ကျကျ ခြိမ်းခြောက်မှုမှသည် ထိန်းချုပ်ခြင်း မျိုးစုံဖြင့် ပြုလုပ်ခြင်းပင် ဖြစ်သည်။ သို့အတွက် ပညာရှင် Hillel Steiner က throffers (လည်မျိုညှစ်ခြင်း)ဟု ခေါ်ဝေါ် သုံးစွဲ သင့် ကြောင်း အကြံပြုခဲ့သည်။

.

ကြိုးကိုင် ချယ်လှယ်ခြင်း( Manipulation) တွင် ခြိမ်းခြောက် မှုမပါဘဲ ထိန်းချုပ် အသုံးပြုခြင်း ပါဝင်သည်။ အထက် လူကြီးများ အား ခခယယ လုပ်သူများ၏ ရိုကျိုးမှုကပင် အခြေခံ တစ်ခုဖြစ် သည်။ ကြာပွတ်ထက် ဘုရားသခင်ကို ရိုကျိုးရန် လိုလားသည်ဆို သည့်  ယုံကြည်ချက်အပေါ်လည်း အခြေခံထားသည်။

.

သို့အတွက် နိုင်ငံရေးသည် အာဏာနှင့် ပတ်သက်သည် ဆို သည့် အယူအဆသည်လည်း အဓိက အခြေခံရင်းမြစ် အယူအ ဆ တစ်ခုအဖြစ် ရပ်တည်နေသည်ဟု ဆိုသည်။ ယင်းသို့ အာ ဏာ အရင်းခံ အညွန်းများအရ အာဏာထောင်ချောက်ကို ဆက် လက် ညွှန်းဆိုလိုသည်မှာ-အာဏာကို ထပ်မံ စိတ်ပိုင်း ခွဲခြားရ မည်ဆိုလျှင် အာဏာပျော့ ရှိသည်၊ အာဏာပြင်း ရှိသည်။ အာ ဏာဖြူ၊ အာဏာနက် စသည်များလည်း ရှိပါသည်။

.


.

သိုင်းစကားနှင့် ပြောရလျှင် အနက်ရောင် အာဏာနှင့် အဖြူ ရောင် အာဏာ တို့ဖြစ်သည်။ အနက်ရောင်အာဏာ ဆိုသည်မှာ အထက်တွင် ဖော်ပြခဲ့သည့် အင်အား (Force) ။ ဆွဲဆောင် စည်း ရုံးမှု(Persuasion) အတင်းအကျပ် ခိုင်းစေမှု ( Coercion or {throffers- (Hillel Steiner}) တို့ဖြစ်ကြသည်။

.

အဖြူရောင် အာဏာမှာမူ အမိန့်အာဏာ (Authority or တရားဝင် အာဏာ Ligitimate power) ဖြစ်သည်။ အာဏာ ပျော့တွင် ။ ကြိုးကိုင် ချယ်လှယ်ခြင်း( Manipulation) ပါဝင်ပြီး အာဏာပြင်းတွင် ကျန်အားလုံး ပါဝင်သည်ဟု ဆိုနိုင်သည်။ အ ကြွင်းမဲ့ အာဏာ( Absolute Power) ၊ ကောင်းကင်ဘုံ အာဏာ (Divine Power)တို့သည် အမှောင်အာဏာများ ဖြစ်ကြပြီး အလင်း အာဏာတွင် မဏ္ဍိုင်များ အချင်းချင်း ထိန်းချုပ်သည့် Administratic Power( အုပ်ချုပ်မှုအာဏာ)၊ Legalistic Power (ဥပဒေပြုရေးအာဏာ)နှင့် Judicial Power( တရားစီရေး အာ ဏာ)များ ပါဝင်သည်။

.

ပြောရလျှင် အာဏာကြမ်းများကို ကိုင်တွယ် အသုံးပြုသူအ များစုတွင် နှလုံးမဲများ ပိုင်ဆိုင်တတ်ပြီး အာဏာနုများ ပိုင်ဆိုင် သူများတွင် နှလုံးဖြူများ ရှိတတ်ကြသည်။ ပြောင်းလဲမှုသည် အစဉ်ဆိုသော စကားအရ နှလုံးမဲများသည်လည်း တစ်ခါတစ်ရံ ဖြူတတ်ပြီး နှလုံးဖြူများသည်လည်း မဲတတ်ကြသည် ဆိုပါစို့။

.

ယင်းသို့ ဖြစ်ရသည့် အခြေအနေများကို ဆန်းစစ်ပါက ထောက်ချောက်သဖွယ် အနေအထားရှိသည့် အာဏာ၏ သ ဘောသဘာဝကြောင့် ဖြစ်ကြောင်း ဆန်းစစ်နိုင်ပါသည်။

.

လော့ဒ်အက်တင်က “အာဏာသည် အကျင့်ပျက်ခြစားဖို့ရာ ဦးတည်နေသည်၊ အကြွင်းမဲ့ အာဏာကတော့ အကြွင်းမဲ့ ခြစား လိမ့်မည်”ဟု ၁၈၇၇ ခုနှစ်က ဘုန်းတော်ကြီး မန်ဒဲခရိုက်တန်သို့ ပေးပို့စာတွင် ဖော်ပြထားသည်။ အာဏာကို အလွဲသုံးစား လုပ် လိုစိတ်သည် စိတ်အခြေခံ တိမ်းညွှတ်မှုဟု ၄င်း၏အမြင်ကို ရေးခဲ့ ခြင်း ဖြစ်သည်။

.

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲ ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလတွင် အဲလ်ဒါးပစ်က “အကန့်အသတ်မဲ့အာဏာဟာ အဲ ဒီလို အာဏာကို ပိုင်ဆိုင်ထားသူတွေရဲ့ စိတ်ကို ခြစားသွားစေ လိမ့်မယ်”ဟု ပြောဆိုခဲ့ရာ နှစ် ၁၀၀ အကြာတွင်အကြွင်းမဲ့ အာ ဏာသို့မဟုတ် အာဏာရှင် အဖြစ် ရောက်စေမည့် ထောင်ချောက် ၏ သဘောတရားကို ဖွင့်ဆိုခဲ့ခြင်း ဖြစ်သည်။

.

အာဏာ ဆိုသည်မှာ ယစ်မူးစွဲမက်ဖွယ် အရာ တစ်ခု ဖြစ်သည် မှာ အမှန်ဟု ဆိုနိုင်ပါသည်။ ထိုသို့ပင် ထောင်ချောက် ဆိုသည်မှာ လည်း မာယာတစ်သိန်း အပလိန်းအနန္တ ဖြစ် မြူဆွယ်ယူကာ ရုန်း မထွက်ချင်အောင် ပြုမူ ဆောင်ရွက်တတ်သည့်အရာ သို့မဟုတ် ဖျက်ဆီးတတ်သည့် အရာဟု ဆိုပါက အာဏာသမားသည် ထောင်ချောက်အတွင်း ကျပါက မည်သို့မျှ ကောင်းမွန်လာစရာ မရှိကြောင်း သိစေလိုရင်း ဖြစ်ပါသည်။

.

တိုင်းပြည်၏ အနာဂတ် ကမောက်ကမဖြစ်ရန် ကြိုးပမ်းမှုများ သည်လည်း အာဏာရယူလိုမှုအပေါ် ထောင်ချောက်အတွင်း ကျ ဆင်းခဲ့ရသူများ၏ နိုင်ငံတော်လုပ်ကြံမှုကြီးအဖြစ် အမဲကွက် ထင် စေခဲ့ပြီ ဖြစ်သည်။ အာဏာ လက်မလွတ်ရေးကို ကောက်ကျစ် သည့် နည်းလမ်းများဖြင့် ရယူခဲ့သည့် အာဏာသိမ်းမှုသည် စစ် အာဏာရှင် ဆိုသည့် လုပ်ရပ်များ ဖြစ်ပေါ်စေခဲ့သည် သာမကမျက် မှောက် မြန်မာ့နိုင်ငံရေးတွင်လည်း လွှမ်းမိုးလျက်ရှိသည်မှာ လူ တိုင်း အသိပင် ဖြစ်သည်ဟု ဆိုချင်သည်။

.

အာဏာပိုင် ဝါဒဟု ဆိုအပ်သော် ယင်း ဝါဒကို ကျင့်သုံးသည့် အစိုးရများအနေဖြင့် လူတစ်ယောက်၊ အခွင့်ထူးခံ လူတန်းစား တစ်စု၊ လူတစ်စုကသာ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ထားရာနေ၊ စေရာသွား ဆုံးဖြတ်ချက်တွေ ချနေသည့် အပြင်ဆုံး ဖြတ်ခွင့်ရရန် အာဏာကို အပြည့်အဝ ဆုပ်ကိုင်ထားရန် နည်းလမ်းမျိုးစုံကျင့် သုံးမည်မှာ မြေကြီးလက်ခတ် မလွဲပေ။

.

အာဏာကို ကိုင်ဆုပ်ထားလိုသူများမှာ များသော အားဖြင့် မင်းဆက် / လူရည်တတ်များမှ ဆင်းသက်လာသည့် အဆက် အနွယ်များ၊ ဘုရားသခင် အုပ်စိုးရေးဝါဒလို ဘုန်းတော်ကြီးဘာ သာရေး သမားများ၊ စစ်ဘက်ဆိုင်ရာ ရာထူးကြီးသူတွေ သို့မ ဟုတ် မြေပိုင်ရှင်/ခရိုနီကြီးများလို အာဏာ တစ်မျိုးမျိုး ရှိသူများ က များသည်ဟု ဆိုသည်။

.

သို့အတွက် အာဏာရှင်များမှ ၄င်းတို့၏ အာဏာ တည်တန့် ခိုင်မြဲစေရန် အာဏာနိုင်ငံတော်ကို တည်ဆောက်ကြသည်။ အာ ဏာနိုင်ငံတော်တွင် အမြဲတမ်း စစ်တပ်/ပါတီ၊ တရားရုံး/အချုပ်၊ ထောင်တို့ဖြင့် ကျားကန်ကြပြီး အမြင် မတူသူ/လူထုကို နည်းမျိုး စုံဖြင့်နှိပ်ကွပ် ကြကြောင်းကို ဟစ်တလာ/ မူဆိုလိုနီ စသည့် အာ ဏာရှင်များ၏ လုပ်ရပ်များကို ကြည့်ရှုနိုင်ပါသည်။  လက်ရှိတွင် မြောက်ကိုရီယားကို လေ့လာနိုင်သည်။ များများသိခြင်း ပင်လျှင် သေဒဏ်ထိုက်သည့် ပြစ်ချက်ဟု  မြောက်ကိုရီးယားမှ ထွက်ပြေး လွတ်မြောက်လာသူများက ဆိုကြောင်း သိရှိထားရသည်။

.

အစိုးရ တစ်ရပ်က အာဏာပိုင်ဝါဒကို ကျင့်သုံးနေခြင်း ဟုတ် မဟုတ်ကို ပြည်သူများ၏ လိုလားမှုနှင့် ပြည်သူ့အကျိုးစီးပွားကို ပြည်သူများဖြစ်စေချင်သည့်ဆန္ဒပုံစံနှင့်အညီ အစိုးရမှ လုပ်ပေးမှု ရှိသည်လား။ သို့တည်းမဟုတ် အုပ်ချုပ်သူများမှ မှားလျှင် မှား ကြောင်း ဝန်ချ တောင်းပန်မှု ရှိသလား၊ ပြန်လည် တည့်မတ်ပြင် ဆင်မှု ရှိသလား၊ ပြည်သူများအပေါ် တာဝန်ခံမှုရှိသလား၊ ပြည် သူ့ဆန္ဒကို မျက်နှာလွှဲထားသလား စသည်များဖြင့် တိုင်းတာရပေ မည်။

.

ဤအချက်များ အပေါ် တာဝန်ယူမှု တာဝန်ခံမှု မရှိပါက ဆို ရလျှင် ယင်း အစိုးရသည် အာဏာပိုင် ဝါဒကို ကျင့်သုံးနေပြီဟု ဆိုနိုင်ပေသည်။

.

(Democracy is not only Right and but also Auto responsibility ) ဒီမိုကရေစီသည် အခွင့်အရေးသည် သာမက ယင်း အခွင့်အရေးအရ အလိုအလျောက် တာဝန်ယူမှု အတွက်ပါ ဖြစ်သည်ဟု ဆိုထားရာ ဒီမိုကရေစီ အစိုးရသည် မိမိလုပ်ရပ်မှန်သ မျှကို တာဝန်ယူ တာဝန်ခံရမည့် လမ်းကြောင်းမှ လွဲဖယ်သည်နှင့် လွဲဖယ်သူ တာဝန်ရှိသူများသည် ဒီမိုကရေစီ အစိုးရဆိုသည့် စ ကားရပ်နှင့် ကိုက်ညီမည် မဟုတ်တော့ချေ။

.

အစိုးရ လူကြီးတစ်ဦး ဖြစ်သွားပြီဆိုလျှင် အများက မိမိတို့ လို သိနေမည်ဟု ယူဆကြပါသည်။ အမှန်တော့ လူကြီးဖြစ်သွား ပြီဆိုကတည်းက သူသည် အားလုံးကို မသိနိုင်တော့သလို အား လုံးကို မကြားနိုင်တော့ပေ။ သူ့အနားကို လူတိုင်း ကပ်ခွင့် မရှိ တော့သဖြင့် ကပ်ခွင့် ရှိသူများ၏ အသံများကိုသာ သူကြားနိုင် တော့သည်။  မဟုတ်တာရော ဟုတ်တာရော အားလုံးကို ကြား ခွင့် သူ့တွင် မရှိတော့ချေ။ သို့အတွက် အခြေအနေမှန်ကို သိရှိခြင်း သဘောတရား ပျောက်ဆုံးသွားသလို ဖြစ်သွားခဲ့သည်ပင် အာ ဏာ၏ ထောင်ချောက် တစ်မျိုး ဖြစ်သည်မို့ မင်းကောင်းလျှက် မင်းမြှောင်ဖျက် စကားလို မဖြစ်ဖို့ ရှေးကမင်းများပင် စနည်းနာ ကြသည့် သာဓက ရှိပေသည်။

.

ကြားနေရပါသည်။ မြင်နေရပါသည်။ အာဏာထောင်ချောက် အတွင်း ရောက်ရှိနေကြသူများ၏ စကားသံ၊ လုပ်ရပ်များသည် အထက်က ဆိုခဲ့သလို အာဏာပိုင် ဝါဒ ကျင့်သုံးသူများမှ ပြည်သူ့ ဆန္ဒများနှင့် လွဲချော်နေသည့် စကား၊ လုပ်ရပ်များကို ကြားနေရ ပါသည်။ အဂတိ ဆိုသည်မှာ ငွေပေး၊ ငွေယူခြင်းသာ မဟုတ် ဘ ယာဂတိ၊ ဆန္ဒာဂတိများလည်း ပါရှိရာ အဂတိ တစ်ခုခုကိုတော့ ချိုးဖောက်ရာ ရောက်နေသည်ကို အစိုးရမင်းများသာမက နေရာရ လူကြီး ဆိုသူများအားလုံး အထူး သတိ ချပ်သင့်ကြောင်းပါ။

.

နိုင်ငံရေး သိပ္ပံပညာရှင် Przeworski က အင်အားသုံးပြီး အာဏာရယူထားသူ များသည် ရွေးကောက်ပွဲမကျင်းပပေးလျှင် အုပ်ချုပ်မှုသက်တမ်း နှစ် ၂၀ ဟုလည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပပေးပြီး အတိုက်အခံ ပါဝင်ခွင့် ပေးမည်ဆိုလျှင် ၂၅ နှစ်၊ အ တိုက်အခံကို လွတ်လပ်သည့် ရွေးကောက်ပွဲ ရလဒ်ဖြင့် အာဏာ လွှဲပေးမည်ဆိုလျှင် နှစ် ၄၀ နှင့်အထက် အာဏာ နိုင်ငံတော် မ ဖြစ်နိုင်ဟု ဆိုခဲ့သည်။

.

အာဏာဝဲသြဃ အတွင်း ကျရောက်နိုင်သည့် အဆိုးကျော့ အာဏာ သံသရာ မဖြစ်ရန် အစိုးရသူများအပြင် ဆရာတင်ညွန့် ၏ “ဖားဋီကာ ” ထဲမှ ကပ်ဖားဆိုသည့် မပူးသင့်သူကို ပူး၊ မကပ် သင့်သူကို ကပ်ပြီး ကိုယ်ကျိုးသာ ကြည့်တတ်သည့် ဖား။ ငတ် ဖား ဆိုသည့် အာဏာငတ်၊ ရာထူးငတ်၊ နေရာငတ်သည့် ဖား၊ တပ်ဖား ဆိုသည့် အဆင်းဘီး တပ်ပေးပြီး ပွဲလန့်ဖျာခင်းချင်သည့် ဖားတို့အပြင် တရုတ်စကား Paw Lang Pa (ဘောမ)ကို မြန်မာ လို မွေးစားသည့် အကျိုးမျှော်ပြီး မျက်နှာလို အားရ လုပ်သည့် “ဖော်လံဖား”များသည်လည်း အာဏာထောင်ချောက်၏ တွန်းပို့ လောက ဖြစ်ကြောင်း သတိမူ သင့်လှကြောင်းပါ။

.

ဆက် ဆိုချင်ပါသည်။ အာဏာလေး တစ်ပဲခြောက်ပြားနဲ့ အာဏာပြနေတယ် ဆိုသည့် စကားအရ အောက်ခြေပိုင်းမှာပင် ဝိဒေဟရာဇ်မင်းမှ လည်ဆွဲ ဆွဲပေးသဖြင့် မာန်တက်သည့် ပုတ် သင်ညိုလို လူမျိုးလည်း အများအပြားရှိရာ ကိုယ်တိုင် ဆင်ခြင် နိုင်ကြပါရန် အာဏာမဏ္ဍိုင်များကို ထောက်ပြသည့် တစ်စုံတစ် ယောက်၊ တစ်စုတစ်ဖွဲ့၏ လက်ကိုင်တုတ် မဟုတ်သည့် စတုတ္ထ မဏ္ဍိုင်သားတစ်ဦးအဖြစ် ပြောလိုရင်းပါ။

.

ပွင့်လင်း မြင်သာမှု မရှိသည့် လုပ်ရပ်များကို ပြုမူသူ၊ အ ကြောက်တရားဖြင့် တုံ့ပြန်သူ၊ လူထု၏ ပစက္ခ အခြေအနေတို့ကို မသိ နားမလည်တော့သည့်  အုပ်ချုပ်သူများသည် အာဏာ ထောက်ချောက်အတွင်း ရောက်ရှိနေသည်ကို ပျော်မွေ့ နေသူများ ဖြစ်တတ်ကြသဖြင့် ၄င်းတို့၏ ဆက်ဆံရေး လုပ်ရပ်များကို ထုတ်ဖော် ပြောပြချင်စိတ်မရှိတော့ဟု ခန့်မှန်း မိသည်။

.

အောက်တွင် ဆောင်းပါးရှုသူများမှ သင်တို့ ကြားသိ မြင်ရသည့် အာဏာထောင်ချောက် လုပ်ရပ်များကို ထည့်သွင်း ကြည့်ပါ ဒါဆိုလျှင် မည်သည့် အာဏာထောင်ချောက် အမျိုး အစားအတွင်း ကျရောက်နေသည်ကို ဆန်းစစ်မိပြီး ပြန် လည် တည့်မတ် ကျင့်သုံး နိုင်မည်ဖြစ်သည်။ အထူးသဖြင့် လူကြီးဆိုသည်များ ဖြည့်စွက် ပေးပါရန် အကြံပြု တိုက်တွန်း လိုကြောင်းပါ။

.

ဆောင်းပါးရှင် အနေဖြင့်တော့ မည်သူက မည်သည့်နေရာ တွင် ပြောသည်ဆိုသည်ကို(ပဟေဠိ) ဖျောက်ထားပြီး စာရှုသူမှ သာ ဖြည့်စွက်ပေးပါရန် အနူးအညွတ် တောင်းဆို လိုကြောင်းပါ။ ဆိုရလျှင် အွန်လိုင်းတွင် Comment ရေးသလိုပါ ခင်ဗျား။ နမူနာ အနေဖြင့် သေနတ်ဆိုတာ တည့်တည့်ပစ်တယ် ဆိုသည့် သမိုင်း ဝင် အာဏာရှင်စကားအပြင် အခြား များစွာ ရှိသည့်အနက် ဆန့် ကျင်ဘက်ဟု ဆိုအပ်သည့် အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး၏ စကားကို ဖော်ပြရလျှင် -

.

“ကျွန်တော်တို့ ပါတီသည် ဝန်ကြီး ဒုဝန်ကြီးတွေကို လိုသ လို ဆွဲခန့်နိုင်တယ်၊ ဖြုတ်နိုင်တယ်၊ ကျွန်တော်တို့သည် ခင်ဗျား အရင် ပြောနေတဲ့ လူ့အခွင့်အရေးတွေ၊ စဉ်းစားဖို့ အချိန်တွေ၊  သ တိပေးတဲ့ အချိန်တွေ၊ ကျွန်တော်တို့မှာ မရှိဘူး၊ လူ့အခွင့်ရေးတွေ ဘာတွေ မစဉ်းစားဘူးဗျာ၊ လာမပြောနဲ့၊ အဲတော့ ပါတီအမိန့်ပဲ၊ အပေါ်က အမိန့်”

.

နိဂုံးချုပ်

“တိုင်းပြည်ကို လိမ်နေကြတဲ့ လူညာတွေ အကျင့်ပျက်တွေ သတ္တိကြောင်တွေဟာ ကိုယ့်အစွမ်းကို အားမကိုးဘဲ လူတွေက ကြည်ညိုတန် ကောင်းရဲ့ ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးဦးကို ဗန်းပြပြီး လာ စေကာမူ ဘယ်နည်းနဲ့မှ အားမပေး ကြပါနဲ့၊ ခင်ဗျားတို့လည် ပင်း ခင်ဗျားတို့ ကြိုးတပ်ချင်ရင်ဖြင့် ကျုပ်ဘာမှ မပြောလိုတော့ဘူး”

.

ဗိုလ်ချုပ်အောင်ဆန်း

၁၉-၈-၁၉၄၅ နေသူရိန်ညီလာခံ

No comments:

Post a Comment

Journal Download

Photo of three cats

About