မင်းဇော်မင်း
.
အကယ်၍သာ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းသာ
ရှိခဲ့လျှင် ယခုနှစ်ဆိုလျှင် အသက် ၁၀၅ နှစ်တိုင် ရှိပေတော့မည်-
၁၉၄၇ ခုနှစ် လုပ်ကြံခံရမှု မရှိခဲ့လျှင်
၁၉၆၂ ခုနှစ် အာဏာသိမ်းမှု မရှိခဲ့နိုင်မည်လား
အာဏာသိမ်းမှု မရှိခဲ့လျှင်
၁၉၈၈ ခုနှစ် အရေးအခင်း မရှိခဲ့နိုင်မည်လား
သို့တည်းမဟုတ် ယင်း ကိစ္စကြီးများ
ဖြစ်ပွားခဲ့မှုကို
ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်သန်နေဆဲဆိုလျှင်မည် သို့များ ဖြေရှင်းမည်နည်း
သိချင်လှပါဘိ။
သူ့ကို ၁၉၄၇ လုပ်ကြံမှုက နယ်ချဲ့ လက်ပါးစေများဟု ဆိုခဲ့ လျှင်
နောက်ပိုင်းတွင်လည်း ယင်းကဲ့သို့ လုပ်ကြံမှုမျိုး ပေါ်ပေါက် မည်
ဆိုပါက နယ်ချဲ့ မရှိတော့သည့်အတွက် မည်သို့သော သူများ က မည်သည့် အကြောင်းပြချက်ဖြင့်
လုပ်ကြံကြမည်နည်း-
မြန်မာနိုင်ငံ လွတ်လပ်ရေးရလျှင် စာရေးစားတော့မည်ဟု နှုတ်မြွက်ခဲ့သူ
-
တိုင်းပြည်အတွက် ဆိုလျှင် အရာရာကို စွန့်လွှတ်မှုဖြင့်သာ ရှုမြင်တတ်သူ
-
.
အကယ်၍သာ သူ သက်ရှိထင်ရှားရှိခဲ့ပါက သက်ရွယ်ကြီးရင့် သော်လည်း ဉာဏ်ရည်
ချို့ယွင်းခြင်းရှိမည် မဟုတ်သည့် ထက် မြက်သူ -
သူပြောမည်ထင်ပါသည်-
.
နိုင်ငံရေး အမှိုက်များအား ခွဲခြား စွန့်ပစ်ရန် သန့်စင်ရန် သူပြောမည်ဟု
တစ်ထစ်ချ ယုံကြည်မိပါသည်။ နိုင်ငံရေး အမှိုက် ဆိုသည်များကား တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု
အစဉ်ကို ထိပါး နှောင့်ယှက် ဆုတ်ယုတ်စေသူ နိုင်ငံရေး လုပ်စားသူများကို ဆိုလို ရင်း ဖြစ်သည်ဟု
ဖွင့်ဆိုလိုပါသည်။
.
သန့်ရှင်းနေသော နိုင်ငံရေး ပတ်ဝန်းကျင်၊ ကြည်လင်နေသော နိုင်ငံရေး
ရေအလျင်၊ သန့်စင်နေသည့် နိုင်ငံရေး လေထု၊ နိုင်ငံရေး မြေထု၊ နိုင်ငံရေးရေထု အချုပ်ဆိုရလျှင်
(Political Pollution)နိုင်ငံရေး ညစ်ညမ်းမှုများကို ရှင်းလင်း ဖယ်ရှားစေမည်ဟု ယုံ ကြည်ပါသည်။
.
နိုင်ငံရေး အမှိုက်များကို ခွဲခြား စွန့်ပစ်ရန်တွင် ဒီမိုကရေစီစ
နစ်ကို ကျင့်သုံးလိုသူ နိုင်ငံရေးသမားများ၊ အာဏာကို လက်ကိုင် ပြုကာ လုပ်စားလိုသူ နိုင်ငံရေးစားဖားများ၊
လက်နက်ကိုင် လမ်း စဉ်ဖြင့် အာဏာ တည်ဆောက်လိုသူ Gunboat ဒီပလိုမေစီ ကျင့် သုံးလိုသူများ
စသည်ဖြင့် ခွဲခြားကာ အမှိုက်ဆိုသည့်အတိုင်း မလို သည်များကို စွန့်ပစ်ရန် ဖြစ်သည်။
.
စွန့်ပစ်အမှိုက်များ များပြားသည်နှင့် အမျှ လောကကို အ ကျဉ်းတန်စေသည်
ဖြစ်ရာ ရှင်းလင်းရမည့် တာဝန်ကိုလည်း ပြည် သူများမှ တာဝန် အပ်နှင်းသည့် နိုင်ငံ့ခေါင်းဆောင်များလည်း
လို အပ်ပေမည်။
.
ငယ်စဉ်က ဆိုခဲ့ရဖူးသည်။ ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်
ချမှတ်သွား ဟူသည်။
.
ဒုတိယ ကမ္ဘာစစ်ကာလ နောက်ပိုင်းသည် ကွန်မြူနစ်ဝါဒ က ကမ္ဘာကို မောင်းနှင်နေသည့်
ကာလ ဖြစ်သည်။ သို့အတွက် ကွန် မြူနစ် သဘောတရားများက ကမ္ဘာကို လွှမ်းခြုံနေသည်ဖြစ်ရာ
ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆို သည်များက လူ့လောကကောင်းကျိုး ကို ဆောင်နိုင်သည်ဟု စွဲမှတ်နေကြသည့် ကာလ ဖြစ်သည့်
အ တွက် ယင်း ဗိုလ်ချုပ်အောင်ဆန်း ကဗျာတွင် ဤသို့ပင် စာဆိုက ခေတ်အလိုက် ခေတ်အကြိုက်
စပ်ဆိုသည်ဟု ယူဆပါသည်။
.
လွတ်လပ်ရေးကို ထုဆစ်ပေးခဲ့သူ ဗိုလ်ချုပ်သည် ဒီမိုကရေ စီစနစ်ကိုလည်း
ကြိုတင် နိမိတ်ဖတ်ခဲ့ပါသည်-
.
.
ပင်လုံစာချုပ်အကြို ဗိုလ်ချုပ်အောင်ဆန်းမှ လမ်းညွှန်မှု (၇) ချက်ပါ
မိန့်ခွန်းတွင် "ဒီမိုကရေစီဝါဒ၊ ဒီမိုကရေစီတရားတွေ ခေတ်စားနေတဲ့ ဒီကမ္ဘာကြီးမှာ
ဒီမိုကရေစီ သဘောထား မထား နိုင်တဲ့ နယ်ဟာ အနှေးနဲ့ အမြန် အဲဒီနယ်မှာရှိတဲ့လူတွေ နိုးကြား
ထကြွလာပြီး ဒီလို ကမ္ဘာကြီး ရဲ့ သဘောတရားတွေနဲ့ ပြည့်နှက် နေတဲ့ ခေတ် သဘောတရား တွေနှင့်
ဆန့်ကျင်ဘက် သဘောတ ရားတွေကို တွန်းလှန်ပစ်ကြမှာပဲဆိုတာ ကျွန်တော် နိမိတ် ဖတ် ထားချင်တယ်"ဟု
ပါဝင်ခဲ့သည်ဖြစ်ရာ ဆိုရှယ်လစ်သဘော တ ရားများမှသည် တစ်ချိန်တွင် ဒီမိုကရေစီစနစ်သို့
ပြောင်းလဲရမည် ဟု ဗိုလ်ချုပ် ပြောခဲ့သည့် နိမိတ်အတိုင်း နိုင်ငံရေး၏ ဖြစ်စဉ်အရ ဒီမိုကရေစီ
စနစ်ကို သွားနေသည်မှာ ယခုခေတ်နေ မြန်မာနိုင်ငံ သားတိုင်း သိရှိနေပြီဖြစ်ရာ ဗိုလ်ချုပ်သာ
ရှိပါက ငါပြောတာ မ မှန်လားဟု ဆိုနေမည်ဟု ယုံကြည်ပါသည်။
.
ယင်း မိန့်ခွန်းမှာပင် `ကျွန်တော်တို့ အတိအလင်း ကြေညာ လိုတယ်၊
အဲဒါကတော့ လွတ်လပ်တဲ့ နိုင်ငံအဖြစ်နဲ့ ကျွန်တော်တို့ နေနိုင်အောင် ဆိုပြီးတော့ ဒီအဆိုကို
တင်သွင်းတဲ့အခါမှာ အ လင်းရောင်ထဲမှာ နေချင်ကြတဲ့ လူတွေဟာ ကျွန်တော်တို့ အဆို ကို ထောက်ခံပါ။
အလင်းရောင်ကနေ အမှောင်ထဲကို သွားချင်တဲ့ သူတွေကတော့ သဘောအတိုင်းပါပဲ ဆိုတာ ဒီအဆိုကို
တင်သွင်း ရင်း ကျွန်တော်ပြောခဲ့ပါတယ်`ဟု ဆိုခဲ့ရာ လွတ်လပ်ရေး မယူ ချင်သူများအတွက် လမ်း
ဖွင့်ပေးခဲ့ခြင်း ရှိခဲ့သည်ဟု သိရှိရသည်။
.
မြန်မာပြည်တွင် တစ်ခုတည်းသော လူတိုင်းလိုလို သီဆိုနိုင် စွမ်းရှိသည့်
သီချင်းဖြစ်သည့် နိုင်ငံတော် သီချင်းတွင် ပါဝင်သည့် ဒီမိုကရေစီ၏ အနှစ်သာရ ထောက်တိုင်များ
ဖြစ်သည့် တရားမျှ တ လွတ်လပ်ခြင်းနှင့် မသွေ ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်
တူညီမျှ ဝါဒ ဖြူစင်သည့်မြေ ဆိုသည်များကား - ဗိုလ်ချုပ် ပြော ကြားခဲ့သည့် ဒီမိုကရေစီစနစ်၏
တရားမျှတမှု၊ လွတ်လပ်မှု၊ ငြိမ်း ချမ်းရေး၊ ခွင့်တူညီမျှမှု၊ ဝါဒဖြူစင်မှုဆိုသည့် အနှစ်သာရများပင်
ဖြစ်တော့သည်။
.
ဗိုလ်ချုပ်သည် လှေနံ ထားထစ်သမား မဟုတ်သည်ကို အလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း
တည်းဖြတ်ခဲ့သည့် အထ္ထုပ္ပတ္တိစာအုပ်တွင်
.
"ယနေ့ အယူအဆနှင့် မနက်ဖြန် အယူအဆမှာ တူချင်မှတူ ပေမည်၊ အမှန်ကား
လူတစ်ဦး၏ တစ်ဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့ရသောအခါ ထိုသူသည်
သ မာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ် မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား
ဖောက်လွှဲဖောက်ပြန်ဖြစ်ခြင်း ပေတည်း။ ဝါဒပြောင်းလဲမှုမှာ ဉာဏ်အမြင်၏ ပြောင်းလဲမှုကြောင့်
သမာဓိ မတည်ခြင်း မဟုတ်ပေ ၊ တစ်နည်း တိုးတက်ခြင်းပေ တည်း" ဟု ဗိုလ်ချုပ် ကျောင်းသားဘဝ ဖော်ပြမှု ဆောင်းပါးတွင်
လေ့လာမိသည်။
.
၄င်း တည်ထောင်ခဲ့သည့် စစ်တပ်၏ လက်ရှိ အခြေအနေအ ပေါ်တွင်ရော သူမည်သို့
ပြောမည်နည်း-
ပြည်တွင်းစစ် တိုက်ပွဲများအပေါ် စစ်သားစစ်စစ်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း
မည်သို့ မြွက်မှာပါလိမ့် -
စစ်တပ် နှင့် ပတ်သက်၍ သူပြောခဲ့သည့် အရှင်းဆုံးစကား မိန့်ခွန်းရှိပါသည်-
.
၁၉၄၄ ခုနှစ်၊ မတ်လ ၁၅ ရက် ဗမာ့ခေတ်သတင်းစာတွင် ဖော်ပြပါရှိသည့်
၁၃၀၄-၀၅ ဗမာ့တပ်မတော် စစ်ကျောင်းဗိုလ် သင်တန်းကျောင်း ဆင်းပွဲ မတ် ၁၃ ရက်တွင် ၄င်းပြောကြားခဲ့
သည့် " ငါတို့ စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး
တန်ခိုးပြဖို့ မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အ စေခံ ဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ
မဖြစ်ရဘူး၊ ဒါက စကား ရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ၊ ဒီစကား ကျုပ် ပြောတာဟာ
စစ်တပ်ကို ပြန် နှိမ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး"
" ငါတို့ စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အ စေခံ ဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး၊ ဒါက စကား ရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ၊ ဒီစကား ကျုပ် ပြောတာဟာ စစ်တပ်ကို ပြန် နှိမ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး"
.
"နောက်ဆုံး တစ်ခု မှာချင်တာက ငါတို့သာ နိုင်ငံကို ချစ် တယ်ဆိုတဲ့
စိတ်ဓာတ် မထားကြဖို့ဘဲ၊ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒိပြင် နိုင်ငံတွေမှာ ဖြစ်ဖြစ် စစ်သားတွေချည်း
နိုင်ငံချစ်တဲ့လူ ရှိကြတာ မဟုတ်ဘူး၊ တခြား စစ်သား မဟုတ်ကြပေမယ့် နိုင်ငံအတွက်အ မျိုးမျိုး
အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ ၊ အဲဒါကြောင့် စစ်သားမှ
စစ်သားဆိုတဲ့ စိတ်ဓာတ် သ ဘောထားကို ပြင်ကြရမယ်" ဟု ပါရှိရာ တပ်မတော်ဆိုသည့် စ
ကား ၃ လုံး မိန့်ခွန်းပါ အချက်ကို ထုတ်နုတ်တင်ပြလိုရင်း ဖြစ် သည်။
.
အဆိုပါ မိန့်ခွန်းမှာပင် လူမျိုးရေးတရားကို ပြတ်ပြတ်သား သား ပြောကြားခဲ့သည်-
"ဒီနေရာမှာ လူမျိုးရေး တရားအစစ်ကို ပြောပြချင်တယ်၊ လူမျိုးရေးတရားဆိုတာ
ဘာလဲ ၊ ကိုယ့်အမျိုးသာချစ်ပြီး ဒိပြင် လူမျိုးတွေကို မုန်းတာဟာ လူမျိုးရေး တရားပဲလား၊
မဟုတ် ဘူး ၊ ကိုယ့်အမျိုးချစ်ရုံနဲ့ ဒိပြင် လူမျိုးကိုလဲ မုန်းဖို့မလိုဘူး။ သို့ သော်လည်း
ကိုယ့်အမျိုးအကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ်၊ အပြင်ကလူ ဖြစ်ဖြစ်
တိုက်ခိုက် နှိမ်နှင်း ရမှာပေါ့ ၊ ဒါက ငါတို့အမျိုးရဲ့ ရန်သူအဖြစ်သာ နှိမ်နင်းခြင်းဖြစ်
တယ် ၊ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းခြင်း မဟုတ် ဘူး ၊ ရာဇဝင်ကို ကြည့်ရင်
ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်း တိုက်တဲ့အခါ တိုက်ကြမှာပေါ့ ၊ ဒါပေမဲ့ တခြား လူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့
ထင်တာ တထစ်ချမှားတယ် ၊ ကျုပ် တို့ဟာ မဆိုင်တဲ့ဟာ အခြားလူမျိုးတွေကို မုန်းဖို့မလိုဘူး၊
ကျုပ် တို့နိုင်ငံ အတွင်းမှာလည်း တိုင်းရင်းသား အချင်းချင်း၊ ဗမာပဲ၊ ရှမ်းပဲ၊ ကရင်ပဲ၊
ချင်းပဲ စသည်ဖြင့် ခွဲစရာ မလိုဘူး" ဟု ပါရှိခဲ့ သည်။
.
၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနောက်မုခ်၌
လူထုတစ်သိန်းကျော် တက်ရောက် ခဲ့စဉ် ပြောကြားခဲ့သည့် မိန့်ခွန်း(အောက်တိုဘာ ၂၂ ရက်၊
ည ၇ နာရီ ၁၅ မိနစ်တွင် အသံလွှင့်ရုံမှ`ကွန်မြူနစ်တွေ`ခေါင်းစဉ် ဖြင့် ထပ်မံ အသံလွှင့်ခဲ့သည်)တွင်
.
ဗိုလ်ချုပ်အောင်ဆန်းမှ ဝန်ကြီးရာထူးနှင့် ပတ်သက်၍ ပြော ကြားရာတွင်-
.
"ယခု ဝန်ကြီးဖြစ်ရပေမယ့် ကျွန်တော့်မှာ ဘာမှ ထူးခြားခြင်း
မရှိပါဘူး၊ ဂျပန်ခေတ် တခေတ်လုံးကလည်း စစ်ဝန်ကြီးဆိုပြီး
ကျွန်တော့်မှာ အဝတ်၂ ထည် ၃ ထည်က လွဲပြီး အပို မရှိပါဘူး၊ ယ ခုခေတ် ရောက်ပြန်တော့ ဒါတွေကို ဝတ်နေရတာပဲ ။ ယခုဝတ်
နေတဲ့ ဘောင်းဘီနဲ့ အင်္ကျီတောင် ယခု ဝန်ကြီးရာထူးကို ဝင်ယူပြီး မှ မိတ်ဆွေတွေက ကြည့်မကောင်းလို့
အတင်းချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်၊ ယခု ဝန်ကြီးအဖြစ်နဲ့ လခ ဘယ် လောက်ယူမယ်ဆိုတာ
ဖဆပလ က ဆုံးဖြတ် မပေးသေးဘူး၊ ဘယ်လောက်ပဲ ဆုံးဖြတ် ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံ လောက်က
ပိုမှာ မဟုတ်ဘူး"ဟု ပြောခဲ့သည်။
.
"အတိုချုပ် ဆိုရမယ်ဆိုရင် ကျုပ် ဘယ်လိုလူလဲ၊ မိန်းမရေး မှာ
ရှုပ်ထွေးသလား၊ တခြားလုပ်ဖော်ကိုင်ဖက်တွေကို
ချောက် တွန်းခဲ့သလား၊ အစရှိတဲ့ ဒီလိုကိစ္စတွေကို
လူထုရဲ့ရှေ့မှာ တစ် ကယ် အစစ်ဆေးခံရန် အသင့်ရှိတယ်"ဟု ဆိုကြောင်း ပါရှိသည် ကို
ထုတ်နုတ် တင်ပြ လိုပါသည်။
"အတိုချုပ် ဆိုရမယ်ဆိုရင် ကျုပ် ဘယ်လိုလူလဲ၊ မိန်းမရေး မှာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖော်ကိုင်ဖက်တွေကို ချောက် တွန်းခဲ့သလား၊ အစရှိတဲ့ ဒီလိုကိစ္စတွေကို လူထုရဲ့ရှေ့မှာ တစ် ကယ် အစစ်ဆေးခံရန် အသင့်ရှိတယ်"ဟု ဆိုကြောင်း ပါရှိသည် ကို ထုတ်နုတ် တင်ပြ လိုပါသည်။
.
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည် လွတ်လပ်ရေးကို တည်ဆောက်ပေးခဲ့သူ
ဒီမိုကရေစီကို နိမိတ်ဖတ်ပေးခဲ့သူ သူသာ ရှိမည်ဆိုသည့် အယူအဆကို ယခု နိုင်ငံရေး နယ်ပယ်မှ
အချို့ သော လက်လှမ်းမီသူများ၏ အမြင်ကို စုစည်းတင်ပြလိုပါသည်။
.
အိုးဘိုထောင် သီတင်းသုံးဖော် နိုင်ကျဉ်းဟောင်း ရန်ကုန် တက္ကသိုလ်
မြန်မာစာဌာနမှ ဆရာဦးဌေးသိန်း(စာရေးဆရာ နောင်ကျော်)က ဗိုလ်ချုပ် အောင်ဆန်းသာ ရှိခဲ့လျှင်ဆိုသည့်
အ ပေါ် ဒီလို မြင်သည်ဟု ဆိုသည်။
.
"အခြေခံက ၁၉၄၇ ဖွဲ့စည်းပုံပဲ သူသာ ရှိခဲ့ရင် သူပေးခဲ့တဲ့
ပင်လုံ ကတိကဝတ်တွေကို တည်မယ့် လူစားဖြစ်လို့ ၁၉၄၇ ဖွဲ့ စည်းပုံ ပြည့်စုံခဲ့ရင် ကျန်
ပြဿနာကြီးတွေ ပေါ်ပေါက်စရာ မရှိ ဘူးလို့ မြင်တယ်"ဟု ပြောသည်။
.
အလားတူ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သူ လက်ရှိ ရှမ်းပြည်နယ်
အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာ ထွန်းလှိုင်က ဗိုလ်ချုပ်အောင်ဆန်းသာ
ရှိခဲ့မယ်ဆို တဲ့ အမြင်အပေါ် "ဗိုလ်ချုပ်ကို ပထမဆုံး သမ္မတကြီး စဝ်ရွှေ သိုက်ကအစ
ယုံကြည်ရသူလို့ သိရတယ်၊ သူ့ကို ဗမာလို့ကို မ မြင်သလို အားလုံးအတူတူလို့မြင်ကြတယ်၊ သူသာဆိုရင်
ပြည် ထောင်စု စိတ်ဓာတ် အစစ်ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်၊ ဗိုလ်ချုပ်သာ ရှိမယ်ဆိုရင်
ပြောင်ပြောတတ်ပြီး ကတိတည်တဲ့သူ ဖြစ်လို့ ယုံကြည်မှုက အဓိကဖြစ်လို့ သူပြောတာကို ယုံတယ်၊
သူ့ ကတိကိုလည်း ယုံတယ်" ဟု ပြောဆိုသည်။
.
"သူက ၂၁ နှစ်ကနေ ၃၂ နှစ် ၁၁ နှစ်အတွင်းမှာ တက္ကသိုလ် ကျောင်းသား၊
နိုင်ငံရေးသမား၊ စစ်သား ဘဝတွေနဲ့ တိုင်းပြည် အတွက် လုပ်ခဲ့တာ ၊ ပင်လုံစာချုပ် ချုပ်ခဲ့တာ၊
လွတ်လပ်ရေးကို ရအောင် တည်ဆောက်ခဲ့တာ၊ ခု ကျွန်တော်တို့ လက်ထက်မှာ နှစ် ပေါင်း မြောက်များစွာ
ခံစားခဲ့ရတာတွေ သူသာရှိရင် မခံစားရ ဘူးလို့ ယုံကြည်တယ်ဗျာ၊ သူမရှိပေမယ့် သူ့မျိုးဆက်
(အမေ) ကြောင့် ဒီမိုကရေစီ လင်းရောင်ခြည်လေး သန်းလာနေပါပြီ၊ ပေးဆပ်သူတွေရဲ့ ရဲရင့်တဲ့
နှလုံးသားတွေပေါ့ဗျာ။" ဟု လက်ရှိ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
နိုင်ငံရေး အကျဉ်း သားဟောင်း ဦးနေမျိုးက ပြောသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် မိုးနဲ မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော် တိုင် ကြားစာများ စိစစ်ရေး ကော်မတီ ဥက္ကဌဖြစ်သူ ဦးစိုင်းမျိုးမြင့်က
လည်း"သူသာရှိရင် သူချမှတ်ခဲ့တဲ့ ကိစ္စရပ်တွေအတိုင်း လုပ်မှာ သေချာတယ်၊ နောက်ကျန်ခဲ့တဲ့
ပရမ်းပတာ လုပ်သူတွေကြောင့် ခုလို ဖြစ်နေတာလို့ မြင်တယ်၊ ခု သူ့သမီးလည်း စိတ်စေတနာ ကောင်းပေမယ့်
တခြားလူ အချို့ကတော့ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးချင်နေတုန်းလို့ မြင်တယ်"ဟု ဆိုသည်။
.
ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့် ဌေး
(ခေါ်) ဘယ်ကျော်ကမူ " သူက တိုင်းပြည်ရဲ့ အမျိုးသားခေါင်း ဆောင်အနေနဲ့ တစ်တိုင်းပြည်လုံးကို
ထိန်းချုပ်နိုင်စွမ်း ရှိတယ်၊ ဦးဆောင်နိုင်စွမ်း ရှိတယ်၊ မှန်တာကို မှန်ကြောင်း မမှန်တာကို
မမှန်ကြောင်း ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်စွမ်း ရှိတယ်၊ စစ်ဗိုလ်ချုပ် တစ်ယောက်အနေနဲ့လည်း
တပ်မတော်ကို ကောင်း ကောင်း ထိန်းချုပ်နိုင်ခဲ့တယ်၊ ဒါကြောင့်မို့ သူသာ ရှိခဲ့ရင် တိုင်းပြည်ဟာ
ပြည်တွင်းမှာရော ပြည်ပမှာရော တိုးတက် ဖွံ့ ဖြိုးနေမယ် ဆိုတာ ရဲရဲဝံ့ဝံ့ ယုံကြည်တယ်"
ဟု ပြောသည်။
.
သမ္မတနိုင်ငံ၌ ကျင့်ဝတ်သိက္ခာ လို၏
သက်ဦးဆံပိုင်နိုင်ငံ၌ အလေးအမြတ် ပြုခြင်း လို၏ ။
မင်းဆိုးမင်းညစ်နိုင်ငံ၌ အကြောက်တရား လို၏
"မွန်တက်စ်ကျု"
.
ကိုးကား
- ဗိုလ်ချုပ်အောင်ဆန်း
မိန့်ခွန်းပေါင်းချုပ်
- ဗိုလ်ချုပ်အောင်ဆန်း
အတ္ထုပ္ပတ္တိ
- ပင်လုံကတိကဝတ်များ
- ဒီမိုကရေစီအခြေခံသဘောတရားများ
No comments:
Post a Comment